News

POST TYPE

INTERVIEW

ကျော်ထက်အောင်နဲ့ တွေ့ဆုံခြင်း
13-Feb-2019


“လူငယ်တွေကို ဂီတဝမ်းစာပြည့်ပြည့်နဲ့ လာပြိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” 

သရုပ်ဆောင်ကျော်ထက်အောင်နဲ့ တွေ့ဆုံပြီး မကြာမီစတင်မယ့် Myanmar Idol သီချင်းဆိုပြိုင်ပွဲ  Season 4 မှာ Host အဖြစ် ဆက်လက်ပါဝင်မယ့်အကြောင်း၊ ချစ်သူများနေ့အတွက် အစီအစဉ်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “သူငယ်” ဇာတ်ကားနောက်ပိုင်းမှာ ကျော်ထက်အောင် ရိုက်ရတာက Romance၊ Drama ဇာတ်ကားတွေ များနေတယ်နော်။ ပေါ့ပေါ့ပါးပါး ဇာတ်ကားတွေ ပြန်ရိုက်ဖို့မရှိဘူးလား။ 
KHA : ဟာသကားတွေကျတော့ ကျွန်တော်နဲ့ သိပ်မလိုက်ဘူးလို့ထင်တယ်။ ကိုယ်တိုင်လည်း ဟာသကားတွေရိုက်ဖို့ ယုံကြည်မှုသိပ်မရှိဘူး။ ကိုယ်က နဂိုကတည်းက အဆွေးဓာတ်ခံရှိလို့လားမသိဘူး။ ဒရာမာဇာတ် ကားတွေ ပိုရိုက်ချင်တယ်။ ဒရာမာမင်းသားဖြစ်ချင်တယ်။ ရုပ်ရှင်တွေ ကြည့်ရင်တောင် ဒရာမာကားတွေ ပိုကြည့်ဖြစ်တယ်။ Feel ရတဲ့ ခံစားမှုကို ကြိုက်တယ်။

Voice : ကိုယ်တိုင်က ဟာသဉာဏ်သွင်မရွှင်လို့ ဟာသကားတွေ သိပ် မရိုက်ဖြစ်တာလား။
KHA : ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ပျော်ပျော်နေတတ်ပါတယ်။ တစ်ခါတလေကျရင်လည်း ရုပ်တည်ကြီးနဲ့အရွှန်းဖောက်တတ်တယ်။ အတည်ပေါက်ကြီးနဲ့ စတတ်တယ်။ ဒါပေမဲ့ ဇာတ်ကားထဲမှာ ပေါကြည့်ရမယ်ဆိုတဲ့ စိတ်ကမဖြစ်ဘူး။ ပေါတယ်ဆိုတာကလည်းလေ လူတစ်ဖက်သား တကယ်ရယ်အောင် ပေါနိုင်မှ ကောင်းတာပါ။ နို့မို့ဆိုရင် ပေါကြီး ဖြစ်သွားလိမ့်မယ်။

Voice : ဟာသနဲ့ပတ်သက်ပြီးတော့ရော ကိုယ့်ရှေ့က စီနီယာတွေဆီက လေ့လာတာမျိုးရောရှိလား။
KHA : ကျွန်တော်တို့ရှေ့ကစီနီယာတွေ အကုန်လုံးက အနုပညာပိုင်းမှာ တကယ့် ကဝေတွေချည်းပါပဲ။ ငိုမလားချက်ချင်းရတယ်၊ ရယ်မလား ချက်ချင်းရတယ်။ ကိုယ်တွေ လေ့လာစရာတွေက တပုံကြီးပါပဲ။ သင်ယူစရာတွေလည်း တပုံကြီးပါပဲ။ ကျွန်တော်အခု ကြည့်ဖြစ်နေတာကတော့ ကိုမြင့်မြတ်ရဲ့ ဟာသဇာတ်ကားတွေပေါ့နော်။ ကိုမြင့်မြတ်က ဟာသရော၊ ဒရာမာပါပိုင်တဲ့ မင်းသားတစ်လက်ပါ။ သူ့ဆီကနေ လေ့လာရတာတွေ အများကြီးပါပဲ။

Voice : Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 4 ကလည်း မကြာခင်စတော့မယ်လို့ ကြားတယ်။ ကျော်ထက်အောင် ပြန်ပါဦးမလား။
KHA : Myanmar Idol Season 4 မှာလည်း Host တစ်ယောက်အနေနဲ့ကျွန်တော်ပြန်ပါမှာပါ။ ဒိုင်တွေကတော့ ဘယ်သူတွေဖြစ်မလဲဆိုတာကို ကျွန်တော်လည်းမသိသေးပါဘူး။ ဘယ်အချိန် ပြန်စမလဲဆိုတာလည်း မသိသေးပါဘူး။ ကျွန်တော်တောင်မှ တော်တော်ပူဆာထားလို့ Season 4 မှာ ပါရမယ်ဆိုတာကို ကြိုသိရတာပါ။ ရိုက်ကူးရေးတွေ မတိုက်အောင်၊ ရက်တွေမတိုက်အောင် ရှောင်လို့ရအောင်လို့ ကြိုပြောပြထားပေးပါလို့ ပြောတဲ့အတွက် အသိပေးထားတာပါ။

Voice : ဒီနှစ်မှာရော ကိုယ့်ရဲ့တင်ဆက်မှုပိုင်းမှာရော အပြောင်းအလဲတွေ လုပ်ဖို့ရှိဦးမလား။
KHA : ပြိုင်ပွဲရဲ့ Format ကတော့ ပြောင်းမှာမဟုတ်ပါဘူး။ အဲဒီ Format ပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ အခြေအနေတွေပေါ်မှာ Presentation ပိုင်းကို ဘယ်လိုမျိုး ပြောင်းသွားရမလဲဆိုတာကို စဉ်းစားရမှာပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း Idol က ပရိသတ်တွေနဲ့ နှစ်တိုင်း ထိတွေ့ခွင့်ရချင်ပါတယ်။ သူတို့နဲ့အတူတူပျော်ချင်တယ်၊ ကြည်နူးချင်တယ်။ အဲဒါကြောင့်လည်း Idol Season 4 မှာ ကျွန်တော် ဆက်လက်ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ 

Voice : Season 4 မှာ လာပြိုင်မယ့် လူငယ်တွေကိုရော ဘယ်လို အားပေးစကား ဆိုချင်သေးလဲ။
KHA : Idol ပြိုင်ပွဲက တကယ်အရည်အချင်းရှိတဲ့ လူငယ်တွေကို အမြဲတမ်းကြိုဆိုနေပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့် အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ လူငယ်တွေကို ဂီတဝမ်းစာပြည့်ပြည့်နဲ့လာပြိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ Idol က တကယ် အရည်အချင်းရှိတဲ့သူကိုပဲ စင်တင်တာပါ။ ဘာမှ မကြည့်ပါဘူး။ တကယ်အရည်အချင်းရှိရင် ရှိသလို စင်ပေါ်ကို တင်ပေးတာပါ။

Voice : ချစ်သူများနေ့လည်း ရောက်တော့မှာဆိုတော့ ဘယ်လိုဖြတ်သန်းသွားဖို့စဉ်းစားထားလဲ။
KHA : ကျွန်တော်က FA ပါ။ FA ဆိုတာ အများပြောနေကြသလို Forever  Alone မဟုတ်ပါဘူး။ Free  And Avalabile ပါ။ Free လည်းဖြစ်တယ်။ RS ချိတ်ချင်လည်း ရတယ်ပေါ့နော်။ ကျွန်တော့်ဘဝမှာတော့ ချစ်သူများနေ့မှာ သူများတွေလို တစ်ခါမှလည်း ဝတ်စုံဆင်တူ မဝတ်ဖူးဘူး။ လူပျိုဖြစ်ခါစကတော့ အိမ်ကို အရုပ်ကြီးတစ်ရုပ် ရောက်လာဖူးတယ်။ ဘယ်သူပေးတာလဲဆိုတာကို အခုချိန်ထိမသိရဘူး။ ကျွန်တော်က ှSurprise လုပ်ခံရတာကို ကြိုက်တယ်။ ကိုယ်တိုင်လည်း Surprise လုပ်ကြည့်ချင်တယ်။ ဒါပေမဲ့ တာဝန်ယူရလောက်တဲ့ အထိတော့ Surprise လုပ်ရမှာတော့ ကြောက်တယ်။

Voice : ချစ်သူစုံတွဲတွေ ပျော်နေကြတဲ့အချိန်မှာ ကိုယ်ကတစ်ယောက်တည်း ဖြစ်နေတော့ အထီးမကျန်ဘူးလား။
KHA : ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်။ ကျွန်တော်တို့ကြတော့ ဒီလိုတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်တယ်။ ကိုယ်ရှာတာကိုယ်သုံး၊ ပျော်စရာဘယ်လောက်ကောင်းလဲ။ ဒါပေမဲ့ ဘယ်အချိန်အထိ တစ်ယောက်တည်းနေရတဲ့ ဘဝမှာ ပျော်နေဦးမလဲတော့ မသိသေးဘူး။ သေချာတာတော့ တစ်ယောက်တည်းတော့ နေမှာမဟုတ်ပါဘူး။ တစ်ယောက်တည်းဖြတ်သန်းရတာကျတော့ ကြာရင် ပျင်းစရာကောင်းတယ်လေ။ 

သန့်ဇင်ဦး


  • VIA