News

POST TYPE

INTERVIEW

လွှမ်းပိုင်နဲ့ တွေ့ဆုံခြင်း
28-Jul-2016
နာမည်ကျော် ဟစ်ပ်ဟော့ပ်အဆိုရှင် လွှမ်းပိုင်နဲ့ တွေ့ဆုံပြီး ကိုယ်တိုင်ပရိုဂျူဆာအဖြစ် Underground က လူငယ်ဂီတသမားတွေကို စီးရီးတစ်ခွေ ထုတ်ပေးမယ့်အကြောင်း၊ ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးသစ် အကြောင်းနဲ့ ကြွေရုပ်ရှင် ဇာတ်ကားအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : လွှမ်းပိုင်ရဲ့ ဒုတိယ တစ်ကိုယ်တော် စီးရီးသစ် အကြောင်းကနေ စပြီး ပြောပြပေးပါဦး။

HP : ကျွန်တော့်ရဲ့ စီးရီးသစ်က လုပ်နေပါတယ်။ ဒီခွေမထွက်ခင်မှာ ကျွန်တော်အတွဲခွေ တစ်ခွေထွက်ဖို့ ရှိပါတယ်။ Underground က လူငယ်အဆိုတော်သစ်တွေကို တွဲခေါ်တဲ့ သဘောပေါ့နော်။ အတွဲခွေတစ်ခွေ ကျွန်တော် လုပ်ဖို့ ရှိပါတယ်။ အဲ့ဒီခွေ အရင်ထွက်မယ်။ ပြီးတော့မှ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ခွေ ထွက်ပါမယ်။ 

Voice : အဲ့ဒီအတွဲခွေက အပြင်ပရိုဂျူဆာ စီစဉ်တဲ့ခွေလား။ 

HP : အဲ့ဒီခွေက ကျွန်တော်ထုတ်ပေးမှာပါ။ ကျွန်တော်ကိုယ်တိုင် Underground မှာ ကျင်လည်ခဲ့တုန်းကလည်း အခွေက ဘယ်ကနေ ထွက်ရမှန်း မသိဘူး။ ဘယ်လိုစပြီး လုပ်ရမှန်းလည်း မသိဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်သလိုမျိုး ယောင်လည်ယောင်လည် ဖြစ်နေတဲ့ လူငယ်တွေ အများကြီး ရှိမှာပဲလေ။ သူတို့မှာလည်း သီချင်းကောင်းတွေ ရှိရဲ့သားနဲ့ အခွင့်အရေး မရှိကြတော့ ခွေမထွက်နိုင်ကြဘူးလေ။ ကျွန်တော် အဲ့ဒါကို ကိုယ်ချင်းစာတဲ့အတွက် အခွေလေးတစ်ခွေ ထုတ်ပေးဖို့ စီစဉ်ဖြစ်တာပါ။

Voice : စီးရီးမှာ ပါဝင်ရမယ့် Underground က လူငယ်တွေကိုရော လွှမ်းပိုင်က ဘယ်လိုကြည့်ပြီး ရွေးချယ်သွားမှာလဲ။

HP : အဓိကကတော့ သူတို့ဖန်တီးထားတဲ့ သီချင်း ကောင်းမကောင်းပေါ် မူတည်ပြီးတော့ပဲ ကျွန်တော် ရွေးမှာပါ။ ကျန်တာကတော့ ဘာမှထည့်ပြီး မစဉ်းစားပါဘူး။ စီးရီးအတွက် လူဦးရေလည်း ကန့်သတ်မထားပါဘူး။ အဆင်ပြေရင် ပြေသလိုပေါ့။ ဆယ်ယောက်ရှိနေရင်လည်း ကျွန်တော် ဆယ်ယောက်လုံး စီးရီးမှာ ထည့်ပေးမှာပေါ့။  ရှိရင်ရှိသလောက် ကျွန်တော် ထုတ်ပေးမှာပါ။

Voice : ဒီစီးရီးမှာ လွှမ်းပိုင်ကိုယ်တိုင်လည်း သီချင်းတွေ ဝင်ဆိုမှာပေါ့။

HP : သူတို့ကိုယ်တိုင်ဆိုတဲ့ သီချင်းတွေလည်း ပါပါမယ်။ ကျွန်တော်နဲ့ တွဲဆိုတဲ့ သီချင်းတွေလည်း ပါပါမယ်။ ဒီခွေလုပ်ဖို့ စိတ်ကူးရတာလည်း သိပ်မကြာသေးပါဘူး။ အခွေအတွက် လူရွေးတာတွေ၊ ဘာတွေလုပ်ဖို့ နောက်တစ်လ၊ နှစ်လလောက်တော့ အချိန်ယူရဦးမှာပေါ့။ အဲ့ဒါပြီးတော့မှ သီချင်းတွေ သေချာစလုပ်လို့ရမှာပါ။

Voice : ကိုယ်တိုင်ရော Underground ကနေ Mainstream ပေါ်ရောက်ဖို့ ဘယ်လိုကြိုးစား အားထုတ်ခဲ့ရလဲ။

HP : ကျွန်တော့်တုန်းကတော့ ကိုအာဘွိုင်းတို့ရဲ့ Rock Star Family လက်တွဲ ခေါ်ခဲ့တာပေါ့။ အခုချိန်မှာ ကျွန်တော်လည်း ဂီတလောကမှာ နေရာတစ်ခု ရလာပြီဆိုတော့ Underground က လူငယ်တွေကို ပြန်ပြီးတော့ လက်တွဲခေါ်ချင်လို့ပါ။ 

Voice : Underground မှာ ကျင်လည်နေဆဲဖြစ်တဲ့ လူငယ်တွေကိုရော ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ဘယ်လိုစိတ်ဓာတ်ခွန်အား ပေးချင်လဲ။

HP : အားလုံးကတော့ လူငယ်ဘဝမှာ အရမ်းလုပ်ချင်နေတဲ့အချိန် ဆိုတော့ ကျွန်တော်တောင် ဘာမှပြောပြစရာ မလိုပါဘူး။ ကျွန်တော့်ထက်တောင် ပိုပြီး သူတို့က အောင်မြင်ဖို့ စိတ်အားထက်သန်နေကြမှာပါ။ အားလုံးကလည်း ကြိုးစားနေကြတဲ့ လူငယ်တွေချည်းပါပဲ။

Voice : လွှမ်းပိုင်ရဲ့ စီးရီးသစ်ကရော ဘယ်လောက်အထိ ပြီးနေပြီလဲ။

HP : ကျွန်တော့်ရဲ့ စီးရီးသစ်ကတော့ ခြောက်ပုဒ်လောက်အထိ ပြီးနေပါပြီ။ ဒီခွေထဲမှာပါမယ့် သီချင်းတွေကို အခုချိန်မှာ ပြောပြလိုက်ရင် နားထောင်တဲ့အခါမှာ ပေါ့သွားမှာစိုးလို့ မပြောပြဘဲ ထားလိုက်ပါဦးမယ်။ ဒီခွေထဲမှာ ဂီတစာဆို စီးရီးတုန်းကထက် ပိုပြီးဆန်းတဲ့ သီချင်းတွေလည်း ပါပါတယ်။ ပရိသတ်တွေ နားထောင်ကြည့်ရင် သိမှာပါ။

Voice : လွမ်းပိုင်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ ကြွေကရော ရိုက်ကူးရေးတွေ ပြီးသွားပြီလား။

HP : ကြွေရုပ်ရှင်ကားကတော့ မပြီးသေးပါဘူး။ ရိုက်တုန်းပါပဲ။ မိုးတအားရွာတဲ့အတွက် ရိုက်ကူးရေး နားထားတာပါ။ ဆယ်လပိုင်း၊ ဒါမှမဟုတ်ရင် ၁၁ လပိုင်းလောက်မှ ပြန်ရိုက်ဖြစ်မယ်။ အခုဟာက အိမ်မှာရိုက်ရတဲ့ အခန်းတွေပဲ ပြီးသေးတယ်။ ကျောင်းတွင်းမှာ ရိုက်ရမယ့် အခန်းတွေကို သေချာမရိုက်ရသေးဘူး။

Voice : ကိုယ်တိုင်ရေး ဇာတ်လမ်းကိုရိုက်တဲ့ ဂျာကင်ဟောင်းလေးနဲ့ ကြွေဇာတ်ကားက ဘယ်လိုကွာခြားမှုတွေ ရှိမလဲ။

HP : ကွာပါတယ်။ ဒီကားက ဟာသကားလေးပါ။ ပျော်စရာလည်း ပိုကောင်းတယ်။ ဂျာကင်ဟောင်းလေးကတော့ Romance ဇာတ်လမ်းပုံစံ မျိုးသွားတယ်လေ။ ဇာတ်လမ်းက နည်းနည်းတော့ အေးတယ်။ ကြွေရုပ်ရှင်ကတော့ တကယ့်ကျောင်းဇာတ်လမ်း စစ်စစ်ပေါ့။

Voice : ရှေ့မှာတော့ စာရေးဆရာ မင်းလူရဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်တဲ့ ဇာတ်ကားတစ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တချို့က အားမရကြဘူး။ ကြွေရုပ်ရှင်ကလည်း မင်းလူရဲ့ ဝတ္ထုကိုပဲ ရိုက်ထားတာနော်။

HP : ဝေဖန်မှုကတော့ အနည်းနဲ့အများ ရှိမှာပါပဲ။ စာဖတ်ပရိသတ်ကိုလည်း အပြစ်တင်လို့ မရဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်ပရိသတ်က ဒီဝတ္ထုကို ဖတ်ကတည်းက သူတို့ရဲ့ စိတ်ကူးထဲမှာ ပုံဖော်ခံစားပြီးသားလေ။ သူတို့ ပုံဖော်ထားတာနဲ့ စာရေးဆရာ ရေးထားတာက ထပ်တူကျရင် ကျနေလိမ့်မယ်။ ရုပ်ရှင်ရိုက်တဲ့ အခါမှာတော့ အဆင်မပြေလို့ လျှော့ရိုက်လိုက်ရတာမျိုး၊ မဖြစ်မနေ မလုပ်လို့ မရလို့ လုပ်ရတဲ့ဟာမျိုးတွေ ရှိလာရင် စာဖတ်ပရိသတ်ကတော့ ဝေဖန်မှာပဲ။ ကျွန်တော်တို့ ဒီကားမှာဆိုလည်း ဝတ္ထုထဲမှာဆိုရင် ဂျက်ဆင်ပေါ်တက်တာ။ အပြင်မှာကျတော့ ဂျက်ဆင်ပေါ် တက်ရိုက်လို့မရဘူး။ အဲ့ဒီလို အခက်အခဲလေးတွေ ရှိပါတယ်။ 

Voice : တချို့ဝတ္ထုတွေကို စာဖတ်ပရိသတ်တွေက ဝတ္ထုအတိုင်းပဲ ခံစားချင်ကြတယ်။ ရုပ်ရှင်ပြန်ရိုက်တာကို သိပ်မကြိုက်ကြဘူး။ အဲ့ဒီအပေါ်ရော လွှမ်းပိုင် ဘာပြောချင်လဲ။

HP : ဆရာမင်းလူရဲ့ ဝတ္ထုတွေက ဇာတ်ကောင်တစ်ယောက်ရဲ့ အတွေးတွေကအစ အသေးစိတ် ရေးပြတာ များတယ်။ ဥပမာ ကောင်မလေးတစ်ယောက်ကို ကိုယ်ကတွေ့တဲ့ အချိန်မှာ ကိုယ့်သူငယ်ချင်းပြောတာကို သွားသတိရပြီး တွေးလိုက်တယ်။ ဝတ္ထုမှာ ရေးပြထားတာတော့ ဖတ်လို့ကောင်းတယ်ပေါ့။ ဇာတ်ကားမှာ ပြန်ရိုက်ပြဖို့ကျတော့ ခက်ခဲပါတယ်။ သရုပ်ဆောင်ရဲ့ မျက်နှာမှာ ဒီခံစားမှုတွေ အားလုံးပေါ်အောင် လုပ်ဖို့ကျတော့ သိပ်မလွယ်ဘူးလေ။ ဆရာမင်းလူရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့အခါမှာ အပြပိုများတယ်။ ကာရိုက်တာရဲ့ အတွေးတွေကိုပါ ရိုက်ပြရတဲ့အတွက် ကတ်စိပ်စိပ်တွေ ပိုရိုက်ရတယ်။ အတတ်နိုင်ဆုံးတော့ ဆရာမင်းလူရဲ့ ဝတ္ထုထဲကအတိုင်း ကြွေရုပ်ရှင်ကားကို ကျွန်တော်တို့ ရိုက်ထားပါတယ်။ ဂျက်ဆင်ပေါ် တက်လို့မရတဲ့ အခက်အခဲမျိုး ရှိတာက လွဲလို့ပေါ့။

သန့်ဇင်ဦး