News

POST TYPE

INTERVIEW

သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခြင်း
18-Feb-2019


“သင်ဇာ့ကို သဘောကျနေတဲ့ လူတစ်ယောက်တော့ ရှိနေပါတယ်” 

နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံပြီး ရေခဲတောင်မှာ သွားရိုက်ရမယ့် ဇာတ်ကားအကြောင်း၊ ထူးထူးခြားခြား သရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းအကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရေခဲတောင်မှာ မြင့်မြတ်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ရှိတယ်လို့ ကြားတယ်။ အဲဒီအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
TZWK : ကချင်တိုင်းရင်းသား ဒေါင်လွဏ်း ရိုက်မယ့် ရုပ်ရှင်ကားမှာ ကိုမြင့်မြတ်နဲ့သင်ဇာ တွဲဖက်သရုပ်ဆောင်ရမှာပါ။ တခြားသရုပ်ဆောင်တွေလည်း ပါ,ပါသေးတယ်။ ဒီကားရိုက်ဖို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပူတာအိုကို သင်ဇာသွားပါမယ်။ ပထမဆုံးကတော့ နှင်းတွေဖုံးနေတော့ ရေခဲတောင်မှာ အရင်သွားရိုက်မယ်။ ပြီးတော့မှ ပူတာအိုမြို့မှာ သွားရိုက်ရမှာပါ။ ရေခဲတောင်မှာရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေက အရေးလည်း ကြီးပါတယ်၊ နှင်းတွေ အရည်မပျော်ခင်ရိုက်ရမှာဆိုတော့ အဲဒီမှာ အရင်ရိုက်ဖြစ်တာပါ။

Voice : ရှေ့မှာလည်း ရေခဲတောင်မှာ ဇာတ်ကားတချို့ရိုက်ခဲ့ဖူးတယ်။ သင်ဇာတို့ ဇာတ်ကားကရော ဘယ်လို ပုံစံမျိုးဖြစ်မလဲ။
TZWK : ဇာတ်လမ်းကတော့ Romance နဲ့ Adventure ကို ရောထားတဲ့ ပုံစံမျိုးပါပဲ။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ခုပေါ့။ ရေခဲတောင်မှာ ရိုက်ရမှာဆိုတော့ အရမ်းလည်းအေးမှာလေ။ အဲဒီတော့ သင်ဇာ့ရဲ့အဝတ်အစားပိုင်းကလည်း လုံလုံခြုံခြုံပဲတွေ့ရမှာပါ။ ဒီကားမရိုက်ခင် သင်ဇာ ဝိတ်မကျသွားအောင်တော့ ဂရုစိုက်နေရတယ်။ ရေခဲတောင်မှာ ရိုက်တာဆိုတော့ ဖျားလို့လည်းမဖြစ်ဘူးလေ။ လူကြီးသူမတွေလည်းမပါဘူး။ ကိုယ့်မိတ်ကပ်ဆရာတွေနဲ့ပဲ သွားမှာဆိုတော့ ကိုယ့်ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ရမှာပေါ့။

Voice : ရေခဲတောင်မှာ ပထမဆုံး ဇာတ်ကားသွားရိုက်ရမှာဆိုတော့ ဘယ်လိုအတွေ့အကြုံအသစ်အဆန်းတွေရဖို့ မျှော်လင့်ထားလဲ။ ဇာတ်သိမ်းခန်းမှာ မြင့်မြတ်ကို အနွေးဓာတ်ပေးရမယ့် အခန်းပါတယ်လို့လည်း ကြားတယ်။
TZWK : ရေခဲတောင်မှာ ရိုက်ရမှာဆိုတော့ အရမ်းလည်းအေးမယ်။ နှင်းတောထဲမှာ သွားရိုက်ရမှာဆိုတော့ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ မသိနိုင်ဘူး။ ဒါပေမဲ့လည်း ဒါရိုက်တာပိုင်းနဲ့ ထုတ်လုပ်သူပိုင်းက အစစအရာရာ အဆင်ပြေအောင် စီစဉ်ထားပေးမယ်လို့ ယုံကြည်ပါတယ်။ ဇာတ်သိမ်းခန်းကလည်း ဇာတ်လမ်းအတွက် တကယ်လိုအပ်လို့ ရိုက်ရမှာပါ။ အဲဒီလိုမျိုးမလုပ်ရင် မြင့်မြတ်က အေးခဲပြီးတော့ သေတော့မှာလေ။ အဲဒီအခန်းရိုက်ဖို့အဝတ်အစားချွတ်သင့်ရင်လည်း ချွတ်ရမှာပေါ့နော်။ ဒါပေမဲ့လည်း ဆင်ဆာပေးသလောက်ပေါ့။ ကိုယ်ကတော့ အဲဒီအခန်းထက် ဒီဇာတ်ကားမှာ ဘယ်လိုအက်တင်မျိုးတွေ လုပ်ခွင့်ရမလဲဆိုတာကို ပိုပြီးစိတ်ဝင်စားပါတယ်။

Voice : တစ်လောက ချစ်သူသစ်တွေ့နေပြီဆိုတဲ့ သတင်းတွေလည်း အွန်လိုင်းမှာ တက်လာတယ်။ အချစ်ရေးကရော ထူးခြားပြီလား။
TZWK : သင်ဇာ့ကို သဘောကျနေတဲ့ လူတစ်ယောက်တော့ ရှိနေပါ တယ်။ ဒါပေမဲ့ Relationship တစ်ခု စရတဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။ အချင်းချင်း သဘောကျတဲ့ အဆင့်ပဲရှိပါသေးတယ်။ ချစ်သူများနေ့မှာ သူက ကိုယ့်အတွက် ပန်းစည်းလှမ်းပို့ပေးတော့ မထင်မှတ်ထားတဲ့အတွက် Surprise ဖြစ်သွားပါတယ်။ ကိုယ့်ဘဝအတွက်ရော၊ ကိုယ့်အပေါ်ပါ ကောင်းပေးနိုင်တဲ့ သူမျိုးဆိုရင် သင်ဇာကတော့ လက်ခံပါတယ်။ အဓိက,ကတော့ ကိုယ့်အလုပ်နဲ့ ကိုယ့်မိသားစုကိုလည်း နားလည်ပေးနိုင်ရမယ်။ မိန်းကလေးတိုင်းကတော့ ကိုယ့်အပေါ်ကို သစ္စာရှိပြီး တကယ်ချစ်တဲ့ ယောကျာ်းမျိုးကို လိုချင်တာပါပဲ။

Voice : ကိုယ့်ကို Surprise လုပ်နိုင်တဲ့ ယောကျာ်းမျိုးကို ပိုပြီးတော့ သဘောကျလား။
TZWK : သင်ဇာကတော့ ကိုယ့်ကို ပန်းစည်းပေးတာ၊ ချောကလက်ကျွေးတာလေးတစ်ခုနဲ့တင် မသာယာမိဖို့ အကြံပေးချင်ပါတယ်။ ယောကျာ်းတစ်ယောက်က Romantic ဆန်တာ၊ မဆန်တာ အဓိက မကျပါဘူး။ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူ၊ ဂရုစိုက်တဲ့သူမျိုးကိုပဲ မိန်းကလေးတိုင်းကို ရွေးချယ်စေချင်တယ်။ Romantic ဖြစ်ပေမယ့် ကိုယ့်ဘဝအတွက် မကောင်းတဲ့သူဖြစ်နေရင်တော့ မရွေးချယ်စေချင်ဘူး။ ချစ်သူများနေ့ တစ်ရက်တည်းမှာ စိတ်ချမ်းသာရတာထက်၊ တစ်ဘဝလုံးကို လုံခြုံအောင်၊ စောင့်ရှောက်ပေးနိုင်မယ့် သူမျိုးကိုပဲပိုပြီး ရွေးချယ်စေချင်တယ်။ 

Voice : အကယ်ဒမီဆုပေးပွဲကလည်း နီးလာပြီဆိုတော့ ကိုယ့်အနုပညာ မောင်နှမတွေထဲက ဘယ်သူတွေရနိုင်တယ်လို့ထင်လဲ။
TZWK : အကယ်ဒမီဆုပေးပွဲကတော့ တက်ဖြစ်မှာပါ။ ကိုယ့်အနုပညာ မောင်နှမတွေထဲကတော့ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ မအူဝဲ၊ မသက်မွန်တို့ ဇာတ်ကားတွေက အများကြီးပဲလေ။ သူတို့တွေကတော့ ဆုကိုပိုမှန်းလို့ ရတာပေါ့နော်။ မင်းသားထဲမှာတော့ ဆုရသင့်တဲ့သူတွေ အားလုံးကို ရစေချင်ပါတယ်။ အခုနောက်ပိုင်း ရုံတင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေက အရည်အသွေး ပိုကောင်းလာတဲ့အတွက်လည်း အနုပညာလောကသား တစ်ယောက်အနေနဲ့ သင်ဇာဂုဏ်ယူပါတယ်။ ဇာတ်ကားတွေအကုန်လုံးကိုလည်း သွားကြည့်ပြီး အားပေးချင်တယ်။ မအားလို့သာ သွားမကြည့်ရတာပါ။  

သန့်ဇင်ဦး


  • VIA