News

POST TYPE

INTERVIEW

သူထူးစံနဲ့ တွေ့ဆုံခြင်း
17-Feb-2019
“မင်္ဂလာဦးဆွမ်းကျွေးလို့မထင်ကြဘူး။ ဘာဇာတ်ကားရိုက်တာလဲလို့ မေးကြတယ်”



သရုပ်ဆောင်သူထူးစံနဲ့ တွေ့ဆုံပြီး ချစ်သူဖြစ်တဲ့ သရုပ်ဆောင်ထိုက်စုဝင်းနဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အကြောင်း၊ အိမ်ထောင်ဦးအလှူတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မင်္ဂလာဦးမှာ ပရဟိတအလှူတွေ လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
THS : ပရဟိတအလှူတွေက ကျွန်တော့်ထက် အများကြီး လုပ်တဲ့သူတွေ ရှိပါတယ်။ အိမ်မှာ တံမြက်စည်းလှည်းတာလည်း ပရဟိတပါပဲ။ ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်သလောက် အနေအထားလေးကို ရိုးရိုးသားသား လုပ်တဲ့သဘောပါပဲ။ ကျွန်တော်တို့လှူတာလေးတွေကိုလည်း ဖေ့စ်ဘွတ်ခ်ထဲမှာ တင်တဲ့သူတွေရှိလို့ ပရိသတ်တွေက မြင်သွားကြတာပါ။ အရင်တုန်းက လုပ်ခဲ့တာတွေလည်းရှိပါတယ်။ ကျွန်တော်က ဖေ့စ်ဘွတ်ခ် မသုံးလို့သာ မသိကြတာပါ။ 

Voice : မင်္ဂလာဦး ဆွမ်းကျွေးအလှူကတော့ နေပြည်တော်တပ်ကုန်းမှာ လုပ်ခဲ့တာနော်။
THS : နေပြည်တော် တပ်ကုန်းမှာလုပ်တဲ့ မင်္ဂလာဦးဆွမ်းကျွေးမှာတော့ ကျွန်တော့်ရဲ့ မိတ်ဆွေအရင်းတွေလောက်ပဲ ဖိတ်ခဲ့တာပါ။ ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့သူတွေပဲ လာကြတယ်။ ဒါပေမဲ့ ကျွန်တော့်ပရိသတ်တွေတော့ ရောက်လာကြတယ်။ မင်္ဂလာဦး ဆွမ်းကျွေးလို့ မထင်ကြဘူး။ ဘာဇာတ်ကားရိုက်တာလဲလို့မေးကြတယ်။ ကျွန်တော့်ကို မင်္ဂလာဆောင်မယ်လို့ မထင်ကြတာနေမှာပေါ့နော်။

Voice : ထိုက်စုဝင်းနဲ့ ချစ်သူဖြစ်နေတာကို ပရိသတ်တွေလည်း မသိခဲ့ကြဘူး။ မင်္ဂလာဆောင်တော့မှ သတို့သမီးကို မြင်ရတာဆိုတော့ အချစ်ရေးသတင်းကို လျှို့ဝှက်ခဲ့တာလား။
THS : အချစ်ရေး သတင်းကတော့ ငြိမ်တယ်လို့လည်းမဟုတ်ပါဘူး။ ကျွန်တော်ကသိပ်မှ မလှုပ်တာလေနော်။ ကျွန်တော်က ဘယ်အရာတွေမှာ လှုပ်ခဲ့လို့လဲ။ လုပ်စရာရှိရင် အကောင်းဆုံးဖြစ်အောင် တတ်နိုင်သလောက် လုပ်လိုက်တယ်။ ရုပ်ရှင်ပဲ ရိုက်ရိုက်၊ ဗီဒီယိုပဲ ရိုက်ရိုက်၊ ဗီစီဒီပဲ ရိုက်ရိုက် တတ်နိုင်သလောက် ကြိုးစားတယ်။ ကိုယ်တတ်နိုင်သလောက် ဘောင်အတွင်းကပဲ လုပ်တယ်။ ဒီထက်ပိုပြီး ပုံကြီးချဲ့တာတွေတော့ ကျွန်တော် ဟိုးအရင်ကတည်းက မလုပ်တတ်ဘူး။

Voice : နိုဗိုတယ်ဟိုတယ်မှာ လုပ်မယ့် မင်္ဂလာဧည့်ခံပွဲကိုရော ဘယ်လိုပုံစံမျိုး ကျင်းပသွားမလဲ။
THS : မင်္ဂလာဧည့်ခံပွဲကိုတော့ ကျွန်တော့်ရဲ့ ဆွေမျိုးတွေလို့တောင် ပြောလို့ရတဲ့ ရုပ်ရှင်လောက,က လူတော်တော်များများကို ဖိတ်ထားပါတယ်။ အယောက် ၃၀၀ လောက်ကို ဖိတ်ထားတယ်။ ဖိတ်ရမယ့် လူစာရင်းကို ကွန်ပျူတာနဲ့ စာစီပြီးတော့ကို ပို့ထားတယ်။ မင်းသား၊ မင်းသမီးတွေပဲ ဖိတ်တာမဟုတ်ဘူး။ စက်အဖွဲ့ကလူတွေကအစ ဖိတ်ထားတယ် လာတာ၊ မလာတာတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကတော့ ဖိတ်ထားပြီးသားပါ။

Voice : ဒီအချိန်မှာ အိမ်ထောင်ပြုဖို့ဆုံးဖြတ်ဖြစ်တာကရော ဘယ်လိုကြောင့်ဖြစ်မလဲ။ ဘဝကို အခြေတကျ ဖြစ်ချင်လို့လား။
THS : ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သေမှာနဲ့မိန်းမယူမှာဆို မိန်းမယူရမှာကို ပိုကြောက်တယ်။ ဒါပေမဲ့ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းလာရတာကြာလာတဲ့အချိန်မှာ အိမ်ထောင်တစ်ခုဆိုတာ လူတစ်ယောက်အတွက် တကယ်လိုအပ်တယ်ဆိုတာကို သိလာတယ်။ ကိုယ့်ဘဝကို သူ့ဆီပုံအပ်လိုက်တာလည်း မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပုံမှန်အတိုင်းပဲ သွားလိုက်တာပါ။ ချိန်ပြီး စဉ်းစားစရာတွေလည်း ဘာမှမရှိပါဘူး။ သူ့ဘက်လည်းကျွန်တော်ကြည့်စရာ မလိုသလို၊ ကျွန်တော့်ဘက်ကိုလည်း သူကြည့်စရာမလိုပါဘူး။ 

Voice : ကိုယ်တစ်ဘဝလုံး လက်တွဲသွားရမယ့် မိန်းကလေးအပေါ်ကိုရော ဘယ်လိုစိတ်ချမ်းသာ၊ ပျော်ရွှင်အောင်ထားပေးမလဲ။
THS :့ကျွန်တော်တို့နှစ်ယောက် ဘဝတစ်ခုကို တည်ဆောက်တဲ့အခါ မှာတော့ ချမ်းသာချင်မှ ချမ်းသာမယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက် စိတ်ချမ်းသာမယ်လို့တော့ထင်ပါတယ်။ အိမ်ထောင်ကျပြီးရင် ကျွန်တော်တို့နှစ်ယောက်လုံး အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်၊ မဖြစ် ဆိုတာကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ လုပ်မယ့် မင်္ဂလာဧည့်ခံပွဲနေ့ကျရင် သိရမှာပါ။ 

Voice : ကိုသူထူးစံကို အားပေးခဲ့တဲ့ အမာခံပရိသတ်တွေကိုရော ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။
THS : ပရိသတ်တွေကိုတော့ ဘာမှထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူတို့က ကျွန်တော့်ဘဝမှာ အခုချိန်အထိ ရာနှုန်းပြည့် အရေးအကြီးဆုံးပါပဲ။ ကျွန်တော်အခုလို ရပ်တည်နေနိုင်တယ်ဆိုတာလည်း ပရိသတ်တွေ အားပေးခဲ့လို့ပါ။ အခုချိန်မှာ ကျွန်တော် ကားရိုက်နည်းချင်နည်းသွားလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်တွေကိုတော့ အမြဲချစ်ပြီးသားပါ။ ရုပ်ရှင်အလုပ်မဟုတ်တဲ့ နောက်ထပ်စီးပွားရေးတစ်ခုကို လုပ်ဖို့လည်း ကျွန်တော်ပြင်ဆင်နေပါတယ်။ ကျွန်တော့်မင်္ဂလာဧည့်ခဲပွဲနေ့ကျရင် သိရမှာပါ။

သန့်ဇင်ဦး