News

POST TYPE

INTERVIEW

စမိုင်းလ်နဲ့ တွေ့ဆုံခြင်း
21-Feb-2019


“သူ့ရင်ထဲက အစ်မကိုချစ်ပေမယ့် အပြင်မှာတော့ ထုတ်မပြတတ်ဘူး” 

သရုပ်ဆောင်စမိုင်းလ်နဲ့ တွေ့ဆုံပြီး အိမ်ထောင်သက် နှစ် ၂၀ ပြည့်တဲ့နေ့မှာ ခင်ပွန်းဖြစ်သူက Surprise လုပ်ပေးတဲ့အကြောင်း၊ ပေါင် ၂၀၀ ကျော်အထိ ဝခဲ့ပြီးတော့မှ ဝိတ်ချဖြစ်တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်တဲ့နေ့မှာ ခင်ပွန်းဖြစ်သူက နေကြာပန်း အပွင့် ၁၄၀ နဲ့Surprise လုပ်ခဲ့တယ်လို့သိရတယ်။ စမိုင်းလ်တို့နှစ်ယောက်ကြားမှာ နေကြာပန်းနဲ့ပတ်သက်ပြီး ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။
S : အဲဒါကတော့ စမိုင်းလ်က သူ့ကိုအဖြေစပေးတုန်းက နေကြာပန်းလေးကို ရှာခိုင်းတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကကျတော့ နေကြာပန်းက ရှားတယ်။ အခုခေတ်လို မဟုတ်ဘူး။ ခက်ခက်ခဲခဲရှာရမယ့် ပန်းကို စပြီးတော့ ရှာခိုင်းလိုက်တာပေါ့။ နေကြာပန်းလေးက စမိုင်းလ်တို့ နှစ်ယောက်ရဲ့ကြားမှာ အမှတ်တရလေးတစ်ခု ဖြစ်သွားတယ်။ သူက စမိုင်းလ်ကို နှစ်တိုင်း နေကြာပန်းလေးတွေပေးတယ်။ ဒီနှစ်ကျတော့ အနှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ်အနေနဲ့ နေကြာပန်းအပွင့် ၁၄၀ ပေးတာပေါ့။

Voice : ကိုယ့်ခင်ပွန်းက ကိုယ့်ကို မြတ်မြတ်နိုးနိုးချစ်ပြီး ဂရုစိုက်တဲ့အပေါ် ဘယ်လိုခံစားရလဲ။
S : သူက စမိုင်းလ်ကို အရမ်းချစ်တဲ့အတွက် ပျော်ရွှင်ရပါတယ်။ သူ Surprise လုပ်ထားမှန်းလည်း ကိုယ်က မသိရဘူး။ သူ့မျက်နှာက မှန်းလို့ မရဘူး။ လေယာဉ်ပေါ်ကနေ ဆင်းလာတော့လည်း အေးအေးဆေးဆေးပဲ။ စမိုင်းလ်ကကျတော့ “Share Is Caring” စာအုပ်အတွက် ရန်ကုန်ရော၊ မန္တလေးမှာပါ ပရိသတ်တွေနဲ့တွေ့ပြီး လက်မှတ်ထိုးပွဲတွေလုပ်ထားရတော့ အရမ်းပင်ပန်းနေပြီ။ သူက အစဉ်အလာမပျက် နေကြာပန်းလေးတွေနဲ့ Surprise လုပ်ထားတာတွေ့တော့ ပျော်ခဲ့ရတယ်။ ဝမ်းသာပြီး မျက်ရည်တွေလည်း ကျခဲ့ရပါတယ်။

Voice : ကိုပြည့်မောင်က စမိုင်းလ်အတွက်ဆို ဘယ်လိုခင်ပွန်းမျိုးဖြစ်မလဲ။
S : သူက စကားနည်းတဲ့ သူဆိုတော့ ကိုယ့်ကို အရမ်းချစ်ပေမယ့် ချစ်တယ်လို့အမြဲတမ်းပြောနေတဲ့ သူမျိုးမဟုတ်ဘူး။ ချစ်လားမေးရင်လည်း အင်းအင်းလို့ပဲ ဖြေတတ်တာ။ အဲဒီလိုယောကျာ်းမျိုးက ကိုယ့်ကို တန်ဖိုးထားပြီး ချစ်တယ်၊ Surprise လုပ်ပေးတယ်ဆိုတော့ ပိုပျော်ရပါတယ်။ သူနဲ့ ယူခါစတုန်းကဆိုရင် အပြင်သွားရင် လက်တွေ၊ ဘာတွေတောင် ကိုင်တာမဟုတ်ဘူး။ အိမ်ထောင်သက်ကြာတော့မှသာ လက်တွေ၊ ဘာတွေကိုင်တာပါ။ သူ့ရင်ထဲက အစ်မကိုချစ်ပေမယ့် အပြင်မှာတော့ ထုတ်မပြတတ်ဘူး။

Voice : စမိုင်းလ်တို့နှစ်ယောက်က ပေါင် ၂၀၀ ကျော်အထိတောင် ဝခဲ့ပြီးမှ ဝိတ်ချနိုင်ခဲ့တာနော်။ ဘယ်လိုကြိုးစားပြီး ဝိတ်ချခဲ့ရလဲ။
S : စမိုင်းလ်တို့ နှစ်ယောက် အရမ်းဝတုန်းက ကျန်းမာရေးကိုလည်း ထိခိုက်လာတယ်။ ဆီးချိုတွေ၊ ဘာတွေ ဖြစ်ချင်လာတယ်။ ကိုယ်က ပေါင် ၂၀၀ ကျော်လောက်အထိ ဝခဲ့တာဆိုတော့ ကိုပြည့်မောင်ကလည်း ပေါင် ၂၅၀၊ ၂၆၀ လောက်အထိ ဝခဲ့မှာပေါ့။ နှစ်ယောက်လုံးက လူဝကြီးတွေလို ဖြစ်နေတယ်။ စမိုင်းလ်ဆိုရင် မြန်မာအမျိုးသမီးတွေထဲမှာ အရပ်ရှည်တဲ့အထဲမှာ ပါတယ်။ သူဆိုရင်လည်း အရပ်ခြောက်ပေကျော်တယ်။ အရမ်းဝသွားတဲ့အခါကျတော့ လူကောင်အကြီးကြီးဖြစ်သွားတယ်။ ဝလာတော့ အသည်းအဆီဖုံးတာတွေ ဖြစ်တယ်။ ဆီးချိုတွေ ဖြစ်ချင်လာတယ်။ အဲဒါကြောင့် နှစ်ယောက်အတူတူ တိုင်ပင်ဆုံးဖြတ်ပြီးတော့ ဝိတ်ချခဲ့တာပါ။

Voice : ကိုယ့်အမျိုးသားကပါ ကိုယ်နဲ့အတူ ဝိတ်ချတာဆိုတော့ ပိုပြီးတော့အားရှိမှာပေါ့။
S : စမိုင်းလ် ဒီလောက်မြန်မြန် ဝိတ်ကျသွားတာကလည်း သူအများကြီး ပံ့ပိုးပေးခဲ့လို့ပါ။ စမိုင်းလ်ကကျတော့ စိတ်ပျော့တဲ့အထဲမှာ ပါတယ်။ အမှန်အတိုင်းပြောရရင် အားကစားသိပ်မလုပ်နိုင်ဘူး။ သူက ဘေးနားကနေပြီး အမြဲတမ်းအားပေးတယ်။ နှစ်ယောက်အတူ ဝိတ်ချတာဆိုတော့ အပြန်အလှန် ဖေးဖေးမမနဲ့ အားပေးကြတယ်။ အမျိုးသားရဲ့ကူညီမှုက ကိုယ့်အတွက် အများကြီးအားဖြစ်စေခဲ့ပါတယ်။ နိုင်ငံခြားမှာနေတုန်းကတော့ အဲဒီလောက်ကြီး ဝသွားလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတုန်းပဲ။ မြန်မာပြည်မှာကျတော့ အရမ်း Body Shaming လုပ်ခံရတဲ့အတွက် မခံစားနိုင်တော့တာလည်း ပါ,ပါတယ်။

Voice : ကိုယ့်ကို Body Shaming လုပ်ခံရတုန်းက ဘယ်လောက်အထိ စိတ်ထိခိုက်ခဲ့ရလဲ။
S : ဒီမှာကျတော့ Body Shaming အပြင် Cyber Bullying ပါ လုပ်ကြတယ်။ ကိုယ့်ဓာတ်ပုံလေး တစ်ပုံတင်လိုက်ရင် ဖက်တီးမကြီး၊ ဝက်မကြီးဆိုပြီး ပြောခံရတယ်။ ဒီလောက်ဝနေတာပဲ မရှက်ဘူးလားဆိုပြီး ပြောခံရတယ်။ အဲ့ဒီလိုတွေ ပြောကြတော့ ကိုယ်ကခံပြင်းပြီးတော့ ဝိတ်ကျအောင် ပိုကြိုးစားချင်စိတ်တွေ ဖြစ်လာတာပေါ့။ လူတိုင်းက မပိန်နေဘူး။ လူတိုင်းက မလှနေဘူး။ လူတိုင်းကလည်း မဝနေပါဘူး။ လူတိုင်းကလည်း ရုပ်မဆိုး နေပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဖေးဖေးမမမရှိဘဲ အပြစ်ပြောနေမယ့်အစား အချင်းချင်းကူညီရိုင်းပင်းပြီးနေကြရင် လူ့ဘဝကြီးက နေရတာပိုပြီး ပျော်ဖို့ကောင်းမှာပါ။  

သန့်ဇင်ဦး


  • VIA