News

POST TYPE

INTERVIEW

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ဝင်ပြိုင်မည့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးမျိုးသော်နှင့်တွေ့ဆုံခြင်း
25-Feb-2019
လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးမျိုးသော်သည် 1st Milky Way Group of Companies ၏ ဥက္ကဋ္ဌတာဝန်ယူထားပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ် သာမက အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတစ်ဦးလည်းဖြစ်ကာ ရန်ကုန်တိုင်း အမျိုးသားကာယဗလအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်ကြော်ငြာ လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်။

အယ်ဒီတာ


Voice : ခုလာမယ့်စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်တစ်နေရာအတွက် ဝင်ပြိုင်မယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။ ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကရော။
UMT : ကျွန်တော်က အမှတ် ၄ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော် ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်က ရန်ကုန်မြို့တော် နေပြည်သူတွေ ဖြစ်ချင်နေတဲ့ဆန္ဒနဲ့ အရေးကြီးတဲ့ လိုအပ်ချက်တွေကို ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တတ်စွမ်းသမျှ ဖြည့်ဆည်းပေးချင်လို့ ဖြည့်ဆည်းပေးနိုင်တဲ့သူ Authorize Person တစ်ယောက်ဖြစ်လာနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

Voice : ဒုတိယမြို့တော်ဝန်ကို ပြည်သူ့ကရွေးချယ် တင်မြှောက်တဲ့ ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရက ခန့်အပ်ထားတဲ့ ကော်မတီဝင်ငါးဦးက မဲခွဲဆုံးဖြတ် ရွေးချယ်မယ်လို့ သိရပါတယ်။ ဆိုတော့ ဒုတိယမြို့တော်ဝန်က ပြည်သူရွေးချယ်တင်မြှောက်လိုက်တဲ့ ကော်မတီဝင်ခြောက်ဦးထဲက ဖြစ်လာနိုင်ဖွယ်ရှိလား။
UMT : ဒုတိယမြို့တော်ဝန်ကို ပြည်သူတွေက တင်မြှောက်တဲ့ကော်မတီဝင် ခြောက်ဦးထဲကမှ တစ်ဦးကို ရွေးချယ်ပေးရမှာပါ။ အဲဒါကြောင့် အစိုးရက တိုက်ရိုက်ခန့်တဲ့ ကော်မတီဝင်ငါးဦး အပါအဝင် ကော်မတီဝင် ၁၁ ဦးစလုံးက မဲပေးပြီး ဒုတိယမြို့တော်ဝန်ကို ပြည်သူကရွေးချယ်တဲ့ ကော်မတီဝင်ခြောက်ဦးထဲကပဲ ခန့်ရမှာပါ။

Voice : ဒီနှစ် စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UMT : နိုင်ငံရေးပါတီတွေကလည်း သူ့နည်းသူ့ဟန်နဲ့ စည်းရုံးယှဉ်ပြိုင်ကြမှာပါ။ ကျွန်တော်တို့လို တစ်သီးပုဂ္ဂလတွေကလည်း ကိုယ့်နည်းလမ်းနဲ့ ကိုယ့်ပြည်သူတွေကို မိမိအရည်အချင်းနဲ့ စေတနာမှန်ကိုချပြပြီး စည်းရုံးကြမှာဆိုတော့ စိန်ခေါ်မှု အခက်အခဲရှိတယ်လို့ မမြင်ပါဘူးဗျာ။



Voice : အကယ်၍ စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရရင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်အချက်တွေ အဓိကထား ဆောင်ရွက်ပေးဖို့ရှိမလဲ။


UMT : မြို့တော်နေ ပြည်သူအတွက် ပိုမိုအကျိုးပြုစေနိုင်မယ့် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တွေ ဖြစ်လာစေဖို့ အဓိကထား ဆောင်ရွက်သွားရမှာပါ။ ပြည်သူတွေ အဓိက လိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီး၊ လမ်းတံတား၊ သန့်ရှင်းမှု၊ ကျန်းမာရေး၊ စည်ပင်သာယာလှပရေး၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ရေးတို့အတွက် ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့ကိုယ်စားလှယ်စစ်စစ်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ အဲဒီလို လုပ်ကိုင်တဲ့နေရာမှာ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် သက်တမ်းသာရမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့်အချိန်ကာလ လုံလောက်မယ်ထင်သလား။
UMT : တကယ်တမ်း ပြောရမယ်ဆိုရင်တော့ မလုံလောက်ပါဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ အချိန်နဲ့အမျှ ရသလောက် ကြိုးစားပြီး ဆောင်ရွက်နေကြဖို့လိုမယ်လို့ ယူဆပါတယ်။ အချိန်တစ်ခု သတ်မှတ်ပြီး လုပ်မယ်ဆိုရင်တောင် ဒါဟာ အတိုင်းအတာတစ်ခုအထိပဲ လုပ်ဆောင်နိုင်မှာပါ။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့် မဲပေးသင့်သလဲ။


UMT : အခုရွေးကောက်ပွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ရန်ကုန်မြို့တော်မှာ နေထိုင်တဲ့သူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးသာယာရေးနဲ့ ရန်ကုန်မြို့တော်နေ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တကယ်တမ်း အားကြိုးမာန်တက် လုပ်ပေးနိုင်မယ့်သူကို ပြည်သူ့ကိုယ်စား တင်မြှောက်တာဖြစ်တဲ့အတွက် ရန်ကုန်မြို့တော်နေ ပြည်သူတိုင်း မဲပေးသင့်တယ်လို့ မြင်ပါတယ်ဗျာ။

Voice : ယခုလက်ရှိမှာ စည်ပင်ဥပဒေအသစ် ထုတ်ပြန်ထားပြီးပါပြီ။ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေ ရှိတယ်။ ဝင်ပြိုင်တဲ့သူ တစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာ ဘာပြောချင်လဲ။


UMT : စည်ပင်ဥပဒေအရ စည်းကမ်းဖောက်တဲ့သူကို ဒဏ်ကြေးရိုက်တာတွေ၊ လုပ်ငန်းလိုင်စင် မှတ်ပုံတင်လက်မှတ် ဒါမှမဟုတ် ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်နဲ့ ရုပ်သိမ်းတာတွေ လုပ်ငန်းလိုင်စင်မှတ်ပုံတင်လက်မှတ် ဒါမှမဟုတ် ခွင့်ပြုမိန့်ဖျက်သိမ်းတာတွေနဲ့ အရေးယူနေတာ တွေ့ရပါတယ်။ ဥပဒေနဲ့ထိုက်သင့်တဲ့ ထိရောက်ဟန့်တားနိုင်သော ပြစ်ဒဏ်ပေးဖို့ကိုတော့ လိုအပ်ပါတယ်။

Voice : ခင်ဗျားယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာရော ဘယ်အချက်တွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လဲ။ ဘယ်လိုပြင်မလဲ။
UMT : ကျွန်တော့်မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေရဲ့ လိုလားတဲ့ဆန္ဒတွေကို အဓိကထား ဖြည့်ဆည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ။ ပြည်သူတွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရင်း ပြုပြင်ပြောင်းလဲသင့်တာတွေကိုလည်း အဓိကထား ဦးတည်လုပ်ဆောင်မှာပါ။ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာကိုတော့ အခုအချိန်မှာ တာဝန်မယူရသေးတဲ့အတွက် ပြောပြဖို့စောပါသေးတယ်။ ကျွန်တော့်အနေနဲ့ မြို့တော်နေ ပြည်သူတွေအတွက် လုပ်ပေးချင်တာတွေ များနေလို့ပါ။

Voice : လက်ရှိမှာ စည်ပင်ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုနည်းနေတာ တွေ့ရတယ်။ စည်ပင်ရွေးကောက်ပွဲကို အများပြည်သူ သိရှိလာပြီး မဲပေးတ့ ပြည်သူတွေ များလာအောင် ဘယ်လိုလုပ်သင့်တယ် ထင်သလဲ။
UMT : အခုခေတ်က သတင်းမီဒီယာခေတ်ဆိုတော့ သတင်းမီဒီယာတွေရဲ့ အကူအညီနဲ့ ပြည်သူတွေ နားလည်သိရှိလာအောင် လုပ်ပေးမယ်ဆိုရင် မဲပေးရမယ့်ပြည်သူတွေဟာ သူတို့ဆန္ဒ၊ သူတို့အကျိုးအတွက် ဆောင်ရွက်ပေးနိုင်မယ့်ကိုယ်စားလှယ်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်မဲပေးချင်လာကြမှာပါ။

သက်သျှိုင်းသူ