News

POST TYPE

INTERVIEW

အမိုးနီးယားဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် စက်ရုံ လုပ်သားခြောက်ဦးကို ဆေးရုံတင်
09-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၈

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ Gallent Ocean ငါး/ပုစွန် အအေးခန်းစက်ရုံတွင် အောက်တိုဘာလ ၇ ရက် နံနက် ၁ နာရီခွဲက အမိုးနီးယားဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် ယင်းစက်ရုံရှိ အအေးခန်းမှ အလုပ်သမားခြောက်ဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

အမိုးနီးယားဓာတ်ငွေ့များမှာ ယင်းစက်ရုံရှိ အမိုးနီးယား သိုလှောင်အိုး၏ ဓာတ်ငွေ့ပျံပိုက်တွင် တပ်ဆင်ထားသော ဘားချို့ယွင်းမှုကြောင့် ပြင်ပသို့ ဓာတ်ငွေ့များ ယိုစိမ့်ထွက်ရှိလာခြင်းဖြစ်ပြီး ညပိုင်း တာဝန်ကျ အလုပ်သမားများမှာ ပြင်ပသို့ထွက်နေခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

“ဓာတ်ငွေ့ရှူရှိုက်မိလို့ အအေးခန်းစက်မောင်း အမျိုးသားတစ်ယောက်နဲ့ စက်ရုံက အမျိုးသမီးငါးယောက် အသက် ရှူကျပ်ပြီး လှိုင်သာယာဆေးရုံကို တင်ပို့ခဲ့ရတယ်။ မသက်သာလို့ ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းကုသမှုခံယူခဲ့ရတယ်။ အသက်အန္တရာယ်စိုးရိမ်ရမှုတော့ မရှိပါဘူး”ဟု ရဲအရာရှိက ရှင်းပြသည်။ 

အဆိုပါ အမိုးနီးယားဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ် ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၂ စီးဖြင့် ထိန်းချုပ်ငြှိမ်းသတ်ခဲ့ရာ ယင်းနေ့ နံနက် ၄ နာရီတွင် ဓာတ်ငွေ့ယိုစိမ့်မှု မရှိတော့ကြောင်း သိရှိရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်အရေးယူဆောင်ရွက်ထားမှု မရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

S-03



  • VIA