News

POST TYPE

INTERVIEW

ဒေါက်တာသူရဇော်နှင့် တွေ့ဆုံခြင်း
15-Aug-2018

အူရောင်ငန်းဖျားရောဂါ

“တစ်ပတ်နဲ့ အဖျားမပျောက်ဘဲ အပူက ဆင့်ကဲဆင့်ကဲကြီးလာရင် သတိထားရမယ်”

ငန်းဖျားရောဂါ (တိုက်ဖွိုက်) သည် တစ်ပတ်ကျော်ကြာဖျားသည့် ကလေးငယ်များတွင် ပြန်ဖြစ်ပွားလာသည်ကို တွေ့ရှိရပါသည်။ အဆိုပါရောဂါကြောင့် ၁၉၀၀-၁၉၅၉ ခုနှစ်များတွင် အသေအပျောက် များပြားမှုများရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင် ပိုးသတ်ဆေးများတွင်ကျယ်စွာ ထုတ်လုပ်အသုံးပြုလာနိုင်သောကြောင့် တွေ့ရနည်းလာခဲ့ပါသည်။ သို့သော် အတော်အတန်ကြာ မတွေ့ရှိရသည့်ရောဂါကို ယခုနှစ်ပိုင်းတွင် အတွေ့များလာသဖြင့် ထိုရောဂါနှင့်ပတ်သက်သည်များကို ကလေးဆရာဝန် ဒေါက်တာသူရဇော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Voice : တိုက်ဖွိုက်ရောဂါက ဘာကြောင့်ဖြစ်တာလဲ ဆရာ။
Dr. TYZ : သူက Salmonella Typhi နဲ့ Salmonella Paratyphi ဆိုတဲ့ ဗက်တီးရီးယားပိုးကြောင့် ဖြစ်တယ်။ တစ်နှစ်ကို ပျမ်းမျှလူဦးရေ သန်း ၂၀ ရောဂါခံစားရတယ်။ အဲဒီအထဲမှာ တစ်သိန်းလေးသောင်းသေကြတယ်။ သူကဖွံ့ ဖြိုးဆဲနဲ့ ဖွံ့ဖြိုးစနိုင်ငံတွေမှာတော့ ရောဂါက အဖြစ်များတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဝင်ရောက်လာတဲ့ အလုပ်သမားလူတန်းစားတွေမှာ ဖြစ်တာတွေ့ရှိရတယ်။

Voice : ဘယ်လိုအသက်အရွယ်တွေမှာ ဖြစ်နိုင်သလဲ။
Dr. TYZ : ကလေးလူကြီးမရွေး အကုန်ဖြစ်နိုင်တယ်။ ကလေးတွေမှာတော့ ကျောင်းနေအရွယ်ကလေးတွေမှာ တွေ့ရတာများတယ်။ လူကြီးတွေကဲ့သို့ တိုက်ဖွိုက်ရောဂါတွေကို သေသေချာချာပြောနိုင်တဲ့အတွက်ကြောင့် ပိုပြီးသတိထားမိတာဖြစ်တယ်။ ငါးနှစ်အောက်ကလေးတွေကတော့ သူတို့ခံစားရတာကို မပြောနိုင်တော့ ဖြစ်တဲ့လက္ခဏာကို ကွဲကွဲပြားပြားမသိရတော့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ ကိုယ်တိုင်ကတော့ ရောဂါလက္ခဏာ မခံစားရဘဲ ရောဂါပိုးဖြန့်ဝေနေတဲ့သူတွေရှိတယ်။ တချို့လူတွေကျတော့ ရောဂါကကိုယ်ခန္ဓာထဲဝင်ပြီး ကိုယ်တိုင် တိုက်ဖွိုက်ရောဂါလက္ခဏာမပြဘဲ ရောဂါပိုး ဖြန့်ဝေနေတဲ့သူတွေလည်း ရှိတယ်။

Voice : ရောဂါက ဘယ်လိုနည်းလမ်းနဲ့ ကူးစက်နိုင်ပါသလဲ။
Dr. TYZ : အစားအသောက်တွေ၊ ဖျော်ရည်နဲ့ အအေးတွေ၊ မသန့်ရှင်းတဲ့ရေတွေကနေ ကူးစက်နိုင်တယ်။ နောက်တစ်ခုက အညစ်အကြေးတွေ (မစင်) ကိုင်တွယ်မိပြီးတော့ တစ်နည်းနည်းနဲ့ ပါးစပ်ထဲကို ရောက်သွားရာကနေလည်း ကူးစက်နိုင်တယ်။ ရောဂါ သယ်ဆောင်ထားတဲ့သူက ပြင်ဆင်ပေးတာတွေကို စားသောက်ရာကနေဖြစ်နိုင်တယ်။ နောက်ပြီး ကိုယ်ခံအားကျဆင်းနေတဲ့ ရောဂါသည်တွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်။ ရောဂါပိုးက ဆက်တိုက်ပွားနေပြီးတော့ သူစွန့်ထုတ်တဲ့ မစင်အညစ်အကြေးကနေ တစ်ဆင့်တစ်နည်းနည်းနဲ့ အခြားသူတွေကို ကူးစက်စေတတ်တယ်။

Voice : ဒီရောဂါရဲ့ လက္ခဏာတွေကရော ဆရာ။
Dr. TYZ : ရောဂါဝင်ပြီး တစ်ပတ်၊ နှစ်ပတ် စဖျားတာ။ ဖျားတဲ့အခါ အဖျားက တာရှည်မယ်။ ရောဂါပိုးဝင်ရောက်ပြီး အဖျားက ဆင့်ကဲဆင့်ကဲ တက်လာပြီးတော့ အဖျား ၁၀၃၊ ၁၀၄ လောက်အထိကို ကြီးနိုင်တယ်။ နှစ်ပတ်ကနေ တစ်လအထိ ဖျားနိုင်တယ်။ ထိရောက်တဲ့ ကုသမှုမယူဘူးဆိုရင် တစ်လအတွင်း အသက်ဆုံးနိုင်တယ်။ အသက်မဆုံးရင်တောင် ပြင်းထန်တဲ့ နာတာရှည်ဝေဒနာတွေ ခံစားရမယ်။ ဒီတော့ ကနဦးလက္ခဏာတွေက အပူကြီးမယ်၊ ဗိုက်နာမယ်၊ အများစုက ဝမ်းချုပ်တယ်၊ ခေါင်းကိုက်တာနဲ့ ပျို့တာအန်တာတွေ ရှိနိုင်တယ်။ တချို့လည်း ကိုယ်ခန္ဓာမှာ အကွက်တွေပေါ်လာတယ်။ ကယောင်ကတမ်းတွေဖြစ်မယ်၊ ပိန်ချုံးသွားမယ်၊ ရံဖန်ရံခါ အသားဝါတာတွေ ဖြစ်နိုင်တယ်။ ရိုးရိုးတုပ်ကွေးနဲ့ ဖျားနာတွေက တစ်ပတ်အတွင်း ပျောက်တယ်။ သူကတော့ မပျောက်ဘူး။ တစ်ပတ်နဲ့ အဖျားမပျောက်ဘဲ အပူက ဆင့်ကဲဆင့်ကဲ ကြီးလာရင် သတိထားရမယ်။ နောက်ပြီး နှလုံးနဲ့ အဆုတ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ အူရောင်ငန်းဖျားဆိုတဲ့အတွက် အူရောင်တဲ့လက္ခဏာတွေ ပြင်းထန်လာပြီး အူပေါက်တဲ့အထိဖြစ်နိုင်တယ်။ အစာအိမ်လမ်းကြောင်း သွေးယိုတာတွေလည်း ဖြစ်နိုင်တယ်။ ဒါတွေကတော့ ဖြစ်ရိုးဖြစ်စဉ် လက္ခဏာတွေပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ကလေးငယ်တွေမှာတော့ တက်တာ၊ မှိန်းတာ၊ ဆီးနည်းတာ၊ သတိလစ်တာတွေတွေ့ရတယ်။ ထူးထူးခြားခြား တချို့ဆိုရင် ခန္ဓာကိုယ်မှာ အနာတွေဖြစ်တာ ရှိတယ်။ နောက်တစ်ခုက အရိုးရောင်ရမ်းတာ၊ အာရုံကြောသေတာတွေဖြစ်နိုင်တယ်။ ထိရောက်တဲ့ကုသမှုကို ခံယူရင်တော့ လူကောင်းပကတိ ပြန်ကောင်းပါတယ်။ သူက ဘယ်လိုရောဂါတွေနဲ့ မှားနိုင်သလဲဆိုတော့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတွေနဲ့ မှားနိုင်တယ်။ တစ်ခါတလေတော့လည်း အူအတက်ပေါက်တာ၊ ခန္ဓာကိုယ်အတွင်း ပြည်တည်တာတွေနဲ့ မှားနိုင်တယ်။

Voice : ဒါဆိုရင် ရောဂါတွေမမှားအောင် ဘယ်လိုနည်းနဲ့ သိရှိနိုင်ပါသလဲ။
Dr. TYZ : ရောဂါလက္ခဏာတွေကို မေးမြန်းစစ်ဆေးရင်းနဲ့ သိနိုင်တယ်။ ဒီ့အပြင် ရောဂါပိုးရှိသူရဲ့ သွေးထဲကနေ (သို့) ရိုးတွင်းခြင်ဆီကနေ (သို့) သူပါထားတဲ့ ဝမ်းထဲကနေ ပိုးမွေးပြီးစစ်ဆေးရင် ရောဂါပိုးကို အတိအကျသိနိုင်သလို ရောဂါပိုးဝင်ကြောင်း သွယ်ဝိုက်သောနည်းဖြင့် သိနိုင်တဲ့သွေးစစ်ခြင်းတချို့နဲ့လည်း ရှာဖွေစစ်ဆေးနိုင်ပါတယ်။

Voice : ဘယ်လိုမျိုး ရောဂါကို ကာကွယ်လို့ ရနိုင်ပါသလဲ။
Dr. TYZ : တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အစားအသောက်သန့်ရှင်းရေးက ရောဂါကာကွယ်ဖို့ အရေးကြီးဆုံးဖြစ်တယ်။ သန့်ရှင်းတဲ့ အစားအသောက်ရောင်းချသူတွေဆီကနေပဲ စားသင့်တယ်။ နောက်ပြီး တွင်းရေ၊ သုံးရေသောက်သုံးတာကို ရှောင်သင့်တယ်။ ရောဂါကာကွယ်ဆေးကရှိပေမယ့် မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာမတွေ့ရသေးဘူး။ လူတွေက ကြောက်ရကောင်းမှန်းမသိတော့ သုံးလေ့သုံးထ မရှိတာ။ ကာကွယ်ဆေးထိုးနှံထားရင် ရောဂါဖြစ်တာကို ကာကွယ်နိုင်မယ်။ အစားအသောက် ရောင်းချသူတွေအနေနဲ့လည်း တစ်ကိုယ်ရေသန့်ရှင်းရေးအပြင် ကိုယ်တိုင် ရောဂါရှိ၊ မရှိ စစ်ဆေးပြီး ကုသမှုခံယူသင့်တယ်။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကား ပြောပေးပါဦး။
Dr. TYZ : တတ်ကျွမ်းတဲ့ဆရာနဲ့ ကုသသင့်တယ်။ လိုအပ်တဲ့ပိုးသတ်ဆေးကို သတ်မှတ်ကာလပြည့်အောင် ထိုးနှံတိုက်ကျွေးသင့်တယ်။ ဒီရောဂါရဲ့ နောက်ဆက်တွဲ ဒုက္ခပေးနိုင်တာက အူနံရံပေါက်တာဖြစ်တဲ့အတွက် အစောပိုင်းကာလဖြစ်တဲ့ အဖျားမကျသေးတဲ့အချိန်မှာ အစာမာတာတွေကို ရှောင်သင့်တယ်။ အဓိကမှာချင်တာကတော့ အစားအသောက်ကနေ ကူးစက်နိုင်တာမို့ အစားအသောက်ပြင်ဆင်ရောင်းချသူတွေရဲ့ ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အရေးကြီးတယ်။ လူတိုင်းလူတိုင်းဟာ သန့်ရှင်းတဲ့သောက်ရေကိုသာ သောက်သုံးသင့်တယ်။ အစာမစားမီနဲ့ အညစ်အကြေးကိုင်ပြီးတိုင်း လက်ဆေးတဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ