News

POST TYPE

INTERVIEW

စည်ပင်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ဦးမောင်မောင်ဇင် (ခ) ဂေါ်ဇီလာနှင့် တွေ့ဆုံခြင်း
18-Feb-2019



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

“မျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့ လိုပါတယ်”

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌရာထူးအတွက် ဝင်ယှဉ်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ယှဉ်ပြိုင်မှာလဲ။ 
UMMZ : အင်းစိန်မြို့နယ် စည်ပင်ဥက္ကဋ္ဌရာထူးအတွက် ဝင်ယှဉ်ပြိုင်မှာပါ။ အဓိကရည်ရွယ်ချက်က စည်ပင်သာယာဆိုတာက ပြည်သူလူထုနဲ့ အကျွမ်းတဝင်ရှိတဲ့ ဌာနတစ်ခုပါ။ မွေးဖွားရာမှ သေဆုံးသည်အထိ စည်ပင်နဲ့ပတ်သက်နေရတာ။ ပြည်သူနဲ့စည်ပင်ဌာနကြားမှာ လိုအပ်ချက်တွေက ဟနေတယ်။ ဟနေတဲ့ လိုအပ်ချက်တွေကို ဝင်ရောက်ဖြေရှင်းပေးချင်တဲ့စိတ်ဆန္ဒပါ။ အခုက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောဌာန ဖြစ်နေတယ်။ အဲဒါကြောင့် ဝင်ပြီးလုပ်ပေးချင်တယ်။ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့အတွက် အခုစည်ပင် သာယာရွေးကောက်ပွဲကို ဝင်ပြိုင်တာ။

Voice : ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရကခန့်မယ့် ကော်မတီဝင်ငါးဦးပေါင်းပြီး ဒုတိယမြို့တော်ဝန်ကို မဲခွဲရွေးချယ်မယ်ဆိုတော့ ဒုတိယမြို့တော်ဝန်က ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင်ခြောက်ဦးထဲက ဖြစ်လာနိုင်ပါ့မလား။
UMMZ : ဒုတိယမြို့တော်ဝန်က ပြည်သူရွေးတဲ့ခြောက်ဦးထဲကပဲ ဖြစ်ဖို့ရှိရမှာလေ။ အခုက လက်ရှိကော်မတီဝင် ငါးဦးက ရွေးချယ်ရတဲ့သဘောဖြစ်နေတယ်။ ဆိုတော့ ဒုတိယမြို့တော်ဝန်က ဒီကော်မတီဝင်ငါးဦးပေါ် မူတည်တယ်။ သူတို့ကြိုက်တဲ့သူကတော့ သေချာပေါက်ဖြစ်မှာပေါ့။

Voice : ဒီနှစ်မှာ စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UMMZ : ဒါကတော့ သူတို့ရဲ့ယှဉ်ပြိုင်မှုအပေါ်မှာမူ တည်ပါတယ်။ ရိုးရိုးသားသား ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက်က သိပ်အခက်အခဲမရှိပါဘူး။ ကိုယ်ပိုင်အရည်အချင်းကိုအသုံးမချဘဲ ပါတီကိုအသုံးချပြီး အဖွဲ့အစည်းနဲ့ လူအင်အားကို အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့အတွက် အခက်အခဲရှိလာနိုင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေ အဓိကထား ဆောင်ရွက်ပေးသွားဖို့ရှိလဲ။
UMMZ : ကျွန်တော်တို့မြို့နယ်တွေမှာ ဖြစ်နေတာက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ပြဿနာတစ်စုံတစ်ခု ဖြစ်လာပြီဆိုရင် မိမိလုပ်ဆောင်ရမယ့်ကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ တစ်ဖက်ကို ပုတ်ထုတ်တာမျိုး၊ နောက်ပြီးတော့ မြေနဲ့ပတ်သက်လို့ ပြဿနာဖြစ်ရင် စည်ပင်သာယာက ဖြေရှင်းမပေးဘူး။ အများပြည်သူ ပိုင်လမ်းတွေ ပိတ်ဆို့မှုဖြစ်ပွားနေတယ်။ ကားအစီးရေများတာလည်း ပါတယ်။ စည်းကမ်းမရှိတဲ့ဈေးသည်တွေပါတယ်။ အဲဒါကြောင့် လမ်းပိတ်မှုဖြစ်နေတယ်။ ဒါတွေကို အဓိကထားပြီး ရှင်းသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိုးတွင်းကြီးကျမှ ရေမြောင်း လိုက်ဆယ်တာမျိုး လုပ်တာမျိုးတွေပေါ့။ မိုးမရွာခင်ကတည်းက ရေမြောင်းတွေ မကောင်းဘူးဆိုရင် ကြိုတင်ပြီးပြင်ဆင်ထားသင့်တယ်။ ဖောက်တဲ့နေရာဖောက် လုပ်ထားသင့်တယ်။ အမှိုက်နဲ့ပတ်သက်လာရင် ရန်ကုန်မြို့မှာ အမှိုက်ဘယ်နားပစ်ရမှန်းမသိဘူး။ အမှိုက်နဲ့ပတ်သက်လို့လည်း ပြည်သူတွေကို စိတ်ဒုက္ခမရောက်စေချင်ဘူး။ ဒါတွေကို အဓိက ဖြေရှင်းသွားမှာပါ။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် သက်တမ်းပဲ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့်အချိန် ကာလ လုံလောက်မယ်ထင်သလား။ 
UMMZ : အချိန်အတိုအရှည်က ကျွန်တော်တို့အတွက် အဓိကမကျဘူး။ အဓိကတော့ဗျာ တစ်ရက်ရရင် တစ်ရက်လုပ်မယ်၊ နှစ်ရက်ရ နှစ်ရက်သိသာမှာပဲ။ ကျွန်တော်တို့က အချိန်ကာလ တိုတိုရှည်ရှည်ရတဲ့အချိန် ကာလမှာ ပြည်သူတွေ အကျိုးရှိဖို့လိုပါတယ်။




Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေ ဘာကြောင့်မဲပေးသင့်သလဲ။
UMMZ : ရွေးကောက်ပွဲတစ်ခု လုပ်တယ်ဆိုရင် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်က ပြည်သူတွေသိအောင် ကျွန်တော်တို့က စည်းရုံးရေးဝင်ရပါမယ်။ အသိပညာပေးတွေ အများကြီး လုပ်ရပါမယ်။ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း မီဒီယာတွေကတစ်ဆင့် ပြောပြရပါမယ်။ လူထုနဲ့ထိတွေ့မှု လုပ်ရမယ်။ ဒါပေမဲ့ အခုထိ သိပ်လုပ်တာမတွေ့ဘူး။ စည်ပင်သာယာရွေးကောက် ပွဲဝင်ယှဉ်ပြိုင်တဲ့သူတွေက မီဒီယာနဲ့ပူးပေါင်းပြီး အော်ဟစ်နေလို့သာ လူထုကသိတာ။ တကယ်တော့ လူထုက အတွင်းကျကျ သိပ်စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး။ အဲဒါတွေက တကယ်တမ်းကျ မဖြစ်သင့်ဘူး။

Voice : ယခုလက်ရှိမှာကလည်း စည်ပင်ဥပဒေ အသစ်ထုတ်ပြန်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုတွေ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်သလဲ။ 
UMMZ : အားနည်းချက်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့က လိုက်ပြီးထောက်ပြနေရင် ပြီးမှာ မဟုတ်တော့ဘူး။ ဒီရွေးကောက်ပွဲကလည်း မပြည့်မစဘူး။ သိသိကြီးနဲ့ ဝင်ပြိုင်ခဲ့တော့ သိပ်မပြောချင်တော့ပါဘူး။

Voice : ခင်ဗျားဝင်ပြိုင်တဲ့မြို့နယ်မှာရော ဘယ်လိုချက်တွေ အဓိကထား ပြုပြင်ပြောင်းလဲဖို့လိုမယ်ထင်လဲ။
UMMZ : အဓိကက ရေမြောင်း၊ အမှိုက်၊ ကားလမ်း ပိတ်ဆို့မှုတွေ၊ မြေယာပြဿနာတွေ အကုန်ဖြေရှင်းရမယ်။ တော်တော်များများက မြို့နယ်တိုင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို သက်ဆိုင်ရာအဖွဲ့ အစည်းတွေက စနစ်တကျဖြေရှင်းခြင်းမရှိဘဲနဲ့ ပုံထားတဲ့အတွက် အကုန်လုံးက အမှိုက်ပုံလိုဖြစ်နေတယ်။ တကယ်တမ်းတော့ အဲဒီအမှိုက်ပုံတွေကို တော်တော်များများ ရှင်းယူရပါမယ်။ 

Voice : အနုပညာရှင်တစ်ယောက်နဲ့ ပရိသတ်ကိုရော ဘာများပြောချင်သေးလဲ။ 
UMMZ : ရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့ကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့ စည်ပင်သာယာရွေးကောက်ပွဲတင် မဟုတ်ပါဘူး။ ဘယ်ရွေးကောက်ပွဲမဆို စိတ်ဝင်စားပါ။ မဲရုံကိုသွားပြီး မဲပေးကြပါ။ ပြည်သူတွေမဲပေးမှ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာမှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ ဘာသိဘာသာနေမယ်ဆိုရင် ရွေးကောက်ပွဲက သမာသမတ်ကျတဲ့ရွေးကောက်ပွဲ ဖြစ်မလာနိုင်တော့ဘူး။ ဘာဖြစ်လဲဆိုတော့ ပြည်သူတွေက လာမပေးကြတော့ အချို့နေရာလေးတွေမှာ လုပ်ချင်ရာလုပ်သွားနိုင်ပါတယ်။ မျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ မဲဆန္ဒနယ်ပေးခွင့် ရှိတဲ့သူတိုင်း မဲလာပေးကြပါ။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို မဲပေးကြပါ။ မဲရုံကိုသွားကြပါ။ မဲမပေးကြဘူးဆိုရင် အချောင်သမားတွေ နေရာယူပါလိမ့်မယ်။ အချောင်သမားတွေနေရာယူလို့ရှိရင် တိုင်းပြည်က မချောင်ဘူး ဖြစ်သွားလိမ့်မယ်။ ပြည်သူတွေ မဲပေးကြပါလို့ ပြောချင်ပါတယ်။

သက်သျှိုင်းသူ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့နယ်အဆင့် စည်ပင်ဥက္ကဋ္ဌရာထူးအတွက် ဝင်ပြိုင်မည့် ဦးမောင်မောင်ဇင်သည် သီးလေးသီး ဆေးရောင်စုံအငြိမ့်တွင် ဖျော်ဖြေနေသည့် လူရွှင်တော် ဂေါ်ဇီလာပင် ဖြစ်သည်။ 

အယ်ဒီတာ