News

POST TYPE

INTERVIEW

ဆရာများ၏ ရင်ဖွင့်သံ
28-Jul-2016

အခြေခံပညာအဆင့် ဆရာများ၏ ရာထူးတိုးမြှင့်ရေး၊ လစာနှုန်းထားများနှင့် ပတ်သက်၍ အဆိုပြုမူကြမ်းကို ပညာရေး ဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးစီမံကိန်း ဦးစီးဌာနက အဆိုပြုအစီအစဉ်အဖြစ် လျာထားပြီး ဖြစ်သည်။ အဆိုပြုချက်အရ ဆရာများသည် သင်ကြားရေး စနစ်သစ်များ အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်နိုင်မှု၊ ကျောင်းတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဦးဆောင်နိုင်မှုစွမ်းရည်၊ မိမိတို့အဆင့်နှင့် လျော်ညီမည့် ပညာရေး စီမံခန့်ခွဲနိုင်မှု စွမ်းရည်အပေါ် မူတည်၍ သက်ဆိုင်ရာ အရည်အသွေး စိစစ်ရေးအဖွဲ့၏ အကဲဖြတ်ခြင်းကို ခံယူပြီး လစာကို ခံစားခွင့်ရမည် ဖြစ်ကြောင်း ယင်းအဆိုပြုချက်တွင် ဖော်ပြပါရှိသည်။ ယင်းအဆိုပြုချက်နှင့် ပတ်သက်၍ ပညာရေး လေ့လာသူ၊ ကျောင်းဆရာများ၏ သဘောထားကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“သင်ကြားမှုမှာ ဘယ်အတန်း၊ ဘယ်အဆင့်အတွက်မှ လျှော့လို့မရ၊ ခိုလို့မရပါဘူး”
ဒေါက်တာဇော်မျိုးလှိုင် (အထွေထွေအတွင်းရေးမှူး (၂) မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်)

ကျွန်တော့်အနေနဲ့ အခြေခံပညာမှာ လစာကို အရည်အသွေး၊ အရည်အချင်းအလိုက် ပေးဖို့ဆိုတဲ့ အချက်ကို ထောက်ခံပါတယ်။ မူပြ၊ လယ်ပြ၊ ထက်ပြ ဆိုပြီး ရာထူးအဆင့် ခွဲထားတာကို သဘောမတွေ့ပါဘူး။ ရာထူးအားလုံးကို အတူတူပဲ ထားသင့်တယ်လို့ မြင်သလို အခြေခံလစာ (Basic Salary) ကို အတူတူပဲ ပေးစေချင်ပါတယ်။ နောက်မှ အရည်အသွေး၊ အရည်အချင်းအလိုက် ထပ်ဆောင်းလစာအဖြစ် ပေါင်းထည့်ပေးပြီး ကြိုးစားမှုတွေအတွက် ချီးမြှင့်တဲ့ပုံစံမျိုး ဆိုရင် ပညာရေး မြှင့်တင်မှုအတွက် ပိုမိုအထောက်အကူ ဖြစ်မယ်လို့ တွေးမိပါတယ်။ ဘာလို့လဲဆိုရင် အတန်းတိုင်းဟာ အရေးကြီးလို့ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကလေးရဲ့အသက်၊ ဉာဏ်ရည်ကိုလိုက်ပြီး သင့်လျော်တဲ့ သင်ကြားမှုနဲ့ ကလေးကို ချဉ်းကပ်ရတာမို့ ကြိုးစားအားထုတ်မှုခြင်း အတူတူ ဖြစ်နေရမှာမို့ ဖြစ်ပါတယ်။ 

မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆိုတာ ဆရာ၊ ဆရာမ တစ်ဦးချင်းစီရဲ့ ဝါသနာကို အခြေခံတဲ့ ရွေးချယ်မှုသာ ဖြစ်သင့်ပါတယ်။ သင်ကြားမှုမှာ ဘယ်အတန်း၊ ဘယ်အဆင့် အတွက်မှ လျှော့လို့မရ၊ ခိုလို့ မရပါဘူး။ သက်ဆိုင်ရာ အရွယ်အလိုက် သင်ကြားမှု အားလုံးဟာ တန်ဖိုးရှိတာချည်း ဖြစ်ပါတယ်။ လက်ရှိက မူက နိမ့်တယ်၊ လယ်က မြင့်တယ်၊ ထက်က ပိုမြင့်တယ် ဆိုတဲ့ ပုံစံ ဖြစ်နေပါတယ်။ အတန်းမြင့်သွားလို့ စာက ပိုခက်သွားတယ်လို့ ထင်မြင်စရာ ရှိသလို လက်ရှိလစာကလည်း မူ၊ လယ်၊ ထက် အဆင့်ဆင့် မြင့်နေပါတယ်။ ဒီတော့ လစာအတွက်ဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ် အများစုက ရာထူးတိုး၊ လစာတိုးချင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ 

ဒီအခါမှာ ရာထူးတိုးဖို့၊ လစာတိုးဖို့ ကြိုးစားသွားရင်း ကျောင်းတွေမှာ ဝါရင့်၊ လုပ်သက်ရင့် ကျွမ်းကျင်မူပြ၊ အလယ်တန်းပြတွေ ဆုံးရှုံးရတဲ့ ပြဿနာ ပေါ်လာပြီး အတွေ့အကြုံ နုနယ်သူတွေနဲ့ အစားထိုး ဖြေရှင်းနေရသလို ဖြစ်နေပါတယ်။ ဒါကြောင့် အဦးဆုံးအနေနဲ့ ရာထူးအားလုံးကို အတူတူပဲထားပြီး အခြေခံလစာ (Basic Salary) ကိုလည်း အတူတူပဲ သတ်မှတ်သင့်တယ်လို့ မြင်ပါတယ်။ နောက်တစ်ဆင့်မှာမှ သက်ဆိုင်ရာ ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီရဲ့ အရည်အသွေး၊ အရည်အချင်း၊ လုပ်သက်၊ အတွေ့အကြုံ၊ အတန်းတွင်း လုပ်ဆောင်ချက်များ၊ သင်ကြားမှုဆိုင်ရာ သုတေသနစာတမ်း ရေးသားခြင်းတွေ၊ မွမ်းမံစ သင်တန်းတွေမှာ ထူးချွန်ဆု ရရှိခြင်းတွေ စတာတွေ အပါအဝင် အရည်အချင်းစံနှုန်း၊ မူဘောင်များ သတ်မှတ်ပြီး မူရင်းလစာ အပေါ်မှာ ထပ်ဆောင်းလစာများကို ပေးအပ်သင့်တယ်လို့ မြင်ပါတယ်။ 

ဒီလိုသာဆိုရင် ဆရာ၊ ဆရာမများကြားမှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားနှိမ်ချ ဆက်ဆံခံနေရမှုများ ဖယ်ရှားနိုင်ပြီး စည်းလုံးညီညွတ်မှု ရပါမယ်။ ရာထူးတိုးစနစ်ကြောင့် ဝါရင့်ကျွမ်းကျင် ဆရာ၊ ဆရာမများ ဆုံးရှုံးမှုကို ပြေလည်စေပါမယ်။ ထပ်ဆောင်းလစာအတွက် ကြိုးစားမှု တိုးလာမှာ ဖြစ်တဲ့အတွက် ပညာရေး အဆင့်မြှင့်တင်မှုမှာ အထောက်အပံ့ကောင်း ဖြစ်စေနိုင်ပါမယ်။ ဒါ့ကြောင့် အခြေခံပညာကဏ္ဍမှာ ဆရာ၊ ဆရာမတွေရဲ့ လစာကို အရည်အသွေး၊ အရည်အချင်းအလိုက် ပေးဖို့ ပြင်ဆင်နေမှုဟာ လုပ်သင့်၊ လုပ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် ရှုမြင်မိပါတယ်။

“ဆရာမွေး၊ တပည့်မွေး အလေ့အကျင့်များကိုတော့ ကင်းဝေးစေသင့်ပါတယ်”
ဦးငွေတိုး (ဦးစီးအရာရှိ၊ အခြေခံပညာဦးစီးဌာန)

ရာထူးတိုးမြှင့် ခန့်ထားရေး စဉ်းစားရာမှာ ရာထူးသက်တွေဟာ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ သတ်မှတ်ချက်များနဲ့ ကိုက်ညီစေသင့်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည် အရည်အချင်း သတ်မှတ်ရာမှာ တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက် မှတ်တမ်းတွေ၊ သုတေသန ဆောင်ရွက်ချက်တွေကို အခြေခံပြီး ဆောင်ရွက်သင့်ပါတယ်။  

လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေး သတ်မှတ်ချက်တွေကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရန်နဲ့ အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်ပါတယ်။ အထူးအားဖြင့် အမှန်တကယ် ကြိုးစားဆောင်ရွက်သူ၊ အရည်အသွေး ပြည့်ဝသူများကို သတ်မှတ်စံနှုန်းများ၊ လုပ်ဆောင်မှု မှတ်တမ်းများ၊ သုတေသနပြု ဆောင်ရွက်မှု ရလဒ်များအရ အရည်အချင်း ပြည့်မီမှုများနဲ့အညီ ထိုက်တန်သော အခွင့်အရေးကို ရရှိခံစားစေသင့်ပါတယ်။ 

လုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ရာမှာ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုတို့ကို အဓိက ထည့်သွင်းသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဆရာမွေး၊ တပည့်မွေး အလေ့အကျင့်များကိုတော့ ကင်းဝေးစေသင့်ပါတယ်။ အလားတူပဲ လုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ရာမှာ အထက်အောက် အပြန်အလှန် အကဲဖြတ်နိုင်ရေး၊ ဘေးတိုက်အပြန်အလှန် အကဲဖြတ်နိုင်ရေး၊ ၃၆၀ ဒီဂရီ အကဲဖြတ်နိုင်ရေးမှာ အထူးလိုအပ်ချက် ဖြစ်ပါတယ်။ 

နိုင်ငံတကာ စံနှုန်းများကို ဖော်ပြထားရာမှာ မြန်မာ့ပညာရေး အစဉ်အလာအရ ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်မှု လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်များ၏ လစာစကေးဟာ အခြားသော ဝန်ထမ်းများနှင့် တစ်ပြေးညီ မရှိခဲ့ကြောင်း သတိပြုသင့်ပါတယ်။ ဥပမာ- မူလတန်းကျောင်းအုပ်ဟာ မူလတန်းဆရာနဲ့ အလယ်တန်းဆရာများရဲ့ ကြားစကေး ဖြစ်ပါတယ်။ 

အလယ်တန်းကျောင်းအုပ်ဟာ အလယ်တန်းပြနဲ့ အထက်တန်းပြ ဆရာများရဲ့ ကြားစကေး ဖြစ်ပါတယ်။ အဓိကမှာ လုပ်ငန်းခွင်အတွင်း ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ကိုယ်တိုင်လွတ်လပ်စွာ စီမံခန့်ခွဲ လုပ်ဆောင်နိုင်မှု အခွင့်အလမ်းများကို လက်တွေ့ဆောင်ရွက်နိုင်စွမ်း ရှိစေရေး ဖြစ်ပါတယ်။               

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)