News

POST TYPE

INTERVIEW

မန်ကွတ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်၊ ဟောင်ကောင်၊ မက္ကာအိုနှင့် တရုတ်တောင်ပိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများ
18-Sep-2018


ဘေဂျင်း၊ စက်တင်ဘာ ၁၇

ဖိလစ်ပိုင်မှတစ်ဆင့် ဟောင်ကောင်ကို ဖြတ်သန်းကာ တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်သွားသည့် မန်ကွတ်အမည်ရ အင်အားပြင်းဆူပါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အမြား ဖြစ်ပေါ်ခဲ့ကြောင်း မုန်တိုင်းဝင်အမွှေခံလိုက်ရသည့် နိုင်ငံများမှ အာဏာပိုင်များက ပြောကြားသည်။ 

ဟောင်ကောင်တွင် ပျက်စီးဆုံးရှုံးမှုများမှာ အလွန်အမင်း များပြားဆိုးရွားလှသည်ဟု အစိုးရအရာရှိကြီးများက အတည် ပြုပြောကြားသည်။ တရုတ်ပြည်တောင်ပိုင်းတွင်မူ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားပြီဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။ 

ဖိလစ်ပိုင်တွင် မြေပြိုမှုများကြောင့် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး ဟောင်ကောင်တွင် ပျက်စီးဆုံးရှုံးမှုများ အဆမတန် ပေါ်ပေါက်ခဲ့ပြီးနောက် တနင်္လာနေ့က တရုတ်တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့သည်။

တရုတ်မိုးလေဝသဌာနက တရုတ်ပြည်၏ လူဦးရေထူထပ်သိပ်သည်းသည့် ဒေသဖြစ်သော ဂွမ်ဒေါင်တွင် မိုးရေချိန် စံချိန်တင်မြင့်တက်လျက်ရှိသည်ဟု ကြေညာသည်။ တရုတ်အာဏာပိုင်များ၏ အဆိုအရ တရုတ်ပြည်တွင် မန်ကွတ်မုန်တိုင်းကြောင့် သေဆုံးသူနှစ်ဦးရှိပြီဖြစ်သည်။ 

ဟောင်ကောင်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းဖြစ်ပြီး ဓာတ်တိုင်များ၊ ဆိုင်းဘုတ်ကြီးများ ကျိုးကျခြင်း၊ ခါးလည်မှ ပြတ်ထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ အချို့သော ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဧရာမကရိန်းကြီးများလည်း ပြိုကျခဲ့သည်။ 

ဟောင်ကောင်အာဏာပိုင်များက ထိခိုက်ပျက်စီးမှုမှာ ပြင်းထန်ဆိုးရွားလှကြောင်း၊ မုန်တိုင်းကြောင့် ဒဏ်ရာရရှိသူ ၃၀၀ ကျော်ခန့်ရှိကြောင်း ပြောကြားသည်။ 

မက္ကာအိုတွင်မူ ရေလွှမ်းမိုးမှုကြီးများကြောင့် နာမည်ကျော် ကာစီနိုကြီးများထဲသို့ ရေများဝင်ရောက်ခဲ့သည်။ ယင်းဖြစ်ရပ်သည် မက္ကာအိုသမိုင်းကြောင်းတွင် ပထမဆုံးဖြစ်သည်ဟု ဆိုသည်။ 

မန်ကွတ်သည် ဖိလစ်ပိုင်မြောက်ပိုင်းဒေသ လူဇွန်ကို စနေနေ့က ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ ဖိလစ်ပိုင်အာဏာပိုင်များက တနင်္လာနေ့တွင် တရားဝင်ထုတ်ပြန်ချက်အရ မုန်တိုင်းနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ စုစုပေါင်း ၆၅ ဦးရှိသွားပြီဖြစ်သည်။ လူ ၄၀ ကျော်ခန့်မှာ ပျောက်ဆုံးလျက်ရှိရာ သေဆုံးသူဦးရေ ထပ်မံတိုးမြင့်လာဖွယ်သာရှိသည်ဟု ၎င်းတို့ကဆိုသည်။ 

ခန့်မှန်းချက်များအရ ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် မန်ကွတ်ကြောင့် လူ ပေါင်း ၅ သန်းခန့် ဒုက္ခရောက်ခဲ့ကြရပြီး တစ်သိန်းခွဲခန့်မှာ ယနေ့အချိန်အထိ ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်နေရဆဲဖြစ်သည်။ 

မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံကို တစ်နာရီလျှင် ၂၃၇ မိုင်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်သည်။ သေဆုံးသွားသူအများစုမှာ တောင်ထူထပ်သောဒေသတွင် နေထိုင်သူများဖြစ်ပြီး မြေပြိုမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ 

လက်ရှိအနေအထားတွင် ဖိလစ်ပိုင်၌ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများလည်း လည်ပတ်မှုရပ်ဆိုင်းလျက်ရှိသည်။ 

“တိုင်ဖုန်းမုန်တိုင်းဝင်ပြီးသွားလို့ အိမ်ပြန်ကြတဲ့အချိန်မှာ မြေပြိုတာနဲ့ ကြုံကြရတယ်”ဟု မုန်တိုင်းဒုက္ခသည် အချို့၏ အတွေ့အကြုံနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအရာရှိ ဖရန်စစ်တိုလင်နိုက ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုင်ဖုန်းမုန်တိုင်း ၂၀ ခန့်၏ တိုက်ခတ်ခြင်းနှင့်ကြုံတွေ့လေ့ရှိသည့်နိုင်ငံဖြစ်သော်လည်း ယခု မုန်တိုင်းသည် အခြားမုန်တိုင်းများနှင့်နှိုင်းယှဉ်လျှင် အင်အားအပြင်းဆုံးဟု သတ်မှတ်၍ရသည်ဟု အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

F-01