News

POST TYPE

INTERVIEW

ရန်ကုန်တိုင်းစက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်နှင့် တွေ့ဆုံခြင်း
14-Feb-2019


လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

“နိုင်ငံရေးအားစမ်းပွဲအနေနဲ့တော့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို အမြတ်မထုတ်သင့်ဘူး”

Voice : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အနေနဲ့ ဝင်ယှဉ်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ယှဉ်ပြိုင်မှာလဲ။ 
UNLZ : ဗဟိုကော်မတီဝင်နေရာအတွက် မဲဆန္ဒနယ် မြေ-၃ ကနေ ဝင်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ထားပါတယ်။ ဒီလိုပါဝင်လာဖို့ နောက်ကတွန်းအားတွေရှိ ပါတယ်။ ကျွန်တော်က ရန်ကုန်တိုင်း စက်မှုဇုန်များ ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်သလို ရွှေလင်ဗန်းဇုန်ရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တယ်။ ကျွန်တော်တို့ ရန်ကုန်မှာ စက်မှုဇုန် ၂၉ ဇုန်ရှိတယ်။ အဲဒီဇုန်တွေကို အိုးအိမ်ကဖော်ထုတ်ခဲ့တာဆိုပြီး စည်ပင်ကလည်း တာဝန်မယူဘူး။ စက်မှုဇုန်တွေတည်လာခဲ့တာ နှစ် ၂၀ လောက်ရှိပြီ။ လမ်းတွေက သွားမရအောင် ပျက်စီးနေပြီး ပြုပြင်ဖို့ အရေးတကြီးလိုနေတယ်။ ရေနုတ်မြောင်းတွေလည်း ပြုပြင်ထိန်းသိမ်းဖို့လိုနေတယ်။ ရေသန့်လည်း မရောက်သေးဘူး။ အမှိုက်သိမ်း စနစ်ကအစ၊ ကျူးကျော်ပြဿနာအဆုံး စက်မှုဇုန်တွေက အခုအချိန်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသေးတယ်။ ကျူးပြဿနာကို မရှင်းနိုင်တဲ့အတွက် ကျူးတွေရဲ့အမှိုက်တွေကနေ ရေမြောင်းတွေပိတ်၊ မိုးရွာရင်ရေတွေကြီးပြီး စက်ရုံတွေရေမြုပ်၊ ဒုက္ခပေါင်းများစွာနဲ့ ကြုံနေရတယ်။
ဒီစက်မှုဇုန်တွေရဲ့ အခြေခံအဆောက်အဦတွေက စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။ စည်ပင်သာယာရဲ့ဝန်ဆောင်မှုကို ပေါင်းစပ်ပေးဖို့ အများကြီး လိုနေပါတယ်။ နောက်တစ်ခုက မြို့လယ်မှာနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ပတ်ဝန်းကျင်မှာ စည်ပင်သာယာနဲ့ ပတ်သက်ပြီး အခက်အခဲတွေရှိနေတာ။ ဒါကို အပြစ်ပြောရုံနဲ့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရောက်မလာဘူး။ အခုဆို ဒီ စည်ပင်ရွေးကောက်ပွဲမှာ လူလတ်ပိုင်းပညာတတ် အတော်များများ ဝင်ပါလာပြီ။ ကျွန်တော်က MBA စီမံ/ခန့်ခွဲမှု မဟာဘွဲ့ကို ၂၀၀၇ ထဲက ရခဲ့ပြီး နေရာအတော်များများမှာ စီမံခန့်ခွဲမှုကဏ္ဍတွေကို ဦးဆောင်နေသူပါ။ ကျွန်တော်တို့တွေ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်အခြေအနေနဲ့ ဘာလို့ပါလာလဲ။ ကျွန်တော်တို့ရဲ့ အချိန်၊ ကျွန်တော်တို့ရဲ့ လုပ်အားတွေလာပြီး ဘာလို့ ရင်းနှီးမြှုပ်နှံမှာလဲဆိုတော့ အရွေ့တစ်ခုကို ကျွန်တော်တို့ ကြိုးစားပေးချင်တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်၊ နောက်လာမယ့် Generation တွေအတွက် ပိုကောင်းလာဖို့အတွက် ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်ကို ပိုပြီး Safety & Green Environment အဖြစ် ကြိုးစားချင်လို့ပါ။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မိသားစု၊ ပြည်သူတွေရဲ့လူနေမှုဘဝ ပိုပြီး Safety ဖြစ်စေချင်တယ်။ အခုချိန်ထိ လူသွားတဲ့ Platform ပေါ်မှာ Safety ရှိစွာ လမ်းလျှောက်လို့ မရသေးဘူး။၂၀၁၈ စည်ပင်ဥပဒေပြဋ္ဌာန်းပြီးပေမယ့် ရန်ကုန်မြို့က သိသာတိုးတက်တဲ့ အရွေ့တစ်ခုကို ရောက်မလာသေးဘူး။ ဒါတွေကို တတ်သိပညာရှင်တွေက တည့်မတ်ဖို့ ကြိုးစားနေချင်ကြပါတယ်။ နောက်တစ်ခုက ပြည်သူတွေရဲ့ ပါဝင်မှု Public Participation က အရေးကြီးတယ်။ သက်ဆိုင်ရာကော်မတီနဲ့ဌာနက တာဝန်ရှိသူတွေကို ပြည်သူတွေ မြို့နယ်ခန်းမတွေမှာ တစ်လတစ်ခါ၊ နှစ်လတစ်ခါ ပုံမှန်တွေ့ဆုံ တင်ပြဆွေးနွေးနိုင်အောင် လုပ်ပေးပြီး ပြည်သူတွေရဲ့နိစ္စဓူဝ အခက်အခဲတွေကို အချိန်တိုအတွင်း ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တဲ့အခင်း အကျင်းမျိုး ဖန်တီးပေးချင်လို့ ဝင်ယှဉ်ပြိုင်ဖြစ်တာပါ။

 ကျွန်တော် ကော်မတီဝင်မဖြစ်လည်း ဖြစ်လာသူတွေက ပြည်သူတွေအတွက် Burden ဖြစ်နေတဲ့ ဒီအခင်းအကျင်းတစ်ခုကို ဖန်တီးဆောင်ရွက်ပေးပါလို့ ဒီနေရာကနေ ကြိုတင် မေတ္တာရပ်ခံချင်ပါတယ်။



Voice : ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင်ခြောက်ဦးထဲက တစ်ဦးက ဒုတိယမြို့တော်ဝန် ဖြစ်လာမယ်ဆိုတော့။ 
UNLZ : ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ အလံ၊ လိုဂိုသုံးခွင့်၊ လက်ရှိအစိုးရပါတီ NLD က နေရာပြည့် ဝင်ပြိုင်မယ်ဆိုတဲ့ အခင်းအကျင်းနဲ့ ကော်မရှင်က နည်းဥပဒေကို အကြိမ်ကြိမ်ပြောင်းလဲ ကြေညာခဲ့တာကို ကြည့်ရင် ပြည်သူတင်တဲ့ တစ်သီးပုဂ္ဂလထဲက မမြင်မိဘူး။ လက်ရှိအစိုးရရဲ့ ပါတီကပဲ အသာစီးရရှိနိုင်ဖွယ်ရှိတယ်။ 




Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။


UNLZ : အခက်အခဲတော့ မရှိနိုင်ဘူး။ စိန်ခေါ်မှုကတော့ ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ပါတီတွေက ၅+၃ = ၈ နှစ်စာ ပြင်ဆင်ပြီးသား။ ပါတီအခင်းအကျင်းနဲ့ မြို့နယ်တိုင်းက ရုံးတွေ၊ ပါတီဝင်တွေ ရပ်/ကျေးတွေ၊ Cells တွေက အများကြီး အသာရရှိထားလို့ စင်ပေါ်က စောင့်နေတယ်လို့ ပြောလို့ရတယ်။ ဒီလောက် တောင့်တင်းပြီးသား စုဖွဲ့မှုတွေနဲ့ အစစအသာရထားပြီး ဘာလို့ နိုင်ငံရေးခြေစမ်းပွဲအနေနဲ့ ဒီစည်ပင်ရွေးကောက်ပွဲကို အသာစီးရချင်မှန်း စဉ်းစားလို့မရဘူး။ ပါတီတွေအနေနဲ့ ဝင်ပြိုင်တာကို ကြိုဆိုပါတယ်။ နိုင်ငံရေးအားစမ်းပွဲအနေနဲ့တော့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို အမြတ်မထုတ်သင့်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီတွေဟာ မဏ္ဍိုင်ကြီးသုံးရပ်အတွက် အဓိကဦးတည်တာ။ စည်ပင် YCDC ဟာ မဏ္ဍိုင်ကြီးသုံးရပ်မှာ မပါဘူး။ Public Service သက်သက်ပဲ။ Public Service ကို စီမံခန့်ခွဲမှုနားမလည်တဲ့ နိုင်ငံရေးပါတီတွေက ဝင်ရောက်လွှမ်းမိုးရင် ဒီ ၂ နှစ်ရဲ့တိုးတက်မှုမှာ စိန်ခေါ်မှုတွေ ရှိလာမယ်။ အခုလက်ရှိ စည်ပင်သည်လျှင် နိုင်ငံရေးပါတီတွေက ဖြစ်လာတဲ့ လက်ရှိအစိုးရက ခန့်ထားတဲ့ သူတွေသာဖြစ်တယ်။ ဒီလူတွေ ညံ့တယ်လို့ ပြောလိုတာမဟုတ်ဘူး။ ပိုအားကောင်းလာဖို့ YCDC ကို အားဖြည့်ရာမှာ Scholar Practioner တွေရဲ့ အရေးပါမှုကို လက်ခံပေးစေချင်ပါတယ်။




Voice : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရရင် ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်အချက်တွေ အဓိကထားလုပ်မလဲ။ 
UNLZ : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရရင် Platform မှာ လူတွေဘေးကင်းစွာ လမ်းလျှောက်ခွင့် ရစေချင်တယ်။ Pedestrian မှာ လူကူးရင် ကားတွေရပ်ပေးတဲ့စနစ်၊ ဌာနထောက်ခံချက်နဲ့ ကြိုးနီစနစ်တွေ ၅၀ ရာခိုင်နှုန်းကျော် လျှော့ချချင်တယ်။
 မြေအောက်ရေ အလွန်အကျွံထုတ်ယူနေရမှုကို အမြန်ဆုံးရပ်တန့်ပြောင်းလဲနိုင်ဖို့နဲ့ ရေသန့်ရရှိဖို့၊ Coverage နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်ဖို့၊ အမှိုက်သိမ်းစနစ်ကို လူအစား စက်နဲ့သိမ်းနိုင်တဲ့ အနေအထားကို အမြန်ဆုံးပြောင်းလဲနိုင်ဖို့၊ ရန်ကုန်မြို့က လူဦးရေ ၇ သန်းဟာ နေ့စဉ် လမ်းမပေါ်မှာ ယာဉ်ကြောပိတ်ဆို့တာကြောင့် မလိုလားအပ်သော Traffic၊ ဈေးသည်၊ Taxi နဲ့ Bus တွေကြောင့် အချိန်ကုန်၊ ငွေကုန်၊ စိတ်ပန်းဖြစ်နေရတဲ့ အခက်အခဲကို အချိန် ၆ လအတွင်း ၇၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ဆောင်ရွက်မယ်။ ရန်ကုန်မြို့အနှံ့ လမ်းမကြီးတွေပေါ်က လိုင်းတွေကို ၁၂ လအတွင်း အဆင့်မီကောင်းမွန်အောင် ပြင်ဆင်သွားနိုင်ဖို့၊ ဆောက်လုပ်ခွင့်နဲ့ အခြားလုပ်ငန်းများ လျှောက်ထားရာမှာ ဥပဒေနဲ့ကိုက်ညီမယ်ဆိုရင် ပတ်ဝန်းကျင် ထောက်ခံချက်ကို ဖယ်ရှားနိုင်ဖို့ ဆောင်ရွက်မယ်။ အခြားအချက်တွေလည်း ရှိပါသေးတယ်။ Campaign ကာလ မဟုတ်လို့ အကုန်လုံးကို မဖော်ပြချင်သေးပါဘူး။ အဓိက ပါဝင်ဖြစ်လာတာက Reform ကို အချိန်တိုအတွင်း အမြန်ဆုံးရောက်စေချင်တာပါ။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။ 
UNLZ : ကျွန်တော့်အတွက်ဆို ၁၈ လနဲ့လည်း လုံလောက်ပါတယ်။ ကော်မတီက မြို့တော်ဝန်အပါအဝင် အားလုံးက ကျွန်တော်အကြံပြုတာတွေကို ခြောက်လအတွင်း အင်တိုက်အားတိုက် ပါဝင်ပြောင်းလဲရင် နောက် ၁၈ လ မှာ ရန်ကုန်မြို့ဟာ မန္တလေးမြို့ထက်ပိုသာပြီး လူတွေအားလုံးနေရတာ ပျော်ရွှင်တဲ့မြို့တစ်မြို့အဖြစ် အချိန်တိုအတွင်း ပေါ်ပေါက်လာမယ့် အခင်းအကျင်း Frame ထဲ ရောက်လာမယ်။



Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်သလဲ။


UNLZ : နိုင်ငံရေးသည် နိုင်ငံသားအားလုံးရဲ့အရေးဖြစ်တယ်။ ရန်ကုန်မြို့နဲ့ပတ်သက်တဲ့ အရေးကလည်း ရန်ကုန်သူရန်ကုန်သားတွေရဲ့ အရေးကြီးကိစ္စဖြစ်တယ်။
အရေးကြီးသော အခုလိုပြောင်းလဲမှုအတွက် နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Voter တွေမှာ တာဝန်ရှိတယ်။ Voter တွေအနေနဲ့ နှစ်သက်ရာကို မဲပေးနိုင်ပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကျေပွန်ဖို့ ဘာပဲဖြစ်ဖြစ် Voter တွေမဲပေးပါ။ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်အတွက် မဲပေးခွင့်ရှိသူ အားလုံး မဲပေးဖို့တာဝန်ဟာ အရေးကြီးပါတယ်။

Voice : လက်ရှိမှာကလည်း စည်ပင်ဥပဒေအသစ် ထုတ်ပြန်ထားပြီးပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုတွေ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်သလဲ။ 
UNLZ : ၂၀၁၈ စည်ပင်ဥပဒေ ပြဋ္ဌာန်းပြီးပေမယ့် အခု ၂၀၁၉ ဒီအချိန်ကာလအတွင်းမှာ ၂၀၁၈ ဥပဒေနဲ့ အရေးယူတဲ့ကိစ္စရပ်တွေ မရှိသေးဘူး။ ဥပဒေပြဋ္ဌာန်းပြီးလည်း ရန်ကုန်မြို့က အရွေ့တစ်ခုကို ရောက်မလာသေးဘူး။ ဘာကြောင့်လဲ၊ Rule of Law ဖြစ်ဖို့ Law Enforcement လုပ်မယ့် Team က အားမကောင်းသေးဘူး။
 Rule of law ဖြစ်ဖို့ Law Enforcement ကို အရင်ကြိုးစားရပါမယ်။ နောက်တစ်ခုက ပြည်သူတွေရဲ့ ပါဝင်မှု Public Participation က အရေးကြီးတယ်။ (သက်သျှိုင်းသူ)

ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အမှတ် ၃ မှနေ၍ ကော်မတီဝင်အဖြစ် ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သူ ဦးနေလင်းဇင်သည် ရန်ကုန်တိုင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးအပြင် ရွှေလင်ဗန်းစက်မှုဇုန်နှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသူလည်းဖြစ်သည်။ 

အယ်ဒီတာ







  • VIA