News

POST TYPE

INTERVIEW

ဟာရီကိန်းမိုက်ကယ် ကမ်းခြေမြို့များကို ပြားပြားဝပ်အောင် ချေမှုန်း
14-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၁၃

ဟာရီကိန်းမိုက်ကယ်သည် ဖလော်ရီဒါကမ်းခြေမြို့တွင် ကုန်းတွင်းဝင်ရောက် ဖြတ်သန်းလာခဲ့ရာ ပြားပြားဝပ်အောင် “ဗုံးမအေကြီး” သဖွယ် တိုက်ခတ်လှဲကျင်းပစ်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မိုက်ကယ်သည် မက္ကဆီကိုကမ်းခြေအနီးမှ အမေရိကန်ပြည်ထောင်စုအနောက် မြောက်ကမ်းခြေသို့ ဗုဒ္ဓဟူးနေ့က လေတိုက်နှုန်းတစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် ဝင်ရောက်ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

ဟာရီကိန်းသမိုင်းတစ်လျှောက် အင်အားအပြင်းဆုံးထဲတွင်ပါဝင်သော မိုက်ကယ်ကြောင့် ၁၆ ဦးသေဆုံးခဲ့ပြီး အရေအတွက် ထပ်တိုးလာမည်ကို စိုးရိမ်နေကြသည်။ အခြေအနေဆိုးသောနေရာများသို့ ကယ်ဆယ်ရေးဝန်ထမ်းများမရောက်နိုင်ကြသေးကြောင်း အရေးပေါ်စီမံခန့်ခွဲမှု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဟာရီကိန်းတိုက်ခတ်မှုကြောင့် ဖလော်ရီဒါ၊ အလာဘားမား၊ ဂျော်ဂျီယာ၊ ဗာဂျီးနီးယား၊ ကယ်ရိုလိုင်းနားပြည်နယ်များတွင် အိမ်ခြေတစ်သန်းခန့် လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု သိရှိရသည်။

ထိပ်ဆုံးအဆင့်ငါးသို့ ရောက်ခါနီး နှစ်နာရီခန့်အလိုတွင် ဝင်ရောက်လာသော မိုက်ကယ်သည် သောကြာနေ့နံနက်တွင် ပင်လယ်ပြင်သို့ ဆက်ထွက်မသွားမီ ဖြတ်သန်းရာ နယ်မြေတစ်ခုလုံးကို ပြားပြားဝပ်အောင် လှဲကျင်းပစ်ခဲ့သည်။

မိုက်ကယ်သည် ကမ်းခြေမျက်နှာစာအိမ်များကိုအုတ်မြစ်မှ ကျွတ်ထွက်အောင်၊ လှေများကို နှစ်ခြမ်းကွဲအောင်၊ တန်သုံးဆယ်ကုန်တင်ကားကို တုံးလုံးလဲအောင် တိုက်ခတ်ခဲ့သည်။ မက္ကဆီကိုမှ အပျက်အဆီးသတင်းများကို မရရှိသေးပေ။ 

ကမ်းခြေမြို့မှ မြို့တော်ဝန်ဟောင်း တွမ်ဘေလီက “ဗုံးတွေရဲ့ မအေတောင် ဒီထက်ပိုပြီး ဖျက်ဆီးနိုင်မယ်မထင်ဘူး”ဟု မှတ်ချက်ပေးသည်။

ဒေသခံ ၁၀၀၀ ခန့်အနက်မှ ၂၈၅ ဦး ကမူ နေအိမ်များထဲမှ ထွက်ခွာတိမ်းရှောင်ရန် အမိန့်ကို အာခံကာ မုန်တိုင်းစဲအောင် စောင့်နေကြသည်ဟုလည်း သိရှိရသည်။

ကာရင်ကလပ် အာမခံကုမ္ပဏီက မိုက်ကယ်ကြောင့် ပျက်ဆီးမှုပမာဏသည် ဒေါ်လာ ၈ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခွေးများ၊ ဒရုန်းများ၊ ဂျီပီအက်စ်များကို အသုံးပြုနေသည်။

မက္ကဆီကိုကမ်းခြေနှင့် မဝေးသော စိန့်ဂျိုးဆိပ်ကမ်းမြို့တွင် နေအိမ် ၁၀၀၀ ခန့် ပျက်စီးသွားသည်။ 

သောကြာနေ့အထိ ပြည်နယ်ငါးခုမှ အရေးပေါ် မုန်တိုင်းရှောင်စခန်းများတွင် လာရောက်တိမ်းရှောင်နေသူ ၂၀,၀၀၀ ခန့်ရှိသည်ဟု အမေရိကန်ကြက်ခြေနီက ပြောကြားသည်။

ယခုအချိန်အထိမုန်တိုင်းကြောင့် သေဆုံးသူ ၁၆ ဦးတွင် မြောက်ကယ်ရိုလိုင်းနားမှ သုံးဦး၊ ဂျော်ဂျီယာမှတစ်ဦး၊ ဖလော်ရီဒါမှ ခုနစ်ဦး၊ ဗာဂျီနီးယားမှ ငါးဦးပါဝင်သည်။ မြောက်ကယ်ရိုလိုင်းနားမှ သေဆုံးသူသုံးဦးတွင်  တစ်ဦးမှာ ကားပေါ်သို့ သစ်ပင်လဲကျသောကြောင့်ဖြစ်ပြီး အခြားနှစ်ဦးမှာမူ လဲကျနေသောသစ်ပင်ကို ကားနှင့် ဝင်တိုက်မိသောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

ဂျော်ဂျီယာမှ ၁၁ နှစ်အရွယ် ဆာရာရန်ဒီမှာမူ အိမ်အနီးမှ ကားဂိုဒေါင်တစ်ခု လေအားဖြင့် ကျွတ်ထွက်လွင့်ပါလာကာ သူမ၏အိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျလာမှုကြောင့် သေဆုံးခဲ့ရသည်။

ဗာဂျီးနီးယားမှ သေဆုံးသူများအနက် လေးဦးမှာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး မီးသတ်ဗိုလ်ဘရက်ကလပ်မှာမူ ၎င်း၏ မီးသတ်ယာဉ်ကို လမ်းချော်လာသော ကုန်ကားက ဝင်တိုက်သောကြောင့် သေဆုံးခဲ့ရသည်။

F-04