News

POST TYPE

INTERVIEW

ဒေါက်တာရတနာနှင့် တွေ့ဆုံခြင်း
13-Feb-2019
လူငယ်နှင့် လိင်ပညာပေး

“အရေးပေါ်သန္ဓေတားဆေးကို သောက်ကြတယ်။ ဒါတွေက ကိုယ်ဝန်ကိုပဲ ကာကွယ်ပေးတယ်”



လူငယ်ထုအကြား လိင်ပညာပေး၊ ကူးစက်ရောဂါများနှင့် ပတ်သက်၍ အသိပညာအားနည်းမှုများရှိသည်။ UNFPA အနေနှင့် Valentine’s Day (ချစ်သူများနေ့) မတိုင်မီ လူငယ်များအား လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခြင်းကို မသိရှိခြင်းနှင့် ကွန်ဒုံးအသုံးမပြုခြင်းကြောင့် ရောဂါကူးစက်မှုများရှိခြင်းကို သိရှိနိုင်စေရေးအတွက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) လူငယ်နှင့် ဆယ်ကျော်သက်ဆိုင်ရာ စီမံကိန်းအရာရှိ ဒေါက်တာရတနာနှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လူငယ်ထုကြား သိသင့်သိထိုက်ပြီး အသိပညာပိုင်းမှာ အားနည်းတဲ့ လိင်ပညာပေးနဲ့ ကူးစက်ရောဂါတွေအကြောင်းကို ရှင်းပြပေးပါဦး။
Dr.YDN : အသိနည်းတယ်ဆိုတာထက် သိတော့ သိကြတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်ဖြစ်ချင်မှ ဖြစ်မယ်။ အဓိကအားဖြင့် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါက လိင်ဆက်ဆံရင်ကူးတယ်။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါကို ကာကွယ်နိုင်တာ နှစ်ခုပဲရှိတယ်။ တစ်ခုက လိင်မဆက်ဆံရင် မကူးဘူး။ နောက်တစ်ခုက လိင်ဆက်ဆံမယ်။ ဒါပေမဲ့ Safe Side ဖြစ်တယ်။ ဒါက ကွန်ဒုံးသုံးတာကို ဆိုလိုတာ။ နည်းလမ်းအများကြီးတွေထဲမှာ ကွန်ဒုံးတစ်ခုကပဲ ကိုယ်ဝန်ရတာကိုလည်း ကာကွယ်တယ်။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်တယ်။ ဒါကို သိတဲ့သူတွေရှိသလို၊ မသိတဲ့သူတွေလည်းရှိတယ်။ တခြားသန္ဓေတားနည်းလမ်းတွေလည်းရှိတယ်။ အရေးပေါ်သန္ဓေတားဆေးကို သောက်ကြတယ်။ ဒါတွေက ကိုယ်ဝန်ကိုပဲ ကာကွယ်ပေးတယ်။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ ကာလသားရောဂါတွေကို ကာကွယ်ပေးနိုင်တာ ကွန်ဒုံးပဲရှိတယ်။

Voice : ကွန်ဒုံးနဲ့ပတ်သက်ပြီး ဘယ်လိုထိထိရောက်ရောက် အသုံးပြုရမလဲဆိုတာ ရှင်းပြပေးပါဦး။
Dr.YDN : ပထမဆုံး သိရမယ့်အသိက ကွန်ဒုံးသုံးရမယ်ဆိုတဲ့ အသိပဲ။ နောက်တစ်ခုက ဘယ်လိုမှန်မှန်ကန်ကန်သုံးရမလဲပေါ့။ တချို့က သုံးရမယ်ဆိုတဲ့ အသိရှိပေမယ့် ဝယ်ဖို့ခက်တယ်။ ဘာကြောင့်ဝယ်ဖို့ခက် သလဲဆိုတော့ ကွန်ဒုံးသုံးတာကို ပတ်ဝန်းကျင်က ဝေဖန်တာပေါ့။ အမှန်က သူ့ကိုရော သူနဲ့အတူလိင်ဆက်ဆံတဲ့သူကိုရော အကာအကွယ်ပေးချင်လို့သုံးတယ်။ ဘေးပတ်ဝန်းကျင်က ဒါကို ရှက်စရာလို့ယူဆတယ်။

Voice : လူငယ်တွေကြားမှာ လက်မထပ်ခင် အတူတူနေကြတာတွေရှိတယ်။ ဒီလိုနေထိုင်ပြီးတဲ့အခါ ဘယ်လိုအချက်တွေကို သတိပြုသင့်ပြီးတော့ နောက်ဆက်တွဲ ကျန်းမာရေးအနေနဲ့ ဘာတွေကြိုတင်ကာကွယ်ထားဖို့လိုပါသလဲ။
Dr.YDN : ဆရာမတို့ ပတ်ဝန်းကျင်မှာ လိင်ဆက်ဆံတာကို မကောင်းတာမျိုး၊ ပါးစပ်ထဲက မပြောသင့်တာမျိုး၊ အားနာရမှာမျိုးပေါ့။ နေရာဒေသနဲ့တော့ လိုက်တယ်။ ဒါပေမဲ့ လိင်ဆက်ဆံတာသာ မရှိခဲ့ဘူးဆိုရင် လူတွေလည်း မွေးလာတော့မှာ မဟုတ်ဘူး။ လိင်ဆက်ဆံတယ်ဆိုတာက ကြောက်ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုက သူများရဲ့ အခွင့်အရေးကိုတော့ ဘယ်တော့မှမထိခိုက်ရဘူး။ ဒါကိုပြန်ချင့်ချိန်ရမှာဖြစ်တယ်။ လိင်ဆက်ဆံတဲ့အခါမှာ ပါဝင်ပတ်သက်သူသည် နှစ်ဦးနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံးသည် နှစ်ဦးသဘောတူ ဖြစ်ရမယ်။ အဲဒီလိုမဟုတ်ဘဲ တစ်ဦးဦးက သက်သောင့်သက်သာမရှိလို့ပဲဖြစ်စေ၊ မလုပ်ချင်လို့ပဲဖြစ်စေ၊ ထိန်းချုပ်ခံရလို့ပဲဖြစ်စေ No ဆိုပြီး ပြောပိုင်ခွင့်ရှိတယ်။ တစ်ဖက်က No လို့ပြောပြီဆိုရင် ကျန်တဲ့တစ်ယောက်ကလည်း No ပြောတာကို လေးစားရပါမယ်။ သူများမလုပ်ချင်တာကို ကိုယ်လုပ်ချင်တိုင်း အတင်းလုပ်ရင် ဒါက လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်သလို ဥပဒေပိုင်းအရလည်း ငြိစွန်းတယ်။ စုံတွဲတစ်ခုမှာ လိင်ဆက်ဆံတော့မယ်ဆိုရင် နှစ်ဦးသဘောတူနေဖို့ အရေးကြီးပါတယ်။ ဒီလိုနှစ်ဦးသဘောတူဆိုရင် နံပါတ်တစ်စဉ်းစားရမှာက အကာအကွယ်မပါဘဲလိင်ဆက်ဆံရင် ဘာဖြစ်လာမလဲဆိုတာ စဉ်းစားရမယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင် နှစ်ခုဖြစ်မယ်။ တစ်ခုက လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်တယ်။ နောက်တစ်ခုက ကိုယ်ဝန်ရနိုင်တယ်။ ဒီနှစ်ခုကို ကိုယ်က ရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်သလား။ အဆင်သင့်မဖြစ်ရင် ကွန်ဒုံးသုံးရမယ်။

Voice : ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး အားနည်းမှုတွေရှိတာ ဘာကြောင့်လဲ ဆရာမ။
Dr.YDN : လူငယ်တွေအသိနည်းတာ ဘာကြောင့်လဲဆိုတော့ ဆရာမတို့ကျောင်းတွေမှာ ပြီးပြည့်စုံတဲ့ လိင်ပိုင်းဆိုင်ရာပညာပေးနဲ့ပတ်သက်ပြီးတော့ သင်ကြားမှုက အရမ်းအားမကောင်းဘူး။ လိုအပ်ချက်တွေ ရှိနေသေးတယ်။ လူငယ်တွေက ဘယ်ကနေသင်ယူသလဲဆိုတော့ ကျောင်းကနေ သင်ယူကြတယ်။ နောက်ပြီး သင်ကြားပေးမယ်ဆိုရင်တောင် ဘယ်လိုအရာတွေက တားဆီးထားသလဲဆိုတော့ ကလေးတွေကို လိင်ဆိုတာနဲ့ ပတ်သက်ပြီး သင်ပေးတာမကောင်းဘူးဆိုတဲ့ တချို့လူတွေရှိတယ်။ အဲဒီလိုအခြေအနေတွေကြောင့် ကလေးတွေက ဒါကို ရှက်စရာလို့ထင်လာတယ်။ ပြီးပြည့်စုံတဲ့ လိင်ပိုင်းဆိုင်ရာပညာပေးဆိုတာက လိင်ပိုင်းဆိုင်ရာတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ လူ့အခွင့်အရေးသဘောတရားတွေ ပါ,ပါတယ်။ ပြီးတော့ ကျား၊ မ တန်းတူညီမျှမှုသဘောတွေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူကွဲပြားမှုတွေကို အပြန်အလှန်လေးစားရမယ်၊ နှိမ့်ချမှုတွေမလိုဘူး စတာတွေနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးပြောင်းလဲမှုတွေလည်းပါသလို လိင်ဆက်ဆံတာ၊ လိင်စိတ်ခံယူမှုတွေလည်းပါတယ်။ နောက်ပြီး ဘဝအတွက် ဘယ်လိုဆုံးဖြတ်ချက်တွေချမလဲ၊ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတော့ ဝေဖန်ပိုင်းခြားမှုတွေကို ကောင်းစေနိုင်တာ အားလုံးပါတာပေါ့။ ဒါကို ကျောင်းတွေမှာသင်ပေးဖို့လိုအပ်သလို ကျောင်းပြင်ပရောက် နေတဲ့ကလေးတွေကို သင်ပေးဖို့လိုတယ်။ ဒါကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် လူငယ်တွေ လိင်ဆက်ဆံတဲ့ အသက်အရွယ်နောက်ကျသွားမယ်။ လိင်ဆက်ဆံတဲ့အခါ နောက်ဆက်တွဲ ဘာတွေရှိသလဲဆိုတာ ဆုံးဖြတ်တတ်လာတယ်။ လိင်ဆက်ဆံဖက်က နည်းသွားတယ်။ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်လည်း နည်းသွားတယ်။ အန္တရာယ်များတဲ့ အပြုအမူတွေဖြစ်တဲ့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံတာတွေမလုပ်တော့ဘူး။ မလိုချင်တဲ့ကိုယ်ဝန်ကိုတားဖို့ သန္ဓေတားဆေးတွေ သုံးတတ်လာတယ်။ နောက်ပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေကိုပါ လျှော့ချလာနိုင်ပါတယ်။

Voice : ဟုတ်ကဲ့။ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံမိခြင်းကတစ်ဆင့် ဖြစ်နိုင်တာတွေကို ဘယ်လိုတားလို့ရနိုင်ပါသလဲ။
Dr.YDN : ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံမိရင် ဖြစ်နိုင်တာက နှစ်ခုရှိတယ်။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရနိုင်တာနဲ့ ကိုယ်ဝန်ရနိုင်တာပေါ့။ ကိုယ်ဝန် ကိုတားဖို့ဆိုရင် လိင်ဆက်ဆံပြီးပြီးချင်းနဲ့ ငါးရက်အတွင်းမှာ အရေးပေါ်သန္ဓေတားဆေးကို သောက်လို့ရတယ်။ အဲဒီလိုသောက်နိုင်ခဲ့ရင် ကိုယ်ဝန်ကိုတားနိုင်တယ်။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါအတွက်တော့ ဆေးစစ်ရမယ်၊ သွေးစစ်ရမယ်။ တွေ့ရှိချက်ပေါ်မူတည်ပြီး ဘယ်လိုမျိုးကုသမှုကို ခံယူမလဲပေါ့။

Voice : အရေးပေါ်သန္ဓေတားဆေးတွေက အန္တရာယ်မရှိနိုင်ဘူးလား ဆရာမ။
Dr.YDN : အရေးပေါ်သန္ဓေတားဆေး ခဏခဏသုံးတဲ့အခါမှာတော့ သူ့ရဲ့စွမ်းဆောင်နိုင်နှုန်းက ကျသွားနိုင်တယ်။ ဒါက အရေးပေါ်တဲ့အချိန်မှာ သုံးဖို့ထားတာ။ လူငယ်တွေ ခဏခဏ လိင်ဆက်ဆံဖို့ အစီအစဉ်ရှိတယ်ဆိုရင် ကွန်ဒုံးကို စနစ်တကျသုံးပါ။ ကွန်ဒုံးမသုံးချင်တဲ့သူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်လည်း ပုံမှန်သွေးစစ်တယ်။ ဘာမှမရှိဘူးဆိုရင် ပုံမှန်သန္ဓေတားဆေးကို သုံးကြပါ။

Voice : Valentine’s Day မှ မဟုတ်ဘဲ လူငယ်ထုကြားမှာ လိင်ပညာပေးနဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအသိပညာပေးတာတွေကို လိုအပ်နေပါသလဲ။
Dr.YDN : အခုက Valentine’s Day လည်း နီးလာတော့ Valentine’s Day ကို အစပြုပြီးတော့ ကိုယ်တန်ဖိုးထားတဲ့အရာက ဘာလဲဆိုတာကို မေးကြ၊ ပြောကြပြီး အပြန်အလှန် ဘယ်လိုတန်ဖိုးထားမှုတွေရှိသလဲဆိုတာကို ညှိနှိုင်းကြဖို့ ပြောချင်ပါတယ်။

Voice : ဆရာမအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.YDN : အဓိက လူငယ်တွေကိုပြောချင်တာက လိင်မဆက်ဆံချင်ရင် No လို့ပြောပါ။ တစ်ဖက်က ဒီလိုပြောလာတာကိုလည်း တစ်ဖက်ကလေးစားပါ။ နောက်ပြီး နှစ်ဦးသဘောတူတယ်ဆိုရင်လည်း ကွန်ဒုံးသုံးတာကို လုပ်ကြပါ။ နောက်တစ်ခု လူထုကိုပြောချင်တာက လူငယ်တွေက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လုပ်နေကြတယ်။ ဒီလိုအခြေအနေတွေမှာ ဆရာမတို့က လူငယ်တွေ မှန်ကန်တိကျတဲ့ ပြီးပြည့်စုံတဲ့ လိင်ပိုင်းဆိုင်ရာပညာပေးရဖို့ ပိုလိုအပ်တယ်။ အဲဒါကြောင့် မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေ၊ လက်လှမ်းမီတဲ့နေရာတွေကို ညွှန်းပို့ပါ။ မပိတ်ပင်ပါနဲ့။ ဒါမှ လူငယ်တွေက ကိုယ်လုပ်လိုက်တဲ့အရာရဲ့ အကျိုးဆက်ကိုသိပြီးတော့ ဆုံးဖြတ်ချက်ချနိုင်မယ်။ တာဝန်ယူနိုင်တဲ့သူတွေ ဖြစ်လာမယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ