News

POST TYPE

INTERVIEW

မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်း ကျမည်
20-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၉

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး ယင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

အဆိုပါမုန်တိုင်းငယ်သည် စက်တင်ဘာလ ၂၀ ရက်နေ့ညဝန်းကျင်တွင် အိန္ဒိယနိုင်ငံ၊ ဩရိသကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း၊ ယင်းလေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းလာရာ ရန်ကုန်နှင့် ဒေသအချို့တွင် ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီကာလက မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဖြစ်တဲ့ကာလဆိုတော့ သတိပြုသင့်တယ်။ ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းကျတဲ့အခါမှာ တစ်နာရီကို မိုင် ၄၀ လောက်တိုက်နိုင်တယ်။ ရန်ကုန်မှာလည်း မိုးကြီးနိုင်တယ်” ဟု ဒေါက်တာ ကျော်မိုးဦးက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသစသည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သကဲ့သို့ အနောက်ဘက်မှလာသည့် လေပွေလှိုင်းများနှင့် မန်းဂွတ်မုန်တိုင်းမှ ပြတ်ထွက်လာသည့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနှင့် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

E-03