News

POST TYPE

INTERVIEW

ယဉ်လက်နဲ့ တွေ့ဆုံခြင်း
14-Feb-2019

သရုပ်ဆောင် ယဉ်လက်နဲ့တွေ့ဆုံပြီး မတ်လအတွင်း ထုတ်လွှင့်ပြသမယ့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ “နာရီ တစ်ရာ့တစ်ဆယ်”မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ အချစ်ရေးအကြောင်း တို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ “နာရီတစ်ရာ့တစ်ဆယ်”မှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရတယ်။ အဲဒီအကြောင်းကနေ စပြီးပြောပြပေးပါဦး။
YL : မနှစ်ကတော့ “စစ်ကိုမုန်း၍ တိုက်ခဲ့သည်”ဇာတ်ကားမှာ “ခင်လေး”ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ခွင့်ရခဲ့တယ်။ ဒီနှစ်မှာတော့ ရေတပ် ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ “နာရီတစ်ရာ့တစ်ဆယ်”မှာ “သီရိလွင်”ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာကတော့ ဆရာဦးတင်အောင်စိုး (ပန်းမြို့တော်) ပါ။ သရုပ်ဆောင်တွေကတော့ ကိုအောင်မြင့်မြတ်၊ ကိုလင်းမြတ်၊ မစုလင်းရှိန်၊ ယွန်းဝင့်လွှာအောင်နဲ့ ညီမ ပါ,ပါတယ်။

Voice : ရေတပ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ထားတာလည်း တွေ့ရတယ်။ ဇာတ်ဝင်ခန်း ပုံရိပ်တွေလား။
YL : ရေတပ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကတော့ ဇာတ်ကားနဲ့ မဆိုင်ပါဘူး။ ဒီတိုင်းသက်သက် ရိုက်ထားတာပါ။ ရေတပ်က လူကြီးတွေကို ဓာတ်ပုံတွေ တင်ခွင့်ရှိလားလို့မေးတော့ တင်လို့ရတယ်ဆိုတာနဲ့ တင်ခဲ့တာပါ။ နာရီတစ်ရာ့တစ်ဆယ် ဇာတ်ကားကတော့ ရေတပ်သားတွေရဲ့ဘဝက ဘယ်လောက်အထိ ခက်ခဲပင်ပန်းတယ်ဆိုတာကို ရိုက်ပြထားတာပါ။ ရေတပ်မှာ “Hell Week” (ငရဲပတ်) ဆိုတာရှိပါတယ်။ တကယ်ကို ငရဲခံရသလို ပင်ပန်းဆင်းရဲပါတယ်။ ဒီနှစ်ကတော့ အဓိက,က မင်းသားတွေရဲ့ဇာတ်ပါပဲ။ မင်းသမီးတွေကတော့ ဇာတ်ကို ပံ့ပိုးပေးတဲ့နေရာက ပါဝင်ရတာပါ။

Voice : ယဉ်လက်ရဲ့ စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို “တပ်ပိုင်မြေ မကျူးကျော်ရ”လို့Troll ကြတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။
YL : တကယ်တော့လေ သမီးက “သရာစောထိ”ဆိုတဲ့ ရုပ်ရှင်ကားကြီးလည်း ရိုက်ခဲ့ဖူးပါတယ်။ ဒီကားက မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ ရုံတင်ခဲ့တဲ့ဇာတ်ကားပါ။ စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဆိုတာကတော့ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းပါ။ သမီးကတော့ သမီးကိုပေးအပ်တဲ့ အနုပညာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မှာပါပဲ။ သမီးသရုပ်ဆောင်ရမယ့်အပိုင်းကိုပဲ စဉ်းစားမှာပဲ။ ကျန်တဲ့ နိုင်ငံရေးတွေတော့ မသိပါဘူး။ “တပ်ပိုင်မြေ မကျူးကျော်ရ”လို့ Troll ကြတာကိုတွေ့ရတော့ ငါဘာများ ကျူးကျော်မိလဲဆိုပြီး ပြန်စဉ်းစားရတယ်။

Voice : ဒီဇာတ်ကားရိုက်ပြီးတဲ့ နောက်ပိုင်းမှာ စစ်သားတွေရဲ့ ဘဝကိုရော ဘယ်လောက်အထိ ထဲထဲဝင်ဝင်သိလာခဲ့လဲ။
YL : အရင်က စစ်သားတွေရဲ့ဘဝကို အဲဒီလောက်အထိ မသိခဲ့ဘူး။ စစ်ကားရိုက်လိုက်တဲ့အချိန်မှ တပ်မတော်သားတွေရဲ့ဘဝကို ပိုပြီးသိလာတယ်။ သူတို့ရဲ့ စိတ်ဓာတ်တွေက တအား လေးစားဖို့ကောင်းတယ်။ ညီမတို့တွေဆို မလုပ်နိုင်ဘူး။ သစ္စာတရားကို အရမ်းအလေးထားတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေက ဂုဏ်ယူဖို့ကောင်းတယ်။ ချစ်ဖို့လည်း ကောင်းပါတယ်။

Voice : ဦးဇာဂနာက ယဉ်လက်ကို ရုပ်ရှင်ကားကြီး တစ်ကားရိုက်ပေးမယ်လို့ ပြောထားဖူးတယ်နော်။ အကသင်နေတာလည်းတွေ့တော့ ဇာတ်ကားအတွက် သင်နေတာလား။
YL : အကသင်နေတာကတော့ ဗီဒီယိုဇာတ်ကားတစ်ကားအတွက်ပါ။ ရုပ်ရှင်ကားကြီးအတွက် မဟုတ်ပါဘူး။ အကသမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ပြမှာဆိုတော့ မြန်မာအကရော၊ အနောက်တိုင်းအကရော သေချာသင်နေရတယ်။ အကကို ထူးထူးခြားခြား ပုံစံမျိုးနဲ့ ကပြရမှာပေါ့နော်။ အဲဒီကားအတွက် အကသင်နေတာ ခြောက်လလောက်တောင်ရှိပါပြီ။ မရိုက်ခင်အထိလည်း လေ့ကျင့်နေရဦးမှာပါ။

Voice : ဒီဇာတ်ကားမှာ ယဉ်လက်ကို ဘယ်လိုထူးထူးခြားခြား ပုံစံမျိုးနဲ့မြင်ရမလဲ။
YL : ဒီကားမှာ သရုပ်ဆောင်ရမယ့် ကာရိုက်တာက ညီမတစ်ခါမှ မလုပ်ဖူးသေးတဲ့ ပုံစံမျိုးလေးလုပ်ရမှာပါ။ ညီမကို ပရိသတ်တွေတစ်ခါမှ မမြင်ဖူးသေးတဲ့ ပုံစံမျိုးနဲ့ မြင်ရမှာပါ။ ကိုယ့်ကိုယ်ကိုယ်တောင် ငါလုပ်နိုင်ပါ့မလားလို့ စိုးရိမ်ရတဲ့အထိပါပဲ။ ဇာတ်ကားရိုက်ဖို့ ပြင်ဆင်နေတာ တော်တော်ကို ကြာနေပါပြီ။ တကယ်စရိုက်ဖြစ်တဲ့ အချိန်ကျတော့မှပဲ အသိပေးပါမယ်။

Voice : ယဉ်လက်ရဲ့ အချစ်ရေးသတင်းက သိပ်မကြားရဘူးနော်။ ချစ်သူ မရှိလို့ မကြားရတာလား၊ ဒါမှမဟုတ် လျှို့ဝှက်ထားချင်လို့လား။
YL : အချစ်ရေးသတင်း မကြားရတာက ချစ်သူမရှိသေးလို့ပါ။ ချစ်သူရှိရင်တော့ ကြားရမှာပေါ့နော်။ လူတစ်ယောက်က ချစ်နေပြီဆိုရင် လိမ်လို့ မရဘူး။ သူ့ရဲ့အပြုအမူ၊ အပြောအဆိုတွေကို ကြည့်လိုက်တာနဲ့ ခန့်မှန်းလို့ရတယ်။ ချစ်သူရှိလာရင် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးသွားမှာပါ။ အခု လောလောဆယ်ကတော့ ကိုယ့်ရဲ့ အချစ်ဆုံးတွေက ပရိသတ်တွေပါပဲ။

Voice : ကိုယ် ချစ်သူအဖြစ်၊ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့်သူကရော၊ ဘယ်လိုလူမျိုးဖြစ်မလဲ။
YL : ခေါင်းထဲမှာလေ ငါယူမယ့် ယောက်ျားကတော့၊ ဒီလိုအရည်အချင်းတွေရှိရမယ်ဆိုပြီး သတ်မှတ်ထားတာတော့ မရှိပါဘူး။ မိန်းကလေးတစ်ယောက်မှာ သတ်မှတ်ထားတဲ့စံနှုန်းတွေ ရှိချင်ရှိလိမ့်မယ်။ ဒါပေမဲ့ ကိုယ်နဲ့ဖူးစာဆုံရမယ့်သူက ကိုယ်သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ မပြည့်တာမျိုးလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်လေ။ အဲဒါကြောင့် အချစ်ဆိုတာ ဘာမှ ကြိုတွက်ထားလို့မရပါဘူး။

သန့်ဇင်ဦး