News

POST TYPE

INTERVIEW

ချစ်သုဝေနဲ့ တွေ့ဆုံခြင်း
11-Oct-2018
“သူတို့အသက်ကြီးလာတဲ့အခါ၊ အရွယ်ရောက်လာတဲ့အခါ လူ့အဖွဲ့အစည်းထဲကို ဝင်ကြမယ်ဆိုရင် ကိုယ့်သမီးလေးတွေကို ဘောင်မဝင်တဲ့သူတွေ မဖြစ်စေချင်ဘူး”



မိခင်တစ်ယောက်ရဲ့တာဝန်နဲ့ အိမ်ထောင့်တာဝန်တွေကြောင့် အနုပညာလှုပ်ရှားမှုတွေ ကျဲပါးခဲ့ရတဲ့ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေနဲ့ တွေ့ဆုံပြီး၊ လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်း၊ သမီးလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်မှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်းကနေစပြီး ပြောပြပေးပါဦး။
CTW : လတ်တလောကတော့ ကလေးပစ္စည်းကြော်ငြာလေးတွေ ရိုက်ဖို့ လက်ခံထားပါတယ်။ ပြီးရင်တော့ ထရီဇာ့ရဲ့ MTV လေးကိုအပြီး ရိုက်ရမှာပေါ့။ အောက်တိုဘာလလယ်လောက်မှာတော့ ထွက်နိုင်ဖို့ မှန်းထားပါတယ်။ ရှစ်နှစ်ခွဲလောက် ကိုယ့်သီချင်းတွေနဲ့ဝေးကွာနေတဲ့ ပရိသတ်တွေကို နွေးနွေးထွေးထွေးလေးဖြစ်အောင် ပြန်လုပ်ရမှာပေါ့။ ကိုယ့်ကိုလည်း မေ့နေကြပြီဆိုတော့လေ။ 

Voice : ကိုယ့် MTV မှာ ကိုယ်တိုင်ရော ဘယ်နှပုဒ်လောက်ဝင်ပြီး သရုပ်ဆောင်ထားလဲ။
CTW : ကိုယ့် MTV ဆိုပေမယ့် ကိုယ်နဲ့လိုက်ဖက်တဲ့ သီချင်းမှပဲ ထရီဇာပါမှာပါ။ ကိုယ်နဲ့ မလိုက်ဖက်ရင်တော့ မပါပါဘူး။ ဒါပေမဲ့ ကိုယ့်ပရိသတ်တွေကလည်း ကိုယ်သရုပ်ဆောင်တာကို မမြင်ရတာကြာပြီဆိုတော့ ကိုယ့်ကို MTV တွေ ရိုက်စေချင်ကြတယ်။ အဲဒါကြောင့် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့သီချင်းတွေလည်း ပါဝင်ပါလိမ့်မယ်။ ကိုလင်းရေးပေးတဲ့ သီချင်းရယ်၊ ကိုဝေလ ရေးပေးတဲ့သီချင်းရယ်၊ ကိုနေဝါရေးပေးတဲ့ သီချင်းရယ်ကိုတော့ ရိုက်ဖို့ကျန်ပါသေးတယ်။

Voice : သမီးနှစ်ယောက်ကို အချိန်ပေးပြီးပြုစုစောင့်ရှောက်နေရတဲ့အတွက် အနုပညာလှုပ်ရှားမှုတွေ ကျဲသွားတယ်နော်။ 
CTW : ထရီဇာက မိခင်တစ်ယောက်အနေနဲ့ သမီးလေးတွေကို ပြုစုစောင့်ရှောက်နေရပေမယ့် အရမ်းကြီး Care လုပ်တာမျိုးထက် သူတို့ကိုလည်း သူတို့အရွယ်နဲ့လုပ်နိုင်တဲ့ အလုပ်လေးတွေကို လုပ်ခိုင်းတယ်။ ကိုယ်က မိဘဆိုပေမယ့် အရမ်းကြီးဂရုစိုက်နေလို့ မရဘူးလေ။ တစ်ချိန်ကျရင် သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်ရမှာဆိုတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိဖို့လိုတယ်။ အဲဒါကြောင့် ဒီအရွယ်မှာကတည်းက သူတို့အရွယ်နဲ့ မပင်ပန်းလောက်တဲ့ အလုပ်တာဝန်လေးတွေကို ခိုင်းပါတယ်။ 

Voice : မြန်မာနိုင်ငံက မိဘအများစုကတော့ သား၊ သမီးကို ပိုးမွေးသလို အရာရာဂရုစိုက်ကြတာမျိုးဆိုတော့ ကိုယ့်အယူအဆနဲ့က ကွာခြားနေတယ်နော်။
CTW : ကလေးတွေကို သူ့အသက်အရွယ်နဲ့ဆိုင်တဲ့အရာလေးတွေကို ခိုင်းပေးတာက ခိုင်းရာမရောက်ပါဘူး၊ သူတို့အပေါ်ကို ချစ်ရာရောက်ပါတယ်။ လူတစ်ယောက်မှာ တာဝန်သိစိတ်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်တာဝန်ကိုယ်မသိရင် ဘယ်လူ့အဖွဲ့အစည်းထဲမှာမှနေဖို့အဆင်မပြေတော့ဘူး။ သူတို့အသက်ကြီးလာတဲ့အခါ၊ အရွယ်ရောက်လာတဲ့အခါ လူ့အဖွဲ့အစည်းထဲကို ဝင်ကြမယ်ဆိုရင် ကိုယ့်သမီးလေးတွေကို ဘောင်မဝင်တဲ့သူတွေ မဖြစ်စေချင်ဘူး။ အဲဒီအတွက် အပင်ပန်းခံပြီးတော့ တတ်နိုင်သမျှ ကြိုးစားသွန်သင်ပေးနေတာပါ။

Voice : သမီးလေး နှစ်ယောက်က အမြွှာဆိုတော့ အမူအကျင့်လေးတွေကရော တူကြလား။
CTW : သမီးအကြီးလေး ခေတ်ဆို သိပ်အားကိုးနေရပြီ။ တစ်ခါတလေကျရင် သစ်ကလေးကို ကိုယ်ပြောလို့မရတဲ့ကိစ္စမျိုးတွေမှာဆို ခေတ်က ညီမလေးကို ကြည့်လိုက်၊ အမေကို ကြည့်လိုက်နဲ့ အသာလေးနေနေတယ်။ နောက်ပြီးတော့မှ အမေပြန်လိုချင်တဲ့ပစ္စည်းလေးကို သူ့ညီမဆီက ဆော့သလိုလိုနဲ့ယူလာပြီး အမေကို ပြန်ပေးတယ်။ ထရီဇာတစ်လောက ကြော်ငြာသွားရိုက်တော့ နေပူထဲမှာဆိုတော့ အသားတွေလောင်ပြီးပြန်လာတယ်။ အဲဒီအခါမှာ အငယ်မလေးက ထရီ့ဇာအသားလေးတွေကို နမ်းတယ်။ သူ့လက်ကလေးနဲ့ နှိပ်ပေးတယ်။ သူတို့နှစ်ယောက်မှာ ခေတ်က အမေ၊ အဖေ ပြောတာကို နားထောင်တယ်။ သိပ်မစမ်းသပ်ဘူး။ သစ်သစ်ကကျတော့ သူ့စိတ်ထဲမှာ ဖြစ်ချင်တာကို ပိုလုပ်ချင်တယ်။

Voice : အွန်လိုင်းမှာ တချို့ Online Shopping Page တွေက သမီးလေးနှစ်ယောက်ဓာတ်ပုံကို ခွင့်မတောင်းဘဲ အသုံးပြုကြတဲ့အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။
CTW : အဲဒါကတော့ ပြောရခက်ပါတယ်။ ကိုယ်က ပြောလိုက်ရင်လည်း အမုန်းပွားရဦးမယ်။ အားလုံးကိုတော့ စီးပွားရေးတွေအဆင်ပြေတာကို မြင်ချင်ပါတယ်။ ဒါပေမဲ့လည်း သားသမီးတွေကို ကိုယ်က တန်ဖိုးထားတဲ့အတွက် ကြော်ငြာရိုက်ဖို့ကမ်းလှမ်းမှုတွေအများကြီး ရှိတာတောင် သိပ်လက်မခံဖြစ်ဘူး။ တစ်ပတ်ကို ကြော်ငြာဆယ်ခုလောက် လာပြောတယ်။ ဒါပေမဲ့ သူတို့က ကလေးအရွယ်ပဲရှိသေးတော့ လူကြီးတွေလောက် အပင်ပန်းမခံနိုင်သေးဘူးလေ။ ပရိသတ်အမြင်မှာလည်း မြင်ရပါများပြီး အချစ်ပေါ့သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် သမီးလေးတွေပုံကို အလွယ်ယူသုံးပြီး လုပ်တာမျိုးကိုတော့ တကယ်ကိုစိတ်မကောင်းပါဘူး။

သန့်ဇင်ဦး