News

POST TYPE

INTERVIEW

အဆိုတော်ရသကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ၊ ချုပ်ရက်ရမန်ယူ
16-Aug-2018


မန္တလေး၊ ဩဂုတ် ၁၅

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခု၌ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သော အဆိုတော်ရသကို ဩဂုတ်လ ၁၅ ရက်နေ့က ယင်းမြို့နယ်တရားရုံးတွင် ချုပ်ရက်ရမန်ရယူကာ ရဲတပ်ဖွဲ့ကစစ်ဆေးလျက်ရှိသည်။

“ဖမ်းတာကတော့ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းတာပါ။ အမှုဖွင့်တာက ကျွန်တော်တို့နယ်မြေရဲစခန်းမှာပဲ ဖွင့်ထားတာ။ အဆိုတော် ရသရယ်၊ ယာဉ်မောင်းတစ်ယောက်နဲ့ အဆိုတော်လို့ပြောတဲ့ အမျိုးသမီးတစ်ယောက်ကို ဖမ်းထားတာပါ” ဟု ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောကြားသည်။

အဆိုတော်ရသ အပါအဝင် ၃ ဦးကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုတော် ရသ တည်းခိုနေထိုင်သောအခန်းအတွင်းရှိ စားပွဲပေါ်တွင်တင်ထားသည့် မူးယစ်ဆေးပြားများအပြင် ရေချိုးခန်းမှန်တင်ခုံပေါ်ရှိ တစ်ရှူးဘူးအတွင်းမှလည်း စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ရာ ဆေးပြားစုစုပေါင်း ၁၆၀၀ ကျော် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မူးယစ်မှတ်တမ်းအရ သိရသည်။

အဆိုတော်ရသသည် ကျောက်မဲမြို့မှ နေ၍ မူးယစ်ဆေးဝါးများဝယ်ယူပြီး ပြန်လာစဉ် မန္တလေးမြို့ခံ တိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်သည့် မခေမီ (ခ) ဗျာတားမီးနှင့်အတူတွေ့ဆုံကာ တည်းခိုနေခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုတော် ရသ (ခ) ဦးရဲမင်းသိန်းအပါအဝင် သုံးဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၁၉(က)/၂၁ တို့အရ အမှုဖွင့်ထားသည်။

ယခုကဲ့သို့ မူးယစ်မှုဖြင့် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ရသကို တရားရုံးသို့ ခေါ်ဆောင်လာစဉ်မေးမြန်းရာ ပရိသတ်အတွက် နောက်ပိုင်းမှသာ စကားပြောပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရသသည် ဟစ်ဟော့ပ်သီချင်းများ ကိုသီဆိုသည့် အဆိုတော်တစ်ဦးဖြစ်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော်အမတ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီမှ ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ဖူးသည်။

လက်ရှိတွင် ရသသည် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၏ ပါတီဝင်တစ်ဦးဖြစ်နေရာ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ပြီးဖြစ်သည့်အတွက် ပါတီစည်းကမ်းအရ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

M-04