News

POST TYPE

INTERVIEW

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ စည်ပင်သာယာရွေးကောက်ပွဲဝင်မည့် ဦးသူရအောင်နှင့် တွေ့ဆုံခြင်း
15-Feb-2019
“ရန်ကုန်မြို့က ပြည်သူတွေ စိတ်ချမ်းသာတဲ့ အနေအထားတစ်ခုဖြစ်အောင် တွန်းပို့ပေးနိုင်မယ်လို့ မြင်တယ်”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အနေနဲ့ ဝင်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်က ဝင်ပြိုင်မှာလဲ။ 
UTYA : ကျွန်တော့်အမည်က (ဦး) သူရအောင်ပါ။ မဲဆန္ဒနယ်အမှတ် - ၂ မှာ ဝင်ပြိုင်မှာပါ။ ကျွန်တော့် မဲဆန္ဒနယ်ထဲမှာ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ် စတဲ့ လေးမြို့နယ်ပါတယ်။ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်မှာပါ။ 

Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်ခွင့်ရတဲ့အတွက် ဘယ်အတိုင်းအတာထိ မျှော်လင့်ထားလဲ။
UTYA : ကျွန်တော့် မဲဆန္ဒနယ်ဖြစ်တဲ့ ဒဂုံလေးမြို့နယ် ဖွံ့ဖြိုးစေချင်တယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ ဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ လောလောဆယ် ကျွန်တော့်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ့်သူတစ်ဦး ပေါ်လာတယ်။ သူက ဒဂုံအရှေ့ပိုင်းကပါ။ ကျွန်တော့် မဲဆန္ဒနယ်မှာ နှစ်ဦး ဖြစ်သွားတာပေါ့။ မျှော်လင့်ချက်က ပြည်သူတွေရဲ့ ထောက်ခံမှုရှိမှသာ ကျွန်တော်တို့က ရှေ့ဆက်လုပ်ဆောင်ရမှာပါ။ လာမယ့် ၁၈ ရက်နေ့မှာ ကော်မရှင်က တရားဝင် ကြေညာပေးမယ်။ မဲဆွယ်ကာလက အဲဒီနေ့မှ စမယ်။ အဲဒီနေ့မှာ ကျွန်တော် ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေကို ပြောပါမယ်။ 

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ၂ နှစ် သက်တမ်း တာဝန်ထမ်းခွင့်ရမယ်။ ဆိုတော့ ဒီ ၂ နှစ်အတွင်း ဘာတွေလုပ်ပေးမှာလဲ။
UTYA : ၂ နှစ် သက်တမ်းဆိုတာကို တွက်မထားဘူး။ ဘယ်လောက်ပဲလုပ်ရလုပ်ရ ကျွန်တော်လုပ်ရတဲ့ကာလမှာ ဖွံ့ဖြိုးအောင်လုပ်မယ်။ ဒီတာဝန်ရပြီး တစ်ချိန်မှာ ကျွန်တော်တို့ ပြန်ပြီး အပ်နှင်းရမယ်။ ရန်ကုန်မြို့ ဖွံ့ဖြိုးဖို့ စဉ်းစားထားတာရှိပါတယ်။ ကျွန်တော် ဒဂုံမြို့ သစ်မှာနေတဲ့ ဒေသခံတွေအတွက် ဒီလေးမြို့နယ် ဖွံ့ဖြိုးရေးအတွက် ကျွန်တော် လေ့လာထားတယ်။ စဉ်းစားထားတာ အများကြီးရှိတယ်။ ၂၈ ရက်မှာ အတိအလင်းပြောပြပါမယ်။

Voice : လက်ရှိမှာကလည်း စည်ပင်ဥပဒေအသစ် ထုတ်ပြန်ပြီးပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ အဲ့ဒီအပေါ်မှာရော ဘာပြောချင်သလဲ။
UTYA : အသစ်ရေးဆွဲထုတ်ပြန်ထားတဲ့ ၂၀၁၈ စည်ပင်သာယာရေး ဥပဒေက ဝေဖန်တဲ့သူရှိတယ်။ ကြားနေတာတွေလည်း ရှိတယ်။ စည်ပင်သာယာရေး ဥပဒေကို အကောင်းဆုံးဖြစ်အောင် စဉ်းစားရေးဆွဲ ထားတယ်လို့မြင်တယ်။ အဲဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ ဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စောလွန်းတယ်။ ဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲဝင်တာ ဆိုတော့ ဥပဒေပြုတာ၊ ပြင်ဆင်တာ လွှတ်တော်အလုပ်ဆိုတော့ ဒီဥပဒေမှာ လိုအပ်နေတာတွေကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက် ထောက်ပြဖို့ရှိတယ်။

Voice : လက်ရှိ စည်ပင်သာယာရေးအဖွဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာရော ဘယ်လိုမြင်သလဲ။
UTYA : အမျိုးမျိုး ပြောဆိုနေကြတာပါပဲ။ စည်ပင်သာယာမှာ အရင်ကော်မတီဝင်တွေနဲ့ အခုအသစ်ရွေးချယ်မယ့် ကိုယ်စားလှယ်တွေ ပေါင်းစည်းပြီး ကျွန်တော်တို့အနေနဲ့ ကျန်တဲ့ကာလမှာ ရန်ကုန်မြို့က ပြည်သူတွေကို စိတ်ချမ်းသာတဲ့ အနေအထား တစ်ခုဖြစ်အောင် တွန်းပို့ပေးနိုင်မယ်လို့ မြင်တယ်။ လောလောဆယ် ပြည်သူတစ်ယောက်အနေနဲ့ စည်ပင်သာယာလုပ်ဆောင်ချက်က သူတို့မှာရှိတဲ့ အင်အားနဲ့ လုပ်တယ်လို့ပဲ မြင်တယ်။ ကျွန်တော် တို့ကို ပြည်သူတွေက တာဝန်ပေးလိုက်ရင်လည်း ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းမှာပါ။ 

Voice : စည်ပင်ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှုကရော ဘယ်လိုရှိသလဲ။ 
UTYA : ကျွန်တော့် မဲဆန္ဒနယ်ကလူတွေက တက်ကြွမှုရှိပါတယ်။ အခုစည်ပင်ရွေးကောက်ပွဲက အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရတယ်။ ခုလောလောဆယ် ဘာမှတ်ချက်မှမပေးချင်ပါဘူး။

ခင်မြတ်မြတ်ဝေ