POST TYPE

INTERVIEW

အေသင်ချိုဆွေနဲ့ တွေ့ဆုံခြင်း
27-Aug-2018

“အေသင့်ရဲ့ လက်ရှိဖြစ်တည်မှုလေးကို လက်ခံပေးပြီးတော့ အေသင့်ကို ချစ်သလိုပဲ သမီးလေးကိုလည်း ချစ်ပေးကြပါ” 



တေးသံရှင် အေသင်ချိုဆွေနဲ့ တွေ့ဆုံပြီး သမီးလေး IVY ရဲ့ တစ်နှစ်ပြည့်မွေးနေ့အတွက် အလှူဒါနတွေ ပြုလုပ်ပေးဖြစ်တဲ့အကြောင်း၊ Single Mother အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ မိခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့ ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : သမီးလေး IVY ရဲ့ တစ်နှစ်ပြည့် မွေးနေ့အတွက် အလှူလုပ်ပေးဖြစ်တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
ACS : သမီးလေးမွေးနေ့အတွက်ကတော့ ဆည်းဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာနဲ့ သန်လျင်မှာရှိတဲ့ သဘာဝတရားရိပ်သာမှာ လှူဒါန်းဖြစ်ပါတယ်။ သမီးလေးက တစ်နှစ်အရွယ်ပဲ ရှိသေးတဲ့အတွက် အပျော်မွေးနေ့ပွဲပုံစံမျိုးတော့ လုပ်ဖို့ အစီအစဉ်မရှိသေးဘူး။ သူ့အတွက် အလှူလေးတွေ လုပ်ပေးတယ်။ အိမ်မှာပဲ မိသားစုနဲ့အတူ ဖြတ်သန်းတယ်ပေါ့။ သမီးလေးက သောကြာသမီးလေးပါ။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်နေ့က သူ့ကို မွေးခဲ့တာပါ။

Voice : မိခင်တစ်ယောက် ဖြစ်လာတော့ ကိုယ့်ကိုယ်ကိုယ်ရော ဘာတွေ ပြောင်းလဲသွားတယ်လို့ထင်လဲ။
ACS : မိခင်တစ်ယောက် ဖြစ်လာတဲ့အတွက် အရင်က ထက်ပိုပြီးတော့ ရင့်ကျက်သွားတယ်လို့ထင်တယ်။ အရင်တုန်းကတော့ မိန်းကလေးစိတ်ပေါ့နော်။ အခုတော့ မိန်းမကြီး ဖြစ်သွားတာပေါ့။ သမီးလေးနာမည်ကို IVY လို့ပေးဖြစ်တာက အေသင်က အဆိုတော် Beyonce ကို အရမ်းကြိုက်တယ်။ သူ့သမီးလေး နာမည်ကလည်း Blue IVY ပဲ။ သူပေးထားတဲ့ နာမည်လေးကို ကြိုက်တဲ့အတွက် အေသင့်သမီးလေးနာမည်ကိုလည်း IVY လို့ပေးဖြစ်တာပါ။ မြန်မာနာမည်ကတော့ မပေးရသေးပါဘူး။

Voice : ကိုယ့်သမီးလေးအကြောင်းကို ပရိသတ်သိအောင် ပြောပြပြီး Single Mother ဘဝကို ရဲရဲဝံ့ဝံ့ ခံယူဖြစ်ခဲ့တဲ့အကြောင်းကိုလည်း သိပါရစေ။
ACS : ပရိသတ်တွေကို သမီးလေးအကြောင်း ပြောပြမယ်ဆိုတာကို အိမ်ကလူတွေနဲ့တောင် မတိုင်ပင်ဖြစ်ဘူး။ သူ့အကြောင်းကို စိတ်ထဲမှာ အရမ်းပြောပြချင်လာတယ်။ ကိုယ်မပြောခင် သူများတွေက ပြောလိုက်မှာလည်း ကြောက်တယ်။ ကိုယ့်မှာ ပြောပြဖို့ အစကတည်းက အစီအစဉ်ရှိပြီးသားပါ။ နောက်တစ်ခုက ကလေးနဲ့အတူ အပြင်တွေဘာတွေ သွားရင်လည်း လွတ်လွတ်လပ်လပ်နဲ့ သွားချင်တယ်။ ကိုယ့်ကို ချစ်ကြသလိုပဲ သမီးလေးကိုလည်း ချစ်စေချင်တယ်။ သူ့မှာက နှစ်ဖက်မိဘလည်း ရှိတာမဟုတ်ဘူးလေ။ ကိုယ့်ပရိသတ်တွေရော၊ အပြင်က ရင်းနှီးတဲ့သူတွေကရော သူ့ကိုချစ်စေချင်တယ်။ အဲဒါကြောင့် ပြောပြခဲ့တာပါ။

Voice : ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလက်ခံပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုရော ဘာပြောချင်လဲ။
ACS : အေသင့်ကို အားရှိအောင် စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ပျော်ခဲ့ရတယ်။ သမီးလေးအကြောင်းကို အဲဒီလောက်အထိ စိတ်ဝင်စားပြီး သူ့ကိုချစ်ကြလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ဘူး။ သမီးလေးအကြောင်းကို ပြောပြလိုက်ရင် အဆိုးပြောမယ့်သူများမယ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ အကုန်လုံးက ချစ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း ချစ်ပေးကြဖို့ ပြောချင်ပါတယ်။

Voice : ကိုယ်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကနေရော ကိုယ့်အတွက် ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ။
ACS : အရင်တုန်းက ဖြစ်ခဲ့တာတွေကို အေသင်လည်း ပြန်မပြောချင်ဘူး။ ကိုယ်ခံစားခဲ့ရတာတွေကို ကိုယ်ပဲသိတယ်။ အေသင့်ရဲ့ လက်ရှိဖြစ်တည်မှုလေးကို လက်ခံပေးပြီးတော့ အေသင့်ကို ချစ်သလိုပဲ သမီးလေးကိုလည်း ချစ်ပေးကြပါ။ အေသင်ကတော့ သမီးလေးကို မိခင်တစ်ယောက်အနေနဲ့ ပညာရေးဘက်မှာရော လိမ္မာရေးခြားရှိအောင်ပါ အကောင်းဆုံး ပြုစုပျိုးထောင်ပေးသွားမှာပါ။ သမီးလေးဖြစ်ချင်တဲ့ဘဝကို ပုံဖော်နိုင်အောင်လည်း ပံ့ပိုးပေးသွားမှာပါ။ 

Voice : ကိုယ်စိတ်ဓာတ်တွေကျနေခဲ့တဲ့ အချိန်ကာလတွေမှာ ဘယ်လိုပြန်ပြီး ရုန်းထနိုင်အောင်ကြိုးစားခဲ့လဲ။
ACS : အရင်တုန်းကတော့ အေသင်က စိတ်ဓာတ်အရမ်းကျလွယ်တယ်။ အလကားနေရင်းကို အဆိုးဘက်ကိုပဲ တွေးဖြစ်တယ်။ Negative Thinking တွေ များတယ်ပေါ့နော်။ အမြဲတမ်း အားငယ်နေတတ်တယ်။ ငါ့ကို လူတွေက ကြိုက်မှာမဟုတ်ပါဘူး၊ ချစ်မှာ မဟုတ်ပါဘူး၊ အားပေးမှာ မဟုတ်ပါဘူးလို့ တွေးနေမိတယ်။ မဟုတ်ပါဘူး ဆိုတာတွေက များတယ်။ တစ်ချိန်လုံး အမြဲတမ်း စိတ်ဆင်းရဲပြီး စိတ်ဓာတ်တွေကျနေတယ်။ တစ်ခုခု မလုပ်ရသေးခင် လက်လျှော့ချင်နေတယ်။ အခုကတော့ အရင်နဲ့ လုံးဝမတူတော့ဘူး။ သမီးလေးမျက်နှာကို ကြည့်လိုက်တာနဲ့ ငါကြိုးစားရမယ်ဆိုတဲ့အသိဝင်လာတယ်။ ကိုယ့်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ငါရှေ့ဆက်သွားရမယ်ဆိုတဲ့ အသိမျိုးရှိလာပါတယ်။

သန့်ဇင်ဦး