News

POST TYPE

INTERVIEW

ဆရာများ၏ ရင်ဖွင့်သံ ( စာစစ်တာဝန် )
31-Jan-2019

မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်တာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်များနှင့်ပတ်သက်၍ အခြေခံပညာ ဆရာ၊ ဆရာမများကြား ဝေဖန်မှုများနေသည်။ ထိုအချက်ထဲတွင် ကျန်းမာရေးခွင့်နှင့် ပတ်သက်၍ ပြင်ပဆေးခန်း၊ အထူးကုဆရာဝန်များ၏ ဆေးစာဖြင့်မရဘဲ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ဆေးစာဖြင့်သာ လက်ခံမည်ဆိုခြင်း၊ ကာယကံရှင်ဆရာများ၏ ကျန်းမာရေးမှလွဲ၍ မည်သည့်တော်စပ်သူ၏ ကျန်းမာရေး အကြောင်းပြချက်ဖြင့်ခွင့် မပေးရန်အချက်များလည်း ပါဝင်နေပြီး ဝေဖန်မှုများနေခြင်းဖြစ်သည်။ သို့သော် ထိုအချက်များနှင့်ပတ်သက်၍ စာစစ်ဌာနဘက်က မှန်သည်၊ မှားသည် အတည်ပြုပြောဆိုခြင်းမရှိပေ။ ညွှန်ကြားစာသည်လည်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်တွင်သာ ပျံ့နှံ့နေပြီး အထက်တန်းကျောင်းများသို့ မရောက်ရှိသေးကြောင်း အထက်တန်းကျောင်းအုပ်ဆရာတစ်ဦးထံမှ သိရှိရသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သဘောထားမှတ်ချက်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။ 



“မိသားစုဝင်ထဲက ကျန်းမာရေးမကောင်းတာမျိုးဆိုရင် တစ်မျိုးစဉ်းစားပေးသင့်တာပေါ့”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ အ.ထ.က (၇ ) ကလေးမြို့ ) 

၂၀၁၉ ခုနှစ် အဖြေလွှာစစ်ဆေးတဲ့အခါမှာ ပယ်ဖျက်ခွင့် ပြု မပြုဆိုတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက် ထွက်လာတာတွေ့တယ်။ ကျွန်တော်တို့ကျောင်းတွေဆီတော့ စာမရောက်သေးဘူးနဲ့တူတယ်။ ဆရာမကြီးက ဒီလကုန် အစည်းအဝေးကျမှပဲ ပြောမလားမသိဘူး။ ဒီအထဲမှာပါတဲ့ တချို့အချက်တွေကကတော့ ကောင်းပါတယ်။ ဥပမာ နံပါတ် ၁ မှာပါတဲ့ အသက် ၅၀ ပြည့်ပြီးတဲ့ ဆရာ၊ ဆရာမကြီးတွေဆိုရင် စာစစ်အဖွဲ့ထဲ မပါဘူးပေါ့နော်။ ကျွန်တော်တို့ကျောင်းဆိုရင် စစ်ကိုင်းတိုင်း ကလေးမြို့မှာ တာဝန်ကျတာဆိုတော့ စာစစ်ပါရင် မုံရွာမှာ သွားစစ်ရတာမျိုးတွေရှိတော့ အသက်ကြီးတဲ့ ဆရာ၊ ဆရာမကြီးတွေအတွက် ရာသီဥတုကြောင့် ကျန်းမာရေး သိပ်ပြီး အဆင်မပြေတာမျိုးတွေရှိတယ်။ အသက်ကြီးတော့ ဒဏ်မခံနိုင်တာမျိုးပေါ့။ ဒီလိုအချက်တွေကို သူတို့ဘက်က ဖြေလျှော့ပေးထားတာမျိုးတွေ တွေ့ရတယ်။ အရင်ကဆို အသက်ကြီးတဲ့ဆရာတွေလည်း စာစစ်ထဲမှာပါတယ်။ 

နောက်တစ်ခုက စာစစ်ဆိုရင် တချို့ဆရာ၊ ဆရာမတွေက မလိုက်ချင်လို့ ကျန်းမာရေး အကြောင်းပြတာမျိုးတွေရှိတယ်။ ဒါမျိုးတွေကတော့ ကိုယ်ကျတဲ့ တာဝန်ကို ကိုယ်မထမ်းဆောင်ချင်တာမျိုးကျ နိုင်ငံ့ဝန်ထမ်းအနေနဲ့ မဖြစ်သင့်ဘူးပေါ့နော်။ တချို့ကျတော့လည်း တကယ်ကို ကျန်းမာရေးမကောင်းလို့ စာစစ် မလိုက်နိုင်တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့။ 

နောက်တစ်ချက်က နံပါတ်ငါးအချက်ပါကိစ္စနဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင် ကျန်းမာရေးမကောင်းတာ မျိုးပဲခွင့်ပြုပြီး မိသားစုဝင်ထဲက ကျန်းမာရေးမကောင်းတာမျိုးဆိုရင် တစ်မျိုးစဉ်းစားပေးသင့်တာပေါ့။ ဥပမာ အမေတစ်ခု သားတစ်ခုလိုလူမျိုးအတွက် ကိုယ့်မိဘကလည်း အသက်ကြီးပြီ။ အိမ်မှာ တစ်ယောက်တည်းထားခဲ့ပြီး စာသွားစစ်ဖို့ကျ အဆင်မပြေဘူးလေ။ ဒီလိုမဖြစ်မနေ အခြေအနေမျိုးတွေအတွက် ထည့်သွင်း စဉ်းစားပေးမယ်ဆိုရင် ကောင်းပါတယ်။ နောက်တစ်ချက်က ဒီစနစ်ကလည်း ဒီတစ်နှစ် နှစ်လောက်ပါပဲ။ နောက်နှစ်နှစ်ဆိုရင် သင်ရိုးပြောင်းတာတွေ ဆယ်တန်းအထိမဟုတ်ဘဲ ဆယ့်နှစ်တန်းတက်ရမယ် ဘာညာဆိုတော့ ဒီစနစ်က တစ်မျိုးပြန်ပြောင်းမယ်လို့ထင်ပါတယ်။ 

“ဘယ်လို ဆေးစာတင်ရမလဲ မရှင်းဘူး”
ဒေါ်ဖူးသိမ့်ငုံ (အထက်တန်းပြ)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အဖြေလွှာစစ်ဆေးတဲ့အခါမှာ ပယ်ဖျက်ခွင့် ပြုမပြုဆိုတာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေ အွန်လိုင်းပေါ်မှာ ပျံ့နေတာ ညီမလည်း ဖတ်ရတယ်။ အဲဒီသတ်မှတ်ချက်တွေထဲကနေပြီး ကျွန်မတို့စာစစ်ပါတဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် မကြိုက်တဲ့အချက်လေးတွေရှိတယ်။ အဲဒီအထဲက အချက်ငါးဆို ကာယကံရှင် ဆရာ၊ ဆရာမကလွဲပြီး မည်သည့်တော်စပ်သူ၏ ကျန်းမာရေး အကြောင်းပြချက်ဖြင့် အဖြေလွှာစစ်ဆေးခြင်းကို မငြင်းပယ်ရန်ဆိုတဲ့ အချက်ပေါ့နော်။ တကယ်လို့ ကိုယ်တိုင်မဟုတ်ဘဲ ကိုယ့်ယောကျာ်း၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီးတွေထဲက မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်ရော ဘယ်လိုလုပ်ပေးမှာလဲ။ ဘယ်လိုစီစဉ်ပေးမလဲ အဲဒီအချက်တော့မကြိုက်ဘူး။ နောက်တစ်ခုက ကိုယ်တိုင်က ကျန်းမာရေးမကောင်းတာတို့ ဘာတို့ဆို အပြင်က ဆေးစာနဲ့မရဘူး။ အခြေခံ ကျန်းမာရေးဦးစီးဌာနမှူးရဲ့  ဆေးစာပါရမယ်ပြောတယ်။ အဲဒါကလည်း ဘယ်လိုတင်ရမှာလဲ ကျွန်မသေချာမသိဘူး။ အရင်နှစ်က စာစစ်ပါတဲ့ သူငယ်ချင်းကျောင်းဆရာမဆိုရင် ဆိုင်ကယ် မတော်တဆဖြစ်တဲ့အတွက် စာစစ်မှူးကို ကိုယ်ထိခိုက် ထားတာကိုပြပြီး စာစစ်အတွက် ငြင်းလို့ရတာမျိုး လုပ်လို့ရတယ်။ အခုက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဆီက ဆေးစာယူပါမှ ရမယ်ဆိုတဲ့ အချက်ပါတယ်။ 

နောက်တစ်ခုက ထုတ်ပြန်ချက်ထဲမှာပါတာက အပြင်ဆေးခန်းက ဆရာဝန်ရဲ့ ထောက်ခံချက်ကို လက်မခံဘူးပြောတယ်။ အဲဒီအချက်ကလည်း သေချာနားမလည်ဘူး။ ညီမတို့ အပြင်ဆေးခန်းမှာပြထားတဲ့ ဆေးစာကိုယူပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဆီမှာ ဆေးစာထောက်ခံချက် သွားတောင်းရမှာလား။ ဘယ်လိုကိုပြောတာလဲ သေချာမသိဘူး။ ညီမကိုယ်တိုင်ကလည်း အခုနှစ်မှ အထက်တန်းပြ လုပ်သက် သုံးနှစ်ပြည့်တာဖြစ်တာရယ် ကိုယ်ဝန်နဲ့ဖြစ်တဲ့အတွက် တကယ်လို့ စာစစ်ပါရင် ဘယ်လို ဆေးစာတင်ရမလဲ မရှင်းဘူး။ လက်ရှိညီမတို့ကျောင်းက နယ်ကျောင်းဖြစ်တဲ့အတွက် ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ဆရာမကြီးကတော့ ဘာမှခေါ်ပြောတာမျိုး ဘာမျိုးတော့ မရှိသေးပါဘူး။ ဒီသတင်းကလည်း လိုင်းပေါ်ကနေဖတ်မိတာကို ညီမက ထောက်ပြတာပါ။ 

နေဇာကျော်