News

POST TYPE

INTERVIEW

ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်ဟောင်း ဦးခင်လှိုင် (ဇောတိက)နှင့် တွေ့ဆုံခြင်း
13-Feb-2019

“ပါတီရဲ့ တံဆိပ်တွေ၊ ပါတီရဲ့ ရန်ပုံငွေတွေ၊ ပါတီရဲ့ လူအင်အားတွေအသုံးပြုရင် တစ်ဖက်က အသုံးပြုနိုင်မှာ မဟုတ်ပါဘူး”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်က ဝင်ယှဉ်ပြိုင်မှာလဲ။ 
UKH : ကျွန်တော့်အနေနဲ့ လိုအပ်မယ်ထင်လို့ ဝင်ယှဉ်ပြိုင်တာပါ။ ကျွန်တော်က မဲဆန္ဒနယ်အမှတ် ၃ ကနေ ဝင်ယှဉ်ပြိုင်မှာပါ။ မဲဆန္ဒနယ်အမှတ် ၃ မှာ ပါတဲ့ မြို့နယ်တွေက ကျွန်တော် ယခင်ထမ်းဆောင်ခဲ့ဖူးတဲ့ မြို့နယ်တွေထဲက ကိုးမြို့နယ်ပါတယ်။ ဒီနယ်မှာ ဆိုရင် ပန်းဘဲတန်း၊ လသာ၊ ဆိပ်ကမ်း၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်၊ တာမွေ စတဲ့ ၁၂ မြို့နယ်ပါတယ်။ သမ္မတကြီးရဲ့ တာမွေမြို့နယ်ပါ ပါနေတာဖြစ်တဲ့အတွက် ထမ်းဆောင်ခွင့်ရခဲ့မယ်ဆိုရင် အကောင်းဆုံး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။

Voice : ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင်ခြောက်ဦးထဲက တစ်ဦးက ဒုတိယမြို့တော်ဝန် ဖြစ်လာမယ်ဆိုတော့။
UKH : ရန်ကုန်စည်ပင်မှာရှိတဲ့ ကော်မတီဝင် ငါးဦးမှာ မြို့တော်ဝန်ကို နိုင်ငံတော်သမ္မတ ခန့်ထားတယ်။ ကျန်တဲ့လေးဦးက ရန်ကုန်တိုင်းအစိုးရက ခန့်ထားတာ ဖြစ်တယ်။ တစ်ဦးက မြို့တော်ဝန်၊ တစ်ဦးက တွဲဖက်အတွင်းရေးမှူး၊ တစ်ဦးက အတွင်းရေးမှူးစသဖြင့်ပေါ့။ အဲဒီနေရာမှာ ပြည်သူရွေးချယ်တဲ့ ခြောက်ဦးထဲက တစ်ဦးကို ဒုတိယမြို့တော်ဝန် ခန့်မယ် ဆိုတာကလည်း အဲဒီအစိုးရ ခန့်အပ်ထားတဲ့ ငါးဦးရဲ့ သဘောကျရွေးချယ်တဲ့သူပဲ ဒုတိယမြို့တော်ဝန် ဖြစ်လာနိုင်တယ်။ သူတို့ငါးယောက်က တစ်ယောက် တစ်မဲစီနဲ့ ဟိုဘက်က တစ်ယောက်ကိုပဲ စည်းရုံးလိုက်ရင် ဒုတိယမြို့တော်ဝန်ဟာ အစိုးရခန့်တဲ့သူ ဖြစ်သွားနိုင်တယ်။ ဒါဟာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားသင့်ပါတယ်။

Voice : ဒီနှစ်မှာ စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ပြိုင်တဲ့သူတွေအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UKH : နိုင်ငံရေးပါတီတွေ ဝင်ယှဉ်ပြိုင်လို့မရပါဘူး။ ဒီနှစ် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ပါဝင်လာတာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေကို ထိန်းကျောင်းတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနဲ့ ညီ မညီဆိုတဲ့ ကိစ္စရပ်ကို သူကနေ သက်ဆိုင်ရာ စည်ပင်ရွေးကောက်ပွဲ ကော်မရှင်တို့သော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ကိုလည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီအဖွဲ့ကိုလည်းကောင်း ညွှန်ကြားချက် တစ်ခုထုတ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ရန်ကုန် စည်ပင် ရွေးကောက်ပွဲနည်းဥပဒေဆိုတာ နည်းဥပဒေသည် လက်ရှိအားဖြင့် တိုင်းဒေသကြီးအစိုးရနဲ့ မြို့တော်ဝန်တို့က ပြဋ္ဌာန်းပြီးတော့ ရွေးကောက်ပွဲကျင်းပလို့ ရတယ်ပြောပေမယ့် အဲဒီပြဋ္ဌာန်းချက်ပါ အချို့ကိစ္စရပ်တွေ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို တိုင်းလွှတ်တော်ကို ရက် ၉၀ အတွင်း တင်ရမှာဖြစ်ပါတယ်။ တိုင်းလွှတ်တော်က ပြန်လည်ဆွေးနွေးပြီးမှသာလျှင် ဒါကို နိုင်ငံရေးပါတီများ ဝင်ခွင့် မဝင်ခွင့်ဆိုတဲ့ကိစ္စကို လွှတ်တော်က ဆုံးဖြတ်ပါမယ်။ အဲဒီအချိန် ကျန်ပါသေးတယ်။ ဒါကို တိုင်းဒေသကြီး အစိုးရက သူရဲ့ဆန္ဒအတိုင်း လုပ်ချင်တယ်ဆိုရင် ဥပဒေနဲ့အညီ မဟုတ်ရင်မရပါဘူး။ နိုင်ငံတကာမှာက မြို့တော်ဝန်ကို ပြည်သူကခန့်တာ။ ဒီမှာလိုမျိုးခန့်တာ မဟုတ်ဘူး။ နောက်တစ်ခုက အဲဒီမြို့တော်ဝန်ခန့်နှုန်းက တစ်နိုင်ငံလုံးရဲ့ ရရှိတဲ့အခွန်ငွေထဲကနေ ဘတ်ဂျက်ကိုခွဲဝေပြီး လုပ်တာဖြစ်တဲ့အတွက် ဖြစ်သင့်တယ်။ နိုင်ငံခြားမှာအတိုင်း ဖြစ်ချင်ရင် မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားအတိုင်းဖြစ်အောင် ပြည်သူရွေးဖို့လိုပါတယ်။ ရန်ကုန်မြို့ ကြီးမှာလုပ်တဲ့ ရွေးကောက်ပွဲကိုလည်း နိုင်ငံတော်အဆင့် အကုန်အကျခံရမယ်။ အခုကတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ၃၃ မြို့နယ်က ပြည်သူအခွန်ထမ်း တွေထဲက ကျပ်နှစ်ဘီလီယံ (ကျပ်သိန်းနှစ်သောင်း) အကုန်အကျခံတယ်။ ဒါ့အပြင် ရွေးကောက်တင်မြှောက် ပြီးရတဲ့ ကိုယ်စားလှယ် ၁၀၅ ဦးကို တစ်ယောက် ငါးသိန်းနှုန်းနဲ့ ပေးမယ်ဆိုရင် ၂ နှစ်ဆို သိန်း တစ်သောင်း နှစ်ထောင်၊ နှစ်ခုပေါင်းရင် သိန်းသုံးသောင်းနှစ်ထောင်။ အခြားစရိတ်နဲ့ဆိုရင် သိန်းလေးသောင်းကျော် အကုန်အကျခံပြီးတော့ လုပ်တဲ့ပွဲမှာ နိုင်ငံရေးပါတီ တွေအနေနဲ့ ဝင်ယှဉ်ပြိုင်သင့်၊ မပြိုင်သင့် ကိုယ့်ဟာကိုယ် စဉ်းစားပေါ့။ ဒီပွဲက အခွန်ထမ်းအချင်းချင်း ရွေးကောက်တင်မြှောက်ရမယ့်ပွဲ ဖြစ်ပါတယ်။ နိုင်ငံတကာလို လုပ်ချင်ရင် နိုင်ငံတကာစံနဲ့လုပ်ပါ။ ဥပဒေအရတော့ ခွင့်ပြုထားတာမရှိတဲ့အတွက် ဘာမှ ပြောစရာမရှိပါဘူး။ လူဆိုတာက တစ်ယောက်နဲ့ တစ်ယောက်သဘောထားချင်း မတူတာဖြစ်တဲ့အတွက် တစ်ယောက်ကလည်း ပါတီဝင်ပြိုင်တာ သဘောကျမယ်။ တစ်ဖက်ကလည်း ပါတီဝင်မပြိုင်နဲ့ ပြောတယ်။ ဒါဆိုရင် တူညီသောအခွင့်အရေး၊ တူညီသော ငွေကြေးသုံးစွဲမှု၊ တူညီသော စည်းရုံးနိုင်တဲ့ လူအင်အား တူညီဖို့လိုအပ်တယ်။ အခုကျ ဒီသုံးခုက ကွဲပြားတယ်။ အခွန်ထမ်းအချင်းချင်းမှာ နိုင်ငံရေးပါတီဝင်အခွန်ထမ်းများလည်း ဝင်ပြိုင်ခွင့်ရှိသလို နိုင်ငံရေးပါတီမဟုတ်တဲ့ အခွန်ထမ်းတွေလည်း ဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ နိုင်ငံရေးပါတီဝင်တွေကို လက်မခံဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးပါတီဝင်များအနေနဲ့ ဝင်ယှဉ်ပြိုင်ခွင့်ရှိတယ်ဆိုပေမယ့် မိမိရဲ့ ဘက်ကရောင်းဖြစ်တဲ့ ပါတီရဲ့တံဆိပ်တွေ၊ ပါတီရဲ့ ရန်ပုံငွေတွေ၊ ပါတီရဲ့ လူအင်အားတွေအသုံးပြုရင် တစ်ဖက်က အသုံးပြု နိုင်မှာမဟုတ်ပါဘူး။ တူညီတဲ့ အခွင့်အရေးမဟုတ်တဲ့အတွက် မျှတမှု ရှိ မရှိ ကိုယ့်ဟာကိုယ့်ဆုံးဖြတ်ပါ။ နိုင်ငံရေးပါတီများရဲ့ လိုဂိုတွေ၊ အမှတ်တံဆိပ်တွေနဲ့ စည်းရုံးမယ်ဆိုရင်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းနည်းဥပဒေမှာပါတဲ့ စကားရပ်တစ်ခုကအစ နိုင်ငံရေးပါတီကို ကော်မရှင်က ညွှန်ကြားခွင့်ရှိပါတယ်။ လိုဂိုရောစာသားကအစ နိုင်ငံရေးပါတီများကို ကော်မရှင်က ထိန်းကျောင်းထားတာ ဖြစ်တဲ့အတွက် ဒီလိုဂိုအသုံးပြုပြီးတော့ တွေ့တဲ့နေရာတိုင်း ဘယ်နေရာမဆို စည်းရုံးပိုင်ခွင့်မရှိသလို အရေးကြီးတဲ့ ဒီရွေးကောက်ပွဲမှာလည်း သူတို့နဲ့ မဆိုင်တဲ့ ရွေးကောက်ပွဲမှာ အသုံးပြုခွင့်မရှိဘူးလို့ ပြောချင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့် မဲပေးသင့်သလဲ။
UKH : ရန်ကုန်မြို့ ကြီးမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ် ရှိတယ်။ ၄၅ မြို့မှာ ၃၃ မြို့နယ်သာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြို့အဖြစ် သတ်မှတ်ထားတာ။ ဒီမြို့မှာ နေထိုင်ကြတဲ့ သူတွေရဲ့ အခွင့်အရေးပဲ။ ဒီနေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုတာက ၃၃ မြို့နယ်မှာရှိတဲ့ ပြည်သူတွေကနေပြီး အခွန်တွေ စည်ပင်ကို ပေးဆောင်ထားပြီး အဲဒီရတဲ့ပိုက်ဆံနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာကို ဖွဲ့စည်းတာ။ ကော်မတီအပြင် ဝန်ထမ်းတွေကိုလည်း ဒီကရတဲ့အခွန်ထဲက ၃၀ ရာခိုင်နှုန်းကို ပေးပြီးတော့ ခန့်ထားတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ အဖွဲ့အစည်းမှာ တာဝန်ယူနေကြတဲ့သူတွေက ရွေးကောက်ခံ တွေမဟုတ်ဘူး။ ခန့်အပ်ထားတဲ့အစိုးရအဖွဲ့ကလာပြီး စီမံခန့်ခွဲတာ။ ဒီခန့်ခွဲတဲ့ကိစ္စတွေကို ပြည်သူ့ ကိုယ်စားလှယ်တွေက သိဖို့လိုတယ်။ အဲဒီလိုပြည်သူတွေရဲ့ အခက်အခဲကို တင်ပြနိုင်မှ ပြည်သူတွေအတွက် လုပ်ပေးနိုင်မှာ ဖြစ်တယ်။ ကျွန်တော်တို့ အခွန်တွေနဲ့ ဖွဲ့စည်းထားတဲ့ဒီအဖွဲ့ကြီးထဲမှာ အစိုးရခန့်တွေတင်မက ကျွန်တော်တို့ရဲ့ ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေပါမှသာ ကျွန်တော်တို့ နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး၊ တစ်နေ့တာ လုပ်ငန်းစဉ်တွေ၊ စည်ပင်ရဲ့ အဓိကလုပ်ငန်းစဉ်တွေဖြစ်တဲ့ မွေးသည်မှ သေသည်အထိ ကိစ္စရပ်တွေအတွက် ပြေပြေလည်လည် ချောချောမွေ့မွေ့လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်ဖို့ ကျွန်တော်တို့ရင်ဖွင့်တဲ့စကားတွေ ပြောနိုင်ဖို့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေ လိုအပ်တာဖြစ်တဲ့အတွက် ရန်ကုန်မြို့ ၃၃ မြို့နယ်မှာရှိတဲ့ ပြည်သူတွေ မဲပေးဖို့အရေးကြီးပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်ပဲရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့်အချိန်လုံလောက်မယ်ထင်သလား။ 
UKH : ဝင်ပြိုင်တဲ့ ကော်မတီဝင်ဖြစ်မယ့်သူတွေအပေါ်မှာ မူတည်ပါတယ်။ ကော်မတီဝင်တွေက အဓိပတိ လေးပါးပြည့်စုံဖို့လိုတယ်။ နံပါတ် (၁) ဆန္ဒအဓိပတိပေါ့ ဆန္ဒရှိဖို့လိုတယ်။ ပြည်သူလူထုရဲ့ဝန်ဆောင်မှု လုပ်ငန်း တွေအပေါ်မှာ လုပ်ပေးချင်တဲ့ ဆန္ဒမှန်ဖြစ်ဖို့လိုတယ်။ နောက် ဝီရိယကျ ဒီလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ နေ့ရော ညပါအချိန်မထားဘဲ ဝီရိယကောင်းရမယ်။ နောက်တစ်ခုက ဉာဏ်ပညာပေါ့။ ဉာဏ်ပညာနဲ့ ပတ်သက်ရင် တွေးခေါ်မြော်မြင်ရမှာ အများကြီးပါပဲ။ ကော်မတီဝင်တစ်ယောက် ဖြစ်ပြီဆိုကတည်းက ဝန်ထမ်း နှစ်သောင်းကျော်ကို ကိုယ်စားပြုတဲ့ဝန်ထမ်း အကြီးအကဲတစ်ယောက်ဖြစ်သွားပြီ။ ဝန်ထမ်းအကြီးအကဲဖြစ်တဲ့အတွက် ကိုယ်က အဲဒီဝန်ထမ်းတွေနဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံယူရမှာဖြစ်ပါတယ်။ ကိုယ့်အောက်က ဝန်ထမ်းတွေ ဘယ်လိုပြဿနာတွေပဲ တက်တက် တာဝန်ယူမှု တာဝန်ခံမှုရှိရပါတယ်။ ပြည်သူ့ဘက်က ကြည့်ရင်လည်း ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်သူကို မျက်နှာမူရမယ်။ ဝန်ထမ်းတွေရှေ့မှာ မားမားမတ်မတ်ရပ်ပြီးတော့ မှန်မှန်ကန်ကန် ပြည်သူတွေအတွက် လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ် ဆိုရင်တော့ ၂ နှစ်ဆိုတာ မပြောပါနဲ့။ ခြောက်လလောက်နဲ့တင် အောင်မြင်သွားပါပြီ။ အဲဒီစိတ်ဓာတ်မရှိရင် မရပါဘူး။

Voice : လက်ရှိမှာကလည်း စည်ပင်ဥပဒေ အသစ် ထုတ်ပြန်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်သလဲ။ 
UKH : အဓိကတော့ ကိုယ့်စိတ်ကို လုပ်ငန်းအပေါ် နှစ်ထားပြီး ခိုင်မာပြတ်သားဖို့ လိုအပ်ပါတယ်။ မိုက်စရာရှိ မိုက်ရဲရမယ်။ လုပ်စရာရှိ လုပ်ရဲရမယ်။ အများအတွက်ဆို သတ္တိအပြည့်ရှိရမယ်။ အဲဒါမှဖြစ်မယ်။ ဆန္ဒ၊ ဝီရိယ၊ စိတ်ရယ်၊ ပညာရယ် အဲဒီလေးပါး ညီညွတ်ရင် အောင်မြင်ပါပြီ။

သက်သျှိုင်းသူ