POST TYPE

INTERVIEW

အိမ်အကူ မခင်မာမြင့်က မုဒိမ်းမှုဖြင့် တရားစွဲခံရသူ ပဲခူးမြို့ခံ ကိုအောင်နိုင်ထွန်းနှင့် တွေ့ဆုံခြင်း
02-Sep-2018

“မုဒိမ်းမှုနဲ့ အမှုဖွင့်ပြီဆို ဟုတ်ဟုတ် မဟုတ်ဟုတ်ရဲက ဖမ်းပြီး အချုပ်ထဲထည့်လိုက်တာ။ တိုင်ချက်မှန် မမှန် ဘာမှ သေချာမစစ်ဆေးဘူး”



ပဲခူးမြို့နယ်တရားရုံးတွင် အိမ်အကူ မခင်မာမြင့် (ခ) ခင်မာညိုက မုဒိမ်းမှုဖြင့် တရားစွဲခံရသူ အောင်နိုင်ထွန်းမှာ ၄ လနီးပါးကြာ အချုပ်ဖြင့် အမှုရင်ဆိုင်ပြီးနောက် ဩဂုတ်လ ၃၁ ရက်နေ့တွင် စွဲချက်မတင်မီ တရားရှင်လွှတ်လာခဲ့ပြီးဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုးကြောင့် ထောင်ကနေ ပြန်လွတ်မယ်လို့ ယုံကြည်ထားသူ ပဲခူးမြို့ခံ ကိုအောင်နိုင်ထွန်းနှင့် The Voice Daily က တွေ့ဆုံမေးမြန်းခဲ့မှုအချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : မုဒိမ်းမှုကနေ အခုလို တရားရှင်လွတ်ခွင့်ရမယ်လို့ အစ်ကို မျှော်လင့်ထားခဲ့လား။
KANT : ကိုသီဟတင်စိုးအမှုမဖြစ်ခင် ကျွန်တော် ထောင်ကျမယ်လို့ပဲ ထင်ထားမိတာ။ သီဟတင်စိုးလည်း မုဒိမ်းမှု စွပ်စွဲခံရာကနေ လွတ်တယ်ဆိုတဲ့သတင်းကြားမိတော့ ပဲခူးထောင်ထဲက လူအတော်များများက (ကုလားလေး) မင်းလည်း လွတ်မယ်လို့ ပြောလာကြတယ်။ ဒါပေမဲ့ လွတ်မယ် မလွတ်ဘူးဆိုတာက ပါးစပ်နဲ့ ပြောနေလို့မရဘူး။ လိုက်လုပ်မှရမှာ။ ကျွန်တော့်နောက်ပိုင်းမှာက အမေကလည်း ဥပဒေအကြောင်း ဘာမှနားမလည်ဘူး။ ထောင်ဝင်စာတောင် ပုံမှန်လာမတွေ့နိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ ဒီအမှုကနေ ပြန်လွတ်လာမယ်လို့တော့ မျှော်လင့်ထားမိတယ်။ 

Voice : ထောင်ထဲကနေ ဒီအမှုကို ခုနစ်လနီးပါးကြာ တရားရင်ဆိုင်ခဲ့ရပြီးမှ အခုလို လွတ်မြောက်ခွင့်ရလာတဲ့အပေါ်မှာရော ဘယ်လိုများ အစ်ကို့အနေနဲ့ ဘာများပြောချင်မိလဲ။ 
KANT : စွဲချက်တင်မယ့်အဆင့်ကနေ ပြုတ်ပြီးတော့ ကျွန်တော်လွတ်မြောက်လာတဲ့အတွက် အတော်ကြီးကို ပျော်မိတယ်။ ပဲခူးသတင်းမီဒီယာဘက်က ကိုသန့်ဇင်တို့အဖွဲ့ လိုက်ကူညီပေးနေလို့ အခုလို ကျွန်တော်လွတ်မြောက်လာတာပါ။ ရှေ့နေ ဦးမြင့်ဆွေဆို ကျွန်တော့်အမှုအတွက် အခမဲ့လိုက်ပေးခဲ့တယ်။ ကိုသန့်ဇင်တို့ကပဲ ဒီဖြစ်စဉ်ကို လိုက်စုံစမ်းပေးပြီးတော့ ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးခဲ့မှုကြောင့် အခုလို လွတ်လာခဲ့တာပါ။ 

Voice : ဒီအမိန့်မချခင်အထိ အစ်ကို ထောင်ထဲမှာ လအတော်ကြာနေခဲ့ရတယ်။ အဲဒီအပေါ်နဲ့ ပတ်သက်ပြီး အစ်ကို့မှာ ဘယ်လိုခံစားမှုတွေရှိခဲ့လဲ။ 
KANT : အမှုစစ်ရဲက ကျွန်တော့်ကို သေချာမစစ်ခဲ့ဘူး။ တိုင်ချက်အရ ကျွန်တော့်ကို ဖမ်းပြီး ထောင်ထဲထည့်ခဲ့တာ။ အစက ထောင်ကျခံရပြီလို့ ဆုံးဖြတ်ထားပေမယ့် သရုပ်ဆောင်သီဟတင်စိုးပါ မုဒိမ်းမှုနဲ့ စွပ်စွဲခံထားရာကနေ လွတ်သွားတယ်လို့ ထောင်ထဲကလူတွေ ပြောနေတာကြောင့် သရုပ်ဆောင်သီဟတင်စိုးကြောင့် ကျွန်တော်လည်း တစ်နေ့ ထောင်ကနေ ပြန်လွတ်မယ်လို့ ယုံကြည်ခဲ့တယ်။ ထောင်ထဲ ကျွန်တော်နေခဲ့ရတာက အမှုစစ်ရဲက တိုင်ချက်အပေါ် သေချာမစစ်ဆေးခဲ့လို့ပါ။ တရားလို ခင်မာညိုနဲ့ ပွဲစား ဒေါ်ညိုတို့ကို တရားပြန်စွဲချင်တယ်။ ငွေရေးကြေးရေးတော့ ကျွန်တော် မတတ်နိုင်ဘူး၊ ဒါပေမဲ့ ကိုသန့်ဇင်တို့ကိုပဲ အကူအညီတောင်းပါ့မယ်။ 

Voice : အခုလို ဖမ်းဆီးခံထားရာကနေ ပြန်လွတ်လာသူ အစ်ကိုက မိသားစုဝမ်းရေးအတွက် ဘာတွေဆက်လုပ်သွားမယ်လို့ စိတ်ကူးထားမိလဲ။
KANT : ကျွန်တော်က နှစ်တန်းပဲ အောင်ခဲ့တယ်။ ငယ်ကတည်းက အလုပ်ရှင် ကိုဝင်းမင်းအိမ်မှာပဲ အလုပ်လုပ်ခဲ့တာ အခုဆို ၁၄ နှစ်ကျော်သွားပါပြီ။ ငယ်ငယ်ကတည်းက လုပ်လာတာဆိုတော့ သံယောဇဉ်ရှိတယ်။ သူ့က ပြန်ခေါ်ခိုင်းမယ်ဆိုရင်တော့ လုပ်ပါ့မယ်။ အကျဉ်းထောင်ထဲရောက်သွားတဲ့အချိန်မှာတော့ ကိုဝင်းမင်းတို့ကို ဒုက္ခပေးသလိုဖြစ်မှာစိုးလို့ အမေကို သူတို့ဆီ မသွားခိုင်းခဲ့ဘူး။ ရဲစခန်းအချုပ်ထဲမှာ နေရတုန်း တစ်ခေါက်က ကိုဝင်းမင်းက ထမင်းလာပို့ပေးဖူးတယ်။ 

Voice : လက်ရှိအမှုက တရားရှင်လွတ်ခဲ့ပြီ။ အစ်ကို့ဘက်က အမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်နေ့က ကြုံတွေ့ခဲ့မှုအပေါ် အဆင်ပြေမယ်ဆို ပြန်ပြောပေးနိုင်မလား။
KANT : ကျွန်တော်နေတာက ကိုဝင်းမင်းရဲ့ ဂိုဒေါင်မှာ။ မနက်မိုးလင်းရင်တော့ ကိုဝင်းမင်းအိမ်သွားပြီး ကလေးတွေကို ကျောင်းပို့ပေးတဲ့ တာဝန်ယူရတယ်။ စားဖို့ဝယ်ပေးရတယ်။ ဒေါ်ခင်မာညိုကိုတော့ ကျွန်တော် မြင်ဖူးတွေ့ဖူးပေမယ့် စကားတော့ တစ်ခါမှ မပြောဖူးဘူး။ အခင်းဖြစ်တဲ့နေ့ (တပေါင်းလပြည့်နေ့) က အလုပ်ရှင် ကိုဝင်းမင်းတို့လင်မယား ရန်ကုန်သွားမယ်ဆိုတော့ ကျွန်တော် အလုပ်လုပ်တဲ့ဂိုဒေါင်မှာ ဒေါ်ခင်မာညိုကို လာထားသွားတယ်။ ဂိုဒေါင်မှာ အခန်းနှစ်ခန်းရှိတယ်။ အဲဒီအခန်းနှစ်ခန်းထဲက တစ်ခန်းဖြစ်တဲ့ ကိုဝင်းမင်းရုံးခန်းမှာ ဒေါ်ခင်မာညိုကို ထားသွားတာ။ ကိုဝင်းမင်းက ကျွန်တော့်ကို မှာခဲ့တယ်။ ဒေါ်ခင်မာညိုကို နေ့ခင်းကျရင် ဟင်းဝယ်ကျွေးလိုက်ဆိုပြီး ပိုက်ဆံတစ်ထောင်ပေးခဲ့တယ်၊ နေ့ခင်းကျတော့ ကျွန်တော်ဟင်းသွားပို့တယ်။ အခန်းထဲကိုဝင်ဖို့ ခြေတစ်လှမ်းပဲဝင်ရသေးတာ တစ်လှမ်းက အပြင်မှာ။ ဟင်းဝင်ပေးတဲ့အချိန်မှာ သူ (ခင်မာညို) က ကျွန်တော့်လက်ကို လှမ်းဆွဲတယ်။ ကျွန်တော်လည်း ကြောက်လန့်ပြီး ဂိုဒေါင်ထဲသွားနေလိုက်တယ်။ ပြီးတော့ ကုလားလေး လာဦးဆိုပြီး လှမ်းခေါ်တယ်။ ပိုးဟပ်တစ်ကောင် ငါ့အပေါ်တက်နေတယ်ဆိုပြီး အင်္ကျီလှပ်ပြတာ ကျွန်တော်လည်း ရှက်ပြီး ဂိုဒေါင်မှူးနဲ့ ခြံအပြင်နားက လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေခဲ့တယ်။ ကိုဆန်းဝင်းကိုလည်း ကျွန်တော်ပြောပြတော့ ကိုဆန်းဝင်းက အဲ့ဒီနားမသွားနဲ့လို့ပြောပြီး ဂိုဒေါင်ဆီ ပြန်လာချိန် ခင်မာညိုက ခြံထဲမှာ လမ်းလျှောက်နေတာ မြင်မိခဲ့သေးတယ်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေချိန်မှာ ခြံတံခါးဖွင့်သံကြားမိလို့ ဘယ်သူဘယ်ဝါလဲတော့ မသိတာကြောင့် သွားကြည့်တော့ ခင်မာညိုက အခန်းထဲမှာ မရှိတော့ဘူး။ ကိုဆန်းဝင်းက လိုက်ရှာဆိုလို့ လိုက်ရှာပေမယ့် ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ ကိုဆန်းဝင်းကို သတင်းပို့တယ်၊ ကိုဆန်းဝင်းကနေ အလုပ်ရှင်ကိုဝင်းမင်းဆီ ပြန်ပြောပြတယ်။ 

Voice : အဲဒီနောက် ဘယ်လိုဆက်ဖြစ်ကြလဲ ပြောပြပေးပါဦး။ 
KANT : ဒေါ်ခင်မာညိုက ကျွန်တော် မုဒိမ်းကျင့်ပါတယ်လို့ စွပ်စွဲတယ်။ ဒါကို ရဲက အမှုဖွင့်ပေးပြီး ကျွန်တော့်ကိုဖမ်း အချုပ်ထဲထည့်တယ်။ မုဒိမ်းမှုနဲ့ အမှုဖွင့်ပြီဆို ဟုတ်ဟုတ် မဟုတ်ဟုတ် ရဲက ဖမ်းပြီး အချုပ်ထဲထည့်လိုက်တာ။ တိုင်ချက်မှန်မမှန် ဘာမှ သေချာမစစ်ဆေးဘူး။

Voice : အပြင်လောက ပြန်ရောက်လာပြီဖြစ်တဲ့ အစ်ကိုအနေနဲ့ အခုချိန်မှာ ဘာများပြောချင်သေးလဲ။
KANT : မိန်းမတစ်ယောက်က မုဒိမ်းကျင့်ပါတယ်ဆိုပြီး ပြောဆိုခံရတာကြာင့် ထောင်ထဲသွားနေခဲ့ရတယ်။ အခု ထောင်က ပြန်လွတ်လာပြီဆိုပေမယ့် မိန်းကလေးတွေနဲ့ပတ်သက်ရင် တော်တော်တော့ ရှောင်ရမယ်။ ကလေးအရွယ် မိန်းကလေးကိုတောင် မချီရဲတော့ဘူး။ အမှုရင်ဆိုင်နေရချိန်ဆို အပြင်မှာ ကျန်ခဲ့တဲ့ အမေက ရပ်ကွက်ထဲ အဝတ်လှည့်လျှော်ပြီး ရတဲ့ပိုက်ဆံနဲ့ ထောင်ဝင်စာလာတွေ့ စားစရာတွေ ပေးပေးသွားခဲ့ရှာတာ။ ကျွန်တော့်ကို တရားစွဲဆိုခဲ့သူ ဒေါ်ခင်မာညိုနဲ့ ပွဲစားဒေါ်ညိုကို တရားပြန်စွဲချင်မိတယ်။

Voice : ကျေးဇူးပါ။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါ။

ခိုင်စိုးလင်း