News

POST TYPE

INTERVIEW

စည်ပင်ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ်သီးပုဂ္ဂလယှဉ်ပြိုင်မည့် ဦးနေမျိုးအောင်ကိုကိုနှင့် တွေ့ဆုံခြင်း
26-Feb-2019
“ချမှတ်ထားတဲ့ ဘတ်ဂျက်အခြေအနေပေါ်မူတည်ပြီး လုပ်နိုင်တဲ့အနေအထားရှိတဲ့ လုပ်ငန်းတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ရမယ်”



လာမည့် မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည် ပင်သာယာဥက္ကဋ္ဌအနေနဲ့ဝင်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ။ 
UNMAKK :  အစ်ကို ဝင်ရောက်အရွေးချယ်ခံမှာကတော့ စမ်းချောင်းမြို့နယ်စည်ပင်သာယာဥက္ကဋ္ဌနေရာကနေ ဝင်ရောက်အရွေးချယ်ခံမှာပါ။ အစ်ကိုက ပြည်သူတစ်ယောက်ပါ။ နှစ်ပေါင်းများစွာ ပြည်သူတစ်ယောက်အနေနဲ့ အခက်အခဲရှိလာတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာ အစ်ကိုက ပြည်သူတွေအနေနဲ့ တင်ပြတဲ့အခါ သူတို့လုပ်တဲ့ လုပ်ဆောင်ချက်တွေက ပြည်သူတွေအတွက် ကျေနပ်လောက်တဲ့အနေအထား မဖြစ်လာဘူး။ အချို့ကိစ္စတွေက တင်ပြပေမယ့်လည်း အရေးယူဆောင်ရွက်တာတွေမရှိဘူး။ ပြည်သူတစ်ယောက်အနေနဲ့ သူတို့ဆောင်ရွက်တဲ့အခါ လိုအပ်ချက်တွေ ရှိလာနိုင်တယ်။ ဥပဒေနဲ့ကျောင်းပြီးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ၂၀၁၈ မှာ ပြောင်းသွားတဲ့ စည်ပင်ဥပဒေကို လေ့လာတယ်။ ကိုယ်မြို့နယ်မှာရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စည်ပင်လုပ်ငန်းတွေ လိုအပ်ချက်ရှိတဲ့နေရာတွေမှာ ဝိုင်းပြီးတော့ ပြည်သူပြည်သားတစ်ယောက်နဲ့ ကိုယ်နိုင်တဲ့နေရာကနေ ကူညီချင်တဲ့ဆန္ဒရှိလို့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ဖြစ်တာပါ။

Voice : ဒုတိယမြို့တော်ဝန်ကို ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရက ခန့်အပ်ထားတဲ့ ကော်မတီဝင်ငါးဦးက မဲခွဲဆုံးဖြတ်ရွေးချယ်မယ်လို့ သိရပါတယ်။ ဒုတိယမြို့တော်ဝန်က ပြည်သူတွေရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင် ခြောက်ဦးထဲက ဖြစ်လာနိုင်ဖွယ်ရှိလားခင်ဗျ။
UNMAKK :  အခုရွေးချယ်ခံလိုက်ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းနဲ့လည်း ဆိုင်ပါတယ်။ ဒီ ၁၁ ဦးက သူတို့ တစ်ယောက်ချင်းရဲ့ စေတနာ ကိုယ့်တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာနဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ် ဦးဆောင်နိုင်မယ့်သူက တကယ်တမ်း ၁၁ မြို့နယ်အတွေ့အကြုံရှိတဲ့ လူဆိုရင်တော့ ကျွန်တော်တို့ ပိုပြီးတော့ ကြိုဆိုရမှာပေါ့။ အဲဒါတော့ ကျွန်တော်တို့လည်း မျှော်လင့်နေပါတယ်။

Voice : ဒီနှစ်မှာ စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေလည်း ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UNMAKK :  ကျွန်တော်က လူမှုရေးလောကက ဖြတ်သန်းလာတဲ့လူဆိုတော့ အမြင်အားဖြင့်လည်း နိုင်ငံရေးအသွင်သဏ္ဌာန်နဲ့ မြင်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ ပုံရိပ်၊ သူတို့ရဲ့ Image ကတစ်မျိုး၊ ကျွန်တော်တို့က လူမှုအကျိုးပြုမယ့် ပြည်သူကြားထဲမှာပဲ အမြဲတမ်းရှိနေမယ့်သူတွေဖြစ်တော့ ကျွန်တော်တို့ကြိုးစားမှုက သူတို့ထက်ပိုပြီးတော့ အားထုတ်ပြီး ကြိုးစားရမှာပေါ့။ ပြည်သူကိုကိုယ့်စားပြုတယ်။ ပြည်သူထဲက လူမှုရေးသမားတစ်ယောက်ဖြစ်တယ်။ သူတို့လည်း ပြည်သူထဲက နိုင်ငံကောင်းဖို့အတွက် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူတို့ဝင်ပြိုင်တာ ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော်တို့ တတ်စွမ်းသလောက် အားလုံးကြိုးစားပြီးတော့ တိုင်းပြည်အတွက် လုပ်ကြမှာပဲ။ ရပ်ရွာအတွက် လုပ်ကြမှာပဲ။ ဘာမှခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်အချက်တွေ အဓိကထားဆောင်ရွက်ပေးဖို့ရှိလဲ။
UNMAKK :  ကျွန်တော်က လူမှုရေးအနေနဲ့ မြို့နယ်ကြက်ခြေနီမှာ တပ်ခွဲမှူးပေါ့။ အစ်ကိုလုပ်လာတာ ၁၆ နှစ်သားတည်းကလုပ်လာတာ အခုအသက် ၄၀ ဆိုတော့ ၂၄ နှစ်လောက် လူမှုရေးလောကမှာ ဖြတ်သန်းလာတဲ့ အတွေ့အကြုံရှိပါတယ်။ အရင်အစိုးရတွေ အပြောင်းအလဲဖြစ်သွားတိုင်းမှာ သူတို့ရဲ့ပေါ်လစီတွေနဲ့ သူတို့ရဲ့ စည်ပင်နဲ့ သန့်ရှင်းရေး ကိုယ့်မြို့နယ်အတွက်လုပ်တဲ့နေရာမှာ အပြောင်းအလဲလေးတွေ ဖြစ်သွားတာရှိတယ်ပေါ့။ စည်ပင်အနေနဲ့ ဥပဒေအသွင်ပြောင်းကာလမှာ အစ်ကိုတို့မြို့နယ်ကို လုပ်ပေးချင်တဲ့လုပ်ငန်းတွေကတော့ အများကြီးပါ။ အဓိကကတော့ လမ်းသွားလာတဲ့နေရာမှာ ယာဉ်လမ်းကြောအကျပ်အတည်းတွေ ဖြေရှင်းဖို့လိုအပ်တယ်။ နောက်ပြီး အမှိုက်ကျုံးတဲ့စနစ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရပ်ကွက်ထဲမှာ မအူပင်လမ်းဆို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လမ်းသားတွေ၊ အသင်းအဖွဲ့တွေက ပူးပေါင်းပြီး အမှိုက်ရှင်းတာ လုပ်သလိုမျိုး ဒီလိုမျိုးမြို့နယ်မှာ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်တာတွေကို အစ်ကိုတို့အနေနဲ့ အားပေးသွားမယ်။ ဒီလိုမျိုး လမ်းတိုင်းလမ်းတိုင်းမှာ ဖြစ်လာမယ်ဆိုရင် ကိုယ့်အိမ်တွင်းအမှိုက်ကို ကိုယ်ရှင်းနိုင်ပေမယ့် လမ်းထဲမှာ တစ်ပတ်တစ်ခါမှာပဲဖြစ်ဖြစ် ပြည်သူအားနဲ့ စုပေါင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေ များများဖြစ်လာချင်တယ်။ စမ်းချောင်းက ဘာဝနာလမ်းမှာဆိုရင် လမ်းထဲမှာ အလွယ်တကူအမှိုက်ပစ်လို့ရမယ့် ပုံးလေးတွေ ချထားတဲ့အတွက် အစ်ကိုတို့အနေနဲ့ ဒီလို အစဉ်အလာကောင်းတွေကို ဆက်လက်ပြီး ဆောင်ရွက်ပေးချင်တယ်။ ပြည်သူတွေကို အသိပညာပေးတဲ့အပိုင်းတွေရော လုပ်မယ်ဆိုရင် အမှိုက်ကိစ္စက အဆင်ပြေသွားမှာပါ။ စမ်းချောင်းမှာ ရေမြောင်းတွေပိတ်တဲ့အတွက် ရေကြီးရေလျှံတာတွေဖြစ်တယ်။ ကျောင်းသွားတဲ့ကလေးတွေဆို ပုဆိုးမ၊ ထဘီမသွားတာ မသင့်တော်ဘူးပေါ့။ သူ့ခေတ်သူ့ကာလနဲ့ကိုက်ညီအောင် ရေမြောင်းကွန်ရက်ကိုလည်း ကောင်းအောင်ဆောင်ရွက်သွားဖို့ ရှိပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။
UNMAKK :  ကျွန်တော်ရတဲ့ ၂ နှစ်ဆိုတဲ့အတိုင်း အတာမှာ အဓိက ဘယ်လုပ်ငန်းလုပ်လုပ် ဘတ်ဂျက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ စမ်းချောင်းမြို့နယ်အတွက် ချမှတ်ထားတဲ့ ဘတ်ဂျက်အခြေအနေပေါ်မူတည်ပြီး လုပ်နိုင်တဲ့အနေအထားရှိတဲ့ လုပ်ငန်းတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ရမယ်။ အဓိက ပြည်သူနဲ့တွဲပြီးလုပ်လို့ရတဲ့ လုပ်ငန်းပိုင်းတွေကို ကျွန်တော်တို့က မက်ဆေ့ချ်ပေးမယ်။ သူတို့ကို ပတ်ဝန်းကျင်မှာ ဘယ်လိုမျိုးဆောင်ရွက်သွားမလဲဆိုတာ အသိပညာပေးဟောပြောပွဲတွေလုပ်မယ်။ မြင်သာထင်သာတဲ့နေရာမှာ အသိပညာပေးဆိုင်းဘုတ်တွေထောင်ပြီး ပြည်သူတွေကိုဆွဲခေါ်ပြီး ဆောင်ရွက်သွားမယ့်ကိစ္စရှိသလို စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြီး မြို့နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ Plan ဆွဲထားတဲ့ကိစ္စတွေကို ၂ နှစ်အတွင်းမှာ ရတဲ့အချိန်မှာ ရသလိုကြိုးစားဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာနေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်သလဲ။
UNMAKK :  ကျွန်တော်တို့ နှစ်ပေါင်းများစွာ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့သူတွေအပေါ်မှာ ပြည်သူတွေရဲ့ ခံစားချက်က ဘာဖြစ်နေလဲဆိုတော့ မပြောရဲ၊ မဆိုရဲဖြစ်နေတယ်။ ပြောလို့ရှိရင်လည်း သူတို့တွေက မသိချင်ယောင်ဆောင်တာနဲ့ မလုပ်ချင်တာနဲ့ သူတို့လုပ်ချင်ရာ လုပ်တဲ့အနေအထားကနေ ကျွန်တော်တို့က ကျော်ဖြတ်လာခဲ့ပြီ။ အခုအချိန်မှာ ပြည်သူကို ဗဟိုပြုတဲ့စီမံခန့်ခွဲမှုစနစ်နဲ့ ဥပဒေတစ်ခု ပေါ်လာပြီ။ ပြည်သူတွေအနေနဲ့ ဘယ်နေရာက ပါဝင်လို့ရပြီလဲ။ ပြည်သူတွေအနေနဲ့ ပြည်သူ့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရွေးချယ်ခြင်းအားဖြင့် ပြည်သူ တွေရဲ့ဆန္ဒတွေ၊ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည့်ပြည့်ဝဝနဲ့ဖြစ်လာအောင် ပြည်သူအားလုံးက ကိုယ်စီကိုယ်င မဲပေးနိုင်တဲ့အတွက် ဖြစ်စေချင်တဲ့ လိုအပ်ချက်တွေ အများကြီး ဖြည့်ဆည်းပေးနိုင်မယ်။ ဒါကြောင့် ပြည်သူအားလုံးက မဲပေးသင့်ပါတယ်။

Voice : ယခုလက်ရှိမှာ စည်ပင်ဥပဒေအသစ် ထုတ်ပြန်ထားပြီးပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာ ဘာပြောချင်သလဲ။
UNMAKK :  ၂၀၁၃ ခုနှစ်မှာ လွှတ်တော်ပေါ်လာတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေဆိုတာ ပေါ်လာတယ်။ ဒုတိယအကြိမ် လွှတ်တော်မှာကျ ဖွဲ့စည်းပုံအားဖြင့် ပြောင်းလဲသွားတဲ့ဥပဒေ ပေါ်လာချိန်မှာ ကျွန်တော်တို့တင်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီးတော့ တကယ်တတ်သိတဲ့ ပညာရှင်တွေအများကြီးက ရေးဆွဲထားတဲ့ ဥပဒေဖြစ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်မြို့ ကြီးကို သန့်ရှင်းသာယာလှပ ကောင်းမွန်အောင် စေတနာအလျောက် ရေးဆွဲထားတဲ့အပေါ်မှာ အရင်တုန်းက အားနည်းချက်ရှိတယ်။ ဘယ်လိုအရေးယူဆောင်ရွက်လဲဆိုတော့ ဒဏ်ငွေလောက်နဲ့ပြီးတယ်။ ဘာလဲဆိုတော့ ပိုက်ဆံတတ်နိုင်တဲ့သူက ပိုက်ဆံပေးဖြေရှင်းလိုက်တဲ့ စနစ်ထက်စာရင် ပြည်သူတွေကိုယ်တိုင် စည်းကမ်းတကျနဲ့ လိုက်နာနိုင်အောင် ရေးဆွဲထားတာဖြစ်တယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း သိရှိပြီး လိုက်နာဖို့လိုတယ်။ လိုက်နာမှုမရှိဘဲနဲ့ မိမိရဲ့အကျိုးစီးပွားအတွက် ဆက်လက်ကျူး လွန်နေလို့ရှိရင် သူဌေးကြီးပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ် အဓိက သူတို့ဘဝတွေ ပြန်လည်ပြီးကောင်း မွန်လာဖို့ အများနဲ့တွက်ကြည့်ရင် ဥပဒေအရဆောင် ရွက်သွားရမယ့်ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော် တစ်ခု စဉ်းစားတာက ဘယ်ဥပဒေမှာမဆို အားလုံး ပြည့်စုံတယ်ဆိုတာ မရှိနိုင်ဘူး။ ခြွင်းချက်ဆိုတာရှိတယ်။ ဥပဒေအတိုင်းဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေလည်း ထိခိုက်နစ်နာတာ နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့ ဥပဒေအတိုင်းလုပ်တယ်၊ ဒဏ်ရိုက်တယ်။ လိုအပ်ရင် ထောင်ချတာအထိ ဥပဒေတွေက နည်းနည်း ပြင်းပြင်းထန်ထန်လုပ်ထားတော့ ဒီအတိုင်းသာဆိုရင် ထိခိုက်နစ်နာမှုတွေလည်း ရှိသွားနိုင်တယ်။ ထိခိုက်နစ်နာမှု နည်းနိုင်သမျှနည်းအောင် ကိုယ့်ပြည်သူတွေက စည်းကမ်းတကျ လိုက်နာသွားမယ်ဆိုရင် ဒီဥပဒေအခြေအနေက ကျွန်တော်တို့ ရန်ကုန်မြို့ကြီးအတွက် ပိုပြီးတော့လိုက်ဖက်တဲ့ ဥပဒေတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

သက်သျှိုင်းသူ