News

POST TYPE

INTERVIEW

ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း
06-Feb-2019

စိတ်ဖိစီးမှုများကြောင့် အိပ်မပျော်ခြင်း

“Facebook တွေ အရမ်းကြည့်တာမျိုး၊ အရမ်းအိပ်နေတာမျိုး၊ အရက်၊ ဘီယာသွားသောက်တာမျိုးတွေက ပြဿနာကိုဖြေရှင်းတဲ့ နည်းလမ်းမှန်မဟုတ်ဘူး”



လူမှုနယ်ပယ်တွင် အလုပ်ကိစ္စ၊ ကျောင်းကိစ္စများကြောင့် စိတ်ဖိစီးမှုခံစားရသူများစွာကို တွေ့ရှိရပါသည်။ ထိုသို့ ဖိစီးမှုများကြောင့် အိပ်မပျော်ခြင်းများကိုလည်း လူတော်တော်များများ တွေ့ကြုံနေရပါသည်။ ထိုကဲ့သို့ စိတ်ဖိစီးမှုများကြောင့် အိပ်မပျော်ခြင်းများကို ခံစားရပါက စိတ်ကျန်းမာရေးဆေးရုံ ပြင်ပလူနာဌာနတွင် လူနာကိုယ်တိုင်စာရင်းပေးသွင်းကာ ပြသနိုင်ပြီး ယင်းစိတ်ဖိစီးမှုနှင့်ပတ်သက်၍ စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : လူထုကြားမှာ စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာတွေတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက် ပြီးတော့ ရှင်းပြပေးပါဦး။
Dr.TZ : စိတ်ဖိစီးမှုများတာက အဖြစ်များတဲ့ လက္ခဏာထဲမှာ ပါပါတယ်။ ဒါကနိစ္စဓူဝ ကြုံနေရတာပါ။ စိတ်ဖိစီးမှုရဲ့ရောဂါတွေကိုက ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ တုံ့ပြန်မှု၊ ခံစားမှုပိုင်းဆိုင်ရာ တုံ့ပြန်မှု၊ အပြုအမူပိုင်းဆိုင်ရာ တုံ့ပြန်မှုစသဖြင့် နည်းနည်းစီကွာသွားတာပေါ့။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုဆိုရင် ကျွန်တော်တို့လည်း ခံစားဖူးတယ်။ ဒါက စိတ်ဖိစီးမှုများလာရင် နုန်းတယ်၊ ခေါင်းတွေအုံတယ်၊ အကြောအခြင်တွေ ကိုက်တယ်၊ ဇက်ကြောတက်တယ်။ အဲဒီအထဲမှာမှ အိပ်မပျော်တာလည်းပါတယ်။ နောက်ပြီး စိတ်ဖိစီးမှု များလာရင် ရင်တွေတုန်လာတယ်၊ ခြေဖျားလက်ဖျားတွေ အေးတာအထိ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများတဲ့ အချိန်မှာ မှတ်ဉာဏ်တွေက အာရုံစူးစိုက်ရ ခက်သွားတယ်။ ဆုံးဖြတ်ချက်တွေ ဝေဝါးလာတယ်။ အတွေးမြန် လွန်းတာတွေ ဖြစ်လာတယ်။ ခံစားမှုပိုင်းဆိုင်ရာမှာ ဖိစီးမှုများရင် ဂနာမငြိမ်ဖြစ်လာတယ်၊ တချို့ဆို ဒေါသ ဖြစ်လွယ်တယ်၊ စိတ်တိုတယ်၊ ကြောက်တယ်။ တခြား သိသာထင်ရှားတာဆိုရင် သူများတွေကို သွားအော်တယ်၊ ကြိမ်းမောင်းတာတွေ ဖြစ်ကုန်တယ်။ တချို့ဆို စိတ်လက်မာန်ပါနဲ့ သူများကို ရိုက်နှက်တာတွေ၊ ပစ္စည်းတွေဖျက်ဆီးတာတွေအထိ ဖြစ်ကုန်တယ်။ အိပ်မပျော်ဘူးဆိုတာကလည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများတဲ့ တုံ့ပြန်မှုတစ်ခုဖြစ်တယ်။

Voice : ဟုတ်ကဲ့။ ဒီလိုမျိုးတွေကြုံတွေ့ရတဲ့အခါ ဘယ်လိုကုသမှုမျိုးတွေ လုပ်သင့်ပါသလဲ။
Dr.TZ : စိတ်ဖိစီးမှုများရင် နေထိုင်သင့်တဲ့အပြုအမူ တွေကတော့ Lifestyle ပြောင်းရတာတွေရှိတယ်။ တကယ်လို့ အအိပ်ပျက်၊ အစားပျက်တာမျိုး ဆိုရင်တော့ အိပ်ချိန်ပုံမှန်ဖြစ်ဖို့လိုတယ်။ အစားအသောက်ပျက်လို့ ကိုယ်ခံအားလျော့နည်းရင် ဖိစီးမှုကို သိပ်မခံနိုင်တော့ဘူး။ ဒီတော့အာဟာရပြည့်ဝဖို့ လိုတယ်။ စိတ်ရှုပ်လို့ လက်ဖက်ရည်၊ ကော်ဖီတွေ ပိုသောက်တတ်တဲ့အခါမှာ ဂနာမငြိမ်တာတွေ ပိုဖြစ်တယ်။ ဒါတွေကို လျှော့သောက်ဖို့လိုအပ်တယ်။ စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ နည်းလမ်းတွေက အများကြီးပဲ။ တချို့က လေ့ကျင့်ခန်းလုပ်ပြီး ချွေးတွေထွက်တာများရင် ကောင်းလာတာရှိတယ်။ တချို့ကျတော့ သီချင်းနားထောင်တယ်။ အဲဒါတွေက ဖိစီးမှုကိုလျော့နည်းစေတယ်။ တချို့ အနင်းအနှိပ်ခံလိုက်ရင် နေလို့ကောင်း သွားတာတွေရှိတယ်။ နောက်ပြီး အေးအေးဆေးဆေး အဲကွန်းခန်းထဲမှာနားလိုက်ရင် သက်သာတယ်။ ခေါင်းသွားလျှော်လိုက်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုးတွေ၊ မိသားစုနဲ့ သွားတွေ့တာမျိုး၊ ဘုရားသွားဖူးတာမျိုး၊ ပရဟိတလုပ်တာမျိုးတွေကလည်း စိတ်ဖိစီးမှုကို လျော့စေတယ်။

Voice : စိတ်ဖိစီးမှုကြောင့်ပဲ အိပ်မပျော်တာလား၊ အိပ်မပျော်တာများလာလို့ပဲ စိတ်ဖိစီးတာလား ဆရာ။
Dr.TZ : အိပ်မပျော်တာလည်း အကြောင်းအရာ အများကြီးရှိတယ်။ အိပ်မပျော်တာက စိတ်ပိုင်းဆိုင်ရာမှာ စိတ်ဖိစီးမှုတစ်ခုတည်းကြောင့် မဟုတ်ဘူး။ တချို့ဆို စာမေးပွဲနီးတဲ့အခါ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေကြောင့်လည်း ဖြစ်တယ်။ စိတ်ဓာတ်ကျတဲ့သူကလည်း အိပ်မပျော်တာတွေရှိတယ်။ မူးယစ်ဆေးနဲ့ အရက်တွေ သောက်သုံးလို့ အိပ်မရတာတွေလည်းရှိတယ်။ ကော်ဖီအသောက်များပြီး အိပ်မပျော်တာမျိုးတွေပေါ့။ အိပ်မပျော်တာကတော့ အကြောင်းအရင်းအများကြီး ရှိတာပေါ့။ အဲဒီမှာမှ အိပ်မပျော်တာများရင် ဖိစီးမှုများ လာတယ်ဆိုတာက အာရုံစူးစိုက်မှုတွေများပြီး နေ့ခင်းနေ့လယ်အလုပ်တွေမှာ အာရုံစိုက်လို့မရတော့ဘူး။ ဆုံးဖြတ်ချက်တွေ ချရခက်လာတယ်။ အပြန်အလှန်ပေါ့။ စိတ်ဖိစီးမှုအပြင်းအထန်ပေါ်မူတည်ပြီးတော့ အိပ်ရေးပျက်တာတွေလိုက်လာတယ်။

Voice : အဲဒီလိုဖြစ်တာကြာလာရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။
Dr.TZ : အိပ်မပျော်တာတွေများလာရင် သိသာထင်ရှားတာကတော့ ရုပ်ပိုင်းဆိုင်ရာမှာ ပိန်တာတို့၊ အလုပ်၊ ကျောင်းတွေမှာ အာရုံစူးစိုက်မှုတွေမရတော့ဘူး။ အာဟာရချို့တဲ့တာမျိုးတွေ ဖြစ်လာတယ်။ 

Voice : ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများလာရင် အဲဒီလူအနေနဲ့ နှစ်သိမ့်ဆွေးနွေး (Counselling) ဖို့ လိုအပ်သလား။
Dr.TZ : လိုပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမှာ ဖြေရှင်းနည်းက နှစ်မျိုးရှိတာပေါ့။ ကိုယ်ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းရှိတယ်။ ကိုယ်ဖြစ်နေတာကို ကျွမ်းကျင်တဲ့သူဆီကနေ အကြံဉာဏ်တောင်းတာမျိုးနဲ့ သတင်းအချက်အလက်တွေ ရယူတာမျိုးပေါ့။ နောက်တစ်ခုကျတော့ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာကို Why မေးခွန်းတွေ(ဘာကြောင့်၊ ဘယ်သူတွေပါဝင်သလဲ၊ အချိန်ကန့်သတ်ချက်) နဲ့ လုပ်တာကလည်း ဖြေရှင်းနည်းတစ်ခုပေါ့။ Facebook တွေအရမ်းကြည့် တာမျိုး၊ အရမ်းအိပ်နေတာမျိုး၊ အရက်၊ ဘီယာသွားသောက်တာမျိုးတွေက ပြဿနာကိုဖြေရှင်းတဲ့ နည်းလမ်းမှန်မဟုတ်ဘူး။ နောက်တစ်ခုက စိတ်ဖိစီးမှုများလာရင် ခံစားချက်ပိုင်းမှာ ဂနာမငြိမ်ဖြစ်လာတယ်။ ဒေါသထွက် လွယ်တယ်၊ ကိုယ်ခံစားနေရတာတွေကို ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ကို ဖွင့်ပြောလိုက်ရင်ပေါ့သွားတယ်။ ဒါမှမဟုတ် Counseller ဆီမှာ ဖွင့်ပြောလိုက်ရင်လည်း ခံစားရတာ တစ်စိတ်တစ်ပိုင်း လျော့သွားမယ်။ Counseller ဆီကအကြံဉာဏ်လည်း ရနိုင်တယ်။ အားပေးမှုတွေရနိုင်တယ်။ ကိုယ့်ကိုခွန်အားပေးနိုင်တဲ့ စကားတွေကိုလည်းရနိုင်တယ်။ Counselling လုပ်တာဟာ အများကြီးသက်ရောက်မှုရှိတယ်။ Counselling ကို လုပ်ပေးနိုင်တာက စိတ်ကျန်းမာရေးဆရာဝန်တွေချည်းပဲမဟုတ်ဘူး။ စိတ်ကျန်းမာရေးသူနာပြုတွေ၊ စိတ်ပညာရှင်တွေနဲ့ ရိုးရိုးဆရာဝန်တွေကလည်း လုပ်ပေးနိုင်ပါတယ်။

Voice : ဒီလိုခံစားရတာကြာလာရင် ဦးနှောက်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေရှိလာနိုင်သလား ဆရာ။
Dr.TZ : အိပ်ရေးပျက်တာတွေ၊ လူနေမှုပုံစံတွေပြောင်း လဲသွားတာတွေကြောင့် ဦးနှောက်မှာ အနည်းနဲ့ အများတော့ ထိခိုက်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့ ပိုများတယ်။ ဖိစီးမှုများလာရင် တချို့က ပေါက်ကွဲ ထွက်လာပြီး စိတ်ဓာတ်ကျတတ်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဖိစီးမှုများလာရင် ဒီအတိုင်း မနေဘဲနဲ့ နားလည်တတ်ကျွမ်းတဲ့သူတွေဆီက အကြံဉာဏ်ရယူတာမျိုး လုပ်သင့်တယ်။ ပြီးတော့ အပေါ်မှာပြောခဲ့သလို ဖြေလျှော့နည်းတွေ လုပ်ကြည့်သင့်တယ်။ ကိုယ့်ရဲ့နေ့စဉ်အလုပ်တွေမှာ ချို့ယွင်းလာပြီဆိုရင် အလုပ်တွေမလုပ်နိုင်တော့ဘူး၊ ကျောင်းသားဆိုလည်း ကျောင်းမသွားနိုင်တော့ဘူး၊ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာမှာထိခိုက်လာပြီဆိုရင် သက်ဆိုင်ရာကျွမ်းကျင်တဲ့သူတွေနဲ့ ကုသမှုခံယူသင့်နေပါပြီ။

Voice : ဟုတ်ကဲ့။ အခုမေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး လူထုအတွက် ဆရာ့အနေနဲ့ သတင်းစကားလေးပါးပေးပါဦး။
Dr.TZ : အိပ်မပျော်တဲ့သူတွေအနေနဲ့ မနက်ခင်းပိုင်းမှာ ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်မယ်။ တချို့က ဖိစီးမှုတွေများတော့ အစားတွေတတွတ်တွတ် မစားဖို့နဲ့ အိပ်ခါနီးမှာ ဗိုက်တင်းနေအောင်မစားဖို့။ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ပျော်အောင် တတ်နိုင်သလောက်ကြိုးစားမယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေကို လျှော့သောက်ရမယ်။ အိပ်ခါနီး ၁၀ နာရီနောက်ပိုင်းမှာ Faceook တွေမကြည့်ပါနဲ့။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုး၊ အိပ်တဲ့အချိန်မှာလည်း မီးကိုမှိတ်ပြီးအိပ်တာမျိုးနဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာဆိုရင်တော့ ပိုကောင်းပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ