News

POST TYPE

INTERVIEW

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း
04-Feb-2019


“ဒါကို အချိန်မီသေးတယ်။ ကာကွယ်ရမယ်။ အစိုးရကလည်း ဆုံးဖြတ်ချက်မမှားပါနဲ့” 

ဧရာဝတီမြစ်ဆုံတွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို အပြီးတိုင် ရပ်တန့်ဖျက်သိမ်းရေးနှင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ပညာရှင်များ ဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ နာရေးကူညီမှု အသင်းရုံး၌ ပြုလုပ်ခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးနှင့်ပတ်သက်၍ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် ရန်ကုန်ခေတ်သစ်မီဒီယာတို့ တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး : အန်ကယ် မင်္ဂလာပါ။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဦးသောင်းထွန်းက ပြောတာပေါ့ မြစ်ဆုံကို သေးအောင်လုပ်မယ်။ ပြီးတော့ နေရာရွှေ့မယ်ပေါ့။ ဒီလိုမျိုး လုံးဝဖျက်သိမ်းတာတော့မဟုတ်ဘဲနဲ့ စာချုပ်ကို ပြန်ပြင်ချုပ်ဆိုမယ်။ သူတို့ ကြိုးစားနေတယ်။ တရုတ်နဲ့ ညှိနှိုင်းနေတယ်လို့ပြောတယ်။ အဲဒီဟာက ဆရာကြီး တကယ်ရော လက်တွေ့ကျရဲ့လား။ 
ဖြေ : ကျွန်တော့်အမြင်ကတော့ မထောက်ခံတဲ့ အထဲမှာ ပါမှာပေါ့နော်။ ကျွန်တော်တို့ကတော့ နံပါတ်တစ် Target ထားတာကတော့ မြစ်ဆုံမှာ တာဆောက်တာပေါ့။ အဲဒီတာဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး လုံးဝရပ်တန့်ပေးဖို့ကတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်၊ ကျွန်တော်တို့ ရည်မှန်းချက်ပဲ။ အဲဒီတော့ မြစ်ဆုံမှာ ဆက်ဆောက်မယ်၊ အရွယ်အစားကို သေးမယ်ဆိုတာလည်း ကျွန်တော်တို့ လက်မခံနိုင်ဘူး။ နောက်နေရာပြောင်းတယ်ဆိုတဲ့ နေရာမှာလည်း နေရာက ဒါလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ ကြည့်ရဦးမှာပဲလေ။ အဓိကကတော့ ဧရာဝတီရဲ့တန်ဖိုးကို ကျွန်တော်တို့ တော်တော်အလေးထားတယ်။ သိပ္ပံပညာရဲ့ ရှုထောင့်မျိုးစုံအရ ဒီဧရာဝတီပေါ်မှာ တာဆောက်တဲ့နေရာမှာ အထူးသဖြင့် Mega Dam လို့ခေါ်တဲ့ မြစ်ဆုံတာလို တာကြီးတွေ ဆောက်တဲ့လုပ်ငန်းက နားလည်ပေးလို့ကို ကျွန်တော်တို့ ဘယ်လိုမှမရဘူး။ နည်းနည်းပါးပါး ကိုယ့်ဘက်က လျှော့ပေးလို့ ဒါမှ မဟုတ်ဘဲလည်း ကိုယ်ချင်းစာပေးလို့ ရမလားလို့ အမျိုးမျိုး စဉ်းစားပါတယ်။ ဘယ်လိုမှ လက်ခံလို့ကို မရဘူး။ လက်ခံလို့မရဘူးဆိုတာ နံပါတ်တစ်က နည်းပညာအားဖြင့်လည်း ခေတ်မမီတော့ဘူး။ နံပါတ်နှစ်က ဒီ Dam ကြီးတွေ ဆောက်တုန်းကလည်း သေချာစနစ်တကျနဲ့ ဆန်းစစ်လေ့လာချက်တွေ မလုပ်ခဲ့ဘူး။ အချိန်လည်း လုံလုံလောက်လောက် မပေးခဲ့ဘူး။ တတ်ကျွမ်းတဲ့ ပညာရှင်လည်း မပါခဲ့ဘူး။ အဲဒါကို တက်သုတ်ရိုက်ပြီးတော့ နောက်ဆုံး ပရောဂျက်မပြီးခင်တောင်မှ အဆုံးသတ်ပြီးတော့ ဒါကြီးကို ပြီးပြီဆိုပြီး စပြီးဆောက်နေတယ်ဆိုတဲ့ ကိစ္စဆိုတော့ ဒါကြီးက ကိုယ့်ရဲ့အချုပ်အခြာအာဏာရော ကိုယ့်ရဲ့သဘာဝသယံဇာတ အမွေအနှစ်ကိုရော ဖျက်လို့ဖျက်ဆီးလုပ်တဲ့သဘောမျိုးကို သက်ရောက်နေတယ်။ ကျွန်တော်တို့ ငြင်းနေရတာကိုက လုပ်ရင် ဒါတွေဖြစ်မယ်။ ဒါတွေမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ ဖြစ်တယ် ငြင်းနေရတာကိုက အဲဒီဆန်းစစ်ချက်က စနစ်တကျမလုပ်ခဲ့လို့ပဲ။ တကယ်တော့ ဆန်းစစ်ချက်က စနစ်တကျလုပ်လာပြီး အများလက်ခံနိုင်တဲ့ပညာရှင်တွေပါမယ်။ အများလက်ခံနိုင်တဲ့ အချိန်ကာလလည်းပေးမယ်။ သေသေချာချာလေး ဒါလေးပေါ်မှာ စနစ်တကျလုပ်ခဲ့ရင် ကျွန်တော်တို့ ကနေ့ငြင်းတဲ့ဟာက ငြင်းနေစရာ မလိုတော့ဘူး။ အဖြေထွက်ပြီးသားဖြစ်မှာ။ အဲဒီထဲက ဒါဟာ ဥပဒေကြောင်းအရ မှားနေပြီ။ အရှေ့ကို တိုးလို့ကိုမရတော့ဘူး။ အဲဒီတော့ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ နေရာပြောင်းသည်ဖြစ်စေ ကျွန်တော်ရဲ့ ခံယူချက်ကတော့ Proper Assessment မရှိခဲ့တဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ လက်ခံလို့ကို မရပါဘူး။

မေး : ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားရှိတယ်အန်ကယ်။ အရင်အစိုးရလုပ်ခဲ့တဲ့ စီမံကိန်းတွေကို အခုအစိုးရက ငါရဲ့ မူဝါဒနဲ့ မကိုက်လို့ဆိုပြီး ဖျက်သိမ်းခဲ့လို့ရှိရင် သိက္ခာမဲ့တဲ့နိုင်ငံ၊ အယုံအကြည်ကင်းမဲ့တဲ့ အစိုးရဖြစ်မယ်လို့ ပြောတယ်။ အဲဒါ အန်ကယ် လက်ခံလို့ရလား။ 
ဖြေ : ကျွန်တော် လက်မခံပါဘူး။ သိပ်ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးကို နစ်နာနေတဲ့ဟာကြီးတစ်ခုကို ရှေ့ကလူတွေ လုပ်သွားတာကို ရှေ့ကလူတွေလုပ်လို့ နောက်ကလူတွေ ဆက်လုပ်ရမယ်ဆိုရင်တော့ ဒီစကားက မြန်မာစကားမှာလည်းရှိသားပဲ နစ်သည်ထက်နစ်တယ်ဆိုတာ ဖြစ်သွားမှာပေါ့။ ပျက်အစဉ် ပြင်ခဏလေ ကျွန်တော်တို့အားလုံးက ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ထားတာပဲ။ ကျွန်တော်တို့ခေတ်နဲ့ မညီတာတွေ၊ နိုင်ငံနဲ့မညီတာတွေ၊ လူမျိုးနဲ့ မညီညွှတ်တာတွေ ဒါတွေကို ကျွန်တော်တို့ပြုပြင်ရမှာပေါ့။ သူတို့လုပ်တိုင်း ကျွန်တော်တို့ လိုက်လုပ်စရာ မလိုဘူးလေ။ ကြည့်ရမယ်လေ အရင်တုန်းက စေတနာနဲ့လုပ်ခဲ့တာလား၊ တိုင်းပြည်အတွက် ကောင်းအောင်လုပ်တာလား။ ကောင်းအောင်လုပ်ခဲ့လို့ပဲ လွဲချော်တာလား။ စာချုပ်ချုပ်ထားတာ မှန်တယ်။ အဲဒီစာချုပ်သည် ဥပဒေကြောင်းအရ မှန်ကန်ရဲ့လား။ အခုနက ကျွန်တော် ပြောတဲ့ အချိန်ကာလမပေးဘူး။ သေချာမလုပ်ဘူး။ ဖြတ်ကတတ်ဆန်းလုပ်တယ်။ ထန်းတက်ဆာဗေးလုပ်ထားတာကြီးကို ကျွန်တော်တို့က ဘာလို့လိုက်လုပ်ရမှာလဲ။ မဟုတ်ဘူးလား။ အဲဒီတော့ မှန်တယ်လေ။ စာချုပ်ကတော့မှန်တယ်။ ဒါပေမဲ့ ဒီစာချုပ်သည် စနစ်တကျလုပ်ထားတဲ့ စာချုပ်မဟုတ်ဘူး။ အဆိုးဆုံးကတော့ ပြည်သူလူထု ဘယ်သူ့မှလဲမသိဘူး။ ပွင့်လင်းမြင်သာမှုလည်းမရှိဘူး။ အများရဲ့ဆန္ဒလည်းမပါဘူး။ အဲဒီတော့ ဒါကြီးကို ဥပဒေဘောင်နဲ့ လိုက်လုပ်ရမယ် ဆိုတာတော့ ဒါကတော့ နိုင်ငံရေးစကားပြောတာပဲလေ။ ဟုတ်လား။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ကျွန်တော်က လက်မခံဘူး။ 

မေး : အန်ကယ် အခုဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းရပ်ခဲ့တုန်းက သူတက်တက်ကြွကြွပါခဲ့တယ်။ အခု သူကိုယ်တိုင် အစိုးရခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ အရင်လို အသံပျောက်သွားတာ ဘာကြောင့်လို့ထင်လဲ။ 
ဖြေ : နိုင်ငံရေးသမားဖြစ်သွားလို့။ ကျွန်တော်ကတော့ အဲဒီလိုပဲပြောမှာပဲ။ Academician၊ Technician နဲ့ နိုင်ငံရေးသမားနဲ့က မတူပါဘူး။ Technician တို့၊ Academician တို့ဆိုတာ Right ဆို Right ပါပဲ၊ Wrong ဟာ Wrong ပါပဲ။ အခုဟာက ဒီလိုမဟုတ်ဘဲနဲ့ အပေါ်ရောက်သွားမှ ဒီလိုအစိုးရတစ်ခုအဖြစ် လည်ပတ်တော့မှ စကားလေသံတွေပြောင်းသွားတာဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့သိတဲ့ တခြားနိုင်ငံရေးသမားတွေ လည်းရှိနေပါတယ်။ ဒါကတော့ သူက နိုင်ငံရေးအတွေး တွေးသွားပြီလေ။ နိုင်ငံရေးဆိုတာက Yes၊ No မှ မရှိတာကိုး။ မဟုတ်ဘူးလား။

မေး : တရုတ်က ဒီစီမံကိန်းကို ရှစ်နှစ်ကြာရပ်ဆိုင်းထားတဲ့အချိန်မှာ ဘာကြောင့်မို့လို့ သူအတင်းကြီး ဒီဟာကိုလုပ်ဖို့အတွက် သူ ကြိုးစားနေတာလဲ။ သူ့နိုင်ငံမှာလည်း လျှပ်စစ်လိုအပ်ချက်မရှိတော့ဘူး။ ဘာကြောင့် သူလုပ်ဖို့ ကြိုးစားနေတာလဲ။ 
ဖြေ : နိုင်ငံရေးကစားတာပါပဲ။ အဲဒီလိုပဲ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒါကြီးကို ဒီလောက်လိုချင်လှလို့တော့ မဟုတ်ဘူးလို့တော့ ထင်တာပဲ။ တခြားအကြောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီနေရာကြီးကတော့ သိပ်ပြီးတော့ မဟာဗျူဟာ တအားကျတယ်။ ဒီနေရာကြီးသာ ဒီ Dam ကြီး ဆောက်လိုက်လို့ကတော့ ကျွန်တော်တို့ ပြောတဲ့စကား အချုပ်အခြာအာဏာဆိုတာကြီးက တော်တော်စကားပြောသွားပြီ။ ဒါ ကျွန်တော့်အယူအဆပါ။ ကျွန်တော်တို့ကတော့ အဲဒီလို ဆုံးရှုံးမယ်လို့ထင်ထားတယ် စိတ်ထဲမှာ။ အဲဒါကြောင့် ဒီလိုဟာတွေ အများကြီးပါလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လျှပ်စစ်လေးတစ်ခုတည်းနဲ့တော့ ဒီလောက်မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပို့မယ့်ယူနန်မှာတောင် လျှပ်စစ်က ပိုလို့ထုတ်တောင် ရောင်းနေရတယ်။ လိုအပ်ချက်မရှိတော့ဘူး။ ဒါပေမဲ့ ဘာလို့ဇွတ်လုပ်နေလဲ။ တစ်နည်းပြောရင်တော့ အကျပ်ကိုင်တာပဲ။

မေး : NLD အစိုးရကရော အန်ကယ် သူ ဘာကြောင့်မို့လို့ ဒီဟာကြီးကို လုံးဝရပ်ဆိုင်းဖို့အတွက် သူဘာကို ကြောက်နေတာလဲ။ 
ဖြေ : အဲဒါလည်း နိုင်ငံရေးပဲ။ ကျွန်တော်ပြောတဲ့ သဘောပဲ။ ကျွန်တော်တို့ မသိနိုင်တဲ့အကြောင်းအရာတွေက ဘာရှိမှန်းမှ မသိတာ။ အခုအချိန်အထိ မူလ တရုတ်နဲ့မြန်မာ ချုပ်တဲ့စာချုပ်ဆိုတာကို ကျွန်တော်တို့ ပြည်သူတွေ သိကိုမသိသေးဘူး။ ဘာတွေပါနေမှန်း မသိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီဟာသာ လုပ်ရင်တော့ တိုင်းပြည်နဲ့လူမျိုးကတော့ အရမ်းနစ်နာမှာပဲလို့ပဲ ယုံကြည်တဲ့သူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ လုံးဝရပ်တန့်သွားတဲ့အထိ ပြည်သူရဲ့ အသံအနေနဲ့ကတော့ ဒါကို ကန့်ကွက်ဆန္ဒပြမှာပါပဲ။

မေး : အန်ကယ် နောက်တစ်ခုကလေ ဒီဒေါ်အောင်ဆန်းစုကြည်မတက်ခင်က သူပြောသွားတာရှိတယ်။ စာချုပ်ကို ချပြမယ်ဆိုပြီး အခုကျတော့ စာချုပ်ကို သူ ဘာကြောင့်မို့လို့ ချမပြနိုင်ရတာလဲ။ ဘာတွေ အတားအဆီးရှိနေလဲ။
ဖြေ : အဲဒီလိုဟာတွေကတော့ ကျွန်တော် အတွေ့အကြုံအရ ပြောရရင်တော့ ခဏခဏဖြစ်နေတာပဲ။ အများကြီး ကျွန်တော်ကောင်းကောင်းသိတာပေါ့။ အစတုန်းက သူတို့ပါးစပ်ကနေလည်း ပြောခဲ့တယ်။ နိုင်ငံရေးကြေညာစာတမ်းမှာလည်း ပါပြီးသား။ ဒီ အစိုးရကို ဒီ Dam နဲ့ပတ်သက်ပြီး စိတ်ချပြီးသား။ ဒါပေမဲ့ နောက်ပိုင်းမှာ လေသံတွေပြောင်းပြောင်းသွားတယ်။ နောက်ဆုံး သူ့အနီးပတ်ဝန်းကျင်မှာရှိတဲ့လူတွေ ပြောတဲ့စကားတွေက ပိုပြင်းထန်လာတယ်။ ပြည်သူလူထုက ဒီကိစ္စကို စိုးရိမ်လာပြီ။ ဘာလို့ပြောင်းလဲသွားတယ်ဆိုတာတော့ ကာယကံရှင်တွေမှပဲ သိမှာပဲ။ သို့သော် ကျွန်တော်တို့ကတော့ ဒါကို စကားလုံးတစ် လုံးတည်းနဲ့ ပြောရရင်တော့ ဒါတော့ နိုင်ငံရေးပဲလို့ မြင်တာပဲ။ 

မေး : မြစ်ဆုံ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းထားတာရှိတယ်။ သူ့အနေနဲ့ ဒီအစီရင်ခံစာက ပြည်သူလူထုကြားထဲမှာလည်း ထွက်မလာသေးဘူး။ အန်ကယ်တို့ ဒီနောက်ဆုံးကြားထားတဲ့ အခြေအနေလေးသိရင် ပြောပြပေးပါဦး။
ဖြေ : ဘာမှကိုမကြားတာ။ ကျွန်တော်တို့လည်း တတ်နိုင်သမျှတော့ စုံစမ်းတာပဲ။ ထောက်ခံလား၊ မထောက်ခံလားကို တိတိကျကျကို မပြောဘူး။ ကျွန်တော်တို့နဲ့ သိတဲ့သူတွေလည်း အဲဒီထဲမှာပါတာပဲ။ ကျွန်တော်တို့နဲ့တွေ့ရင်တော့ မထောက်ခံဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ ဟိုဘက်မှာကျတော့ ကြားနေသဘောမျိုးလည်း ဖြစ်နေတာပဲ။ အဲဒီတော့ ကျွန်တော်ထင်တာ အနည်းနဲ့အများကတော့ မထောက်ခံတဲ့ဘက်ကတော့ နည်းနည်းများဖို့များပါတယ်။ ကျွန်တော်ထင်တာပေါ့နော်။ 

မေး : မြစ်ဆုံနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြည်သူကို ပေးချင်တဲ့ မက်ဆေ့ချ်လေး ပြောပေးပါဦး။
ဖြေ : အစိုးရနဲ့ပြည်သူကို ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ဒါကို အချိန်မီသေးတယ်။ ကာကွယ်ရမယ်။ အစိုးရကလည်း ဆုံးဖြတ်ချက် မမှားပါနဲ့။ မြစ်ဆုံမှာ ဆုံးဖြတ်ချက်မှားသွားပြီး ဆောက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ထောက်ခံခဲ့တဲ့ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ထောက်ခံခဲ့တဲ့အစိုးရဟာ မြောင်းထဲရောက်သွားမှာ ကျွန်တော်စိုးရိမ်တယ်။ ဧရာဝတီကိုတော့ ဘယ်သူမှ လဲမှာမဟုတ်ဘူး။ ပြည်သူလူထုရဲ့စိတ်ဓာတ်ကတော့ ဧရာဝတီကို မလဲဘူး။ အဲဒီတော့ ဒါ မလုပ်ပါနဲ့လို့ပဲ။ အပြီးရပ်တန့်ပါလို့ပဲ တောင်းဆိုချင်ပါတယ်။

ရန်ကုန်ခေတ်သစ်မီဒီယာ



  • VIA