News

POST TYPE

INTERVIEW

မြင့်မြတ်နဲ့ တွေ့ဆုံခြင်း
08-Aug-2018 tagged as အနုပညာ



“ရင်သွေးကတော့ နှစ်ယောက်လောက်ယူဖို့ တိုင်ပင်ထားပါတယ်။ ကျွန်တော်ကတော့ နောက်တစ်ယောက်ကိုလည်း သားပဲလိုချင်တယ်”

နာမည်ကျော်သရုပ်ဆောင် မြင့်မြတ်နဲ့တွေ့ဆုံပြီး သားဦးလေးရရှိခဲ့တဲ့အပေါ် ခံစားမှု၊ “ငဒူ” ရုပ်ရှင်ဇာတ်ကား အွန်လိုင်းအပေါ် ပျံ့နှံ့သွားတဲ့အပေါ် သူ့ရဲ့အမြင်နဲ့  အောင်မြင်မှုရလာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ဝေဖန်တိုက်ခိုက်မှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သားဦးလေးကို မြင့်မြတ်ရဲ့ မွေးနေ့မှာ ခွဲမွေးတယ်လို့လည်း သိရတယ်။ အဲ့ဒီအကြောင်းကနေစပြီး ပြောပြပေးပါဦး။
MM : အဲ့ဒါကတော့ ကျွန်တော့် အမျိုးသမီးက ခွဲမွေးတာဖြစ်တဲ့အတွက် ရက်က နည်းနည်းလေး ညှိလို့ရတယ်။ အမှန်တော့ ဆရာဝန်တွေကလည်း Due Date က ဩဂုတ်လ ၂၀ ရက်နဲ့  ၂၅ ရက်ကြားမှာ ပေးထားတာပေါ့။ ဒါပေမဲ့ ဒီလထဲမှာ ကျွန်တော့်မွေးနေ့ကလည်းရှိတော့ အဲ့ဒီနေ့မှာပဲ မွေးဖို့ စီစဉ်လိုက်တာပါ။ ကိုယ့်ရဲ့ သားဦးလေးဆိုတော့ ကျွန်တော်လည်း အရမ်းလိုချင်တယ်။ အရမ်းလည်း ချစ်တယ်။ ကိုယ်နဲ့  မွေးနေ့ပါတူတဲ့အတွက် အရမ်းကိုပျော်ပါတယ်။

Voice : ကိုယ့်ရဲ့ ရင်သွေးလေးနဲ့ ပတ်သက်ပြီးတော့ရော ဖခင်တစ်ယောက်အနေနဲ့ ဘယ်လိုစိတ်ကူးအိပ်မက်တွေရှိလဲ။
MM : ကျွန်တော်တို့ကတော့ ချစ်ဖို့စောင့်နေတာလေ။ ပထမဆုံး ရင်သွေးလေးလည်းဖြစ်တော့ သူမမွေးခင်ကတည်းကကို အကုန်လုံးက ဝိုင်းပြီး ချစ်နေကြတာပေါ့။ အခုမွေးပြီးတဲ့ နောက်ပိုင်းမှာလည်း ပိုပြီးတော့တောင် ချစ်ကြမှာပါ။ သူ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ၊ သူ ဖြစ်ချင်တာကိုပဲ ဖြည့်ဆည်းပေးမယ်။ ကျွန်တော်တို့ရဲ့ အတ္တကြောင့်တော့ သားသမီးကို အနေမကျပ်စေရဘူးပေါ့နော်။ သူဖြစ်ချင်လေးတွေကိုပဲ အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ။

Voice : သားလေးအတွက် တက်တူးတစ်ခု အမှတ်တရထိုးမယ်လို့လည်း ပြောထားဖူးတယ်နော်။ ဘယ်နေရာမှာ ထိုးဖြစ်မလဲ။ နောက်ပြီး ရင်သွေးကရော ဘယ်နှယောက်လောက်ယူဖြစ်မလဲ။
MM : ကျွန်တော့် သားအတွက် တက်တူးလေးကတော့ ချိုင်းအောက်လောက်မှာ အမှတ်တရထိုးဖို့ စဉ်းစားထားပါတယ်။သူ့ရဲ့ မွေးကင်းစပုံလေးပေါ့နော်။ ရင်သွေးကတော့ နှစ်ယောက်လောက်ယူဖို့ တိုင်ပင်ထားပါတယ်။ ကျွန်တော်ကတော့ နောက်တစ်ယောက်ကိုလည်း သားပဲလိုချင်တယ်။ အဲ့ဒါကတော့ ကျွန်တော် အတ္တကြီးတယ်လို့ ပြောရင်လည်း ရပါတယ်။ ပြဿနာမရှိပါဘူး။

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “ချာလီဘနဲ့ ဂေါ်လီမ” ရုပ်ရှင်ဇာတ်ကား အကြောင်းလည်း ပြောပြပေးပါဦး။
MM : ဒီဇာတ်ကားကတော့ စာရေးဆရာကြီး ကြူမွှေးရဲ့ ဝတ္ထုကို ရိုက်တာပေါ့နော်။ ဟာသဇာတ်ကားလေးပါပဲ။ သရုပ်ဆောင်တွေကတော့ မကြီးစိုး( စိုးမြတ်သူဇာ)၊ ရွှေမှုံရတီ၊ ဦးရဲအောင်၊ ဦးခင်လှိုင်၊ ဂျိုကာတို့လည်း ပါပါတယ်။ ကျွန်တော်က ဒီဇာတ်ကားမှာ ရွှေမှုံ့ကို ကျောင်းတက်ကတည်းက ကြိုက်တယ်။ သူကတော့ လုံးဝပြန်မကြိုက်ဘူး။ ကျောင်းပြီးသွားတဲ့အချိန်မှာ ပြန်တွေ့တော့လည်း ပြန်လိုက်တာပေါ့နော်။ အဆင်မပြေတော့ ဉာဏ်များပြီး လိုက်ဖွန်ကြောင်တဲ့ ပုံစံမျိုးလေးပါ။

Voice : ကိုယ့်အတွက် အောင်မြင်မှုတွေရခဲ့တဲ့ “ငဒူ” ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြီး သိပ်မကြာခင်မှာပဲ အွန်လိုင်းပေါ် ပျံ့သွားတယ်နော်။ ဒီအပေါ်မှာရော ဘယ်လိုခံစားရလဲ။
MM : ရုပ်ရှင်ဇာတ်ကားတွေက အွန်လိုင်းပေါ်မှာ တရားမဝင် ပျံ့သွားတာကတော့ မကောင်းဘူးပေါ့နော်။ ကြာရင် ထုတ်လုပ်သူတွေ စီးပွားပျက်မှာလေ။ ကျွန်တော်တို့ အနုပညာရှင်တွေဆိုတာက ထုတ်လုပ်သူတွေ ထုတ်ရိုက်ပေးမှ ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတာပါ။ ဒီလိုမျိုး အွန်လိုင်းပေါ်မှာ ဇာတ်ကားတွေ ပျံ့နေမယ်ဆိုရင် ထုတ်လုပ်သူတွေအတွက်က ငွေရေးကြေးရေးအရ အများကြီးဆုံးရှုံးပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ဖို့ သိန်းထောင်နဲ့ချီပြီးတော့ ရင်းကြရတာလေ။ အွန်လိုင်းမှာသာကြည့်လို့ ရနေရင် ပရိသတ်တွေက ရုံထဲ ဘယ်လာကြည့်တော့မလဲ။ ရုံတင်လို့ ဝင်ငွေမရရင် ထုတ်လုပ်သူတွေလည်း ရိုက်နိုင်မှာ မဟုတ်တော့ဘူး။ 

Voice : ဇာတ်ကားတွေကို အွန်လိုင်းပေါ်မှာ တင်ပေးနေတဲ့သူတွေကိုရော အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာပြောချင်လဲ။
MM : အဲ့ဒါကတော့ ပြောရတာ နည်းနည်းခက်ပါတယ်။ အမှန်တရားကို မသိဘဲနဲ့ ရမ်းပြီး ဝေဖန်တာတော့ မကောင်းပါဘူး။ ဘာကြောင့် ဒီလိုအွန်လိုင်းပေါ်မှာ ပျံ့နေလဲဆိုတာ အကြောင်းရင်းတော့ ရှိမှာပါ။ တစ်ဦးတစ်ယောက်က လုပ်တယ်လို့ စွပ်စွဲပြီး ပြောသလိုလည်းဖြစ်မှာ စိုးပါတယ်။ အဲ့ဒီလိုလည်း မပြောချင်ပါဘူး။ ဒီလိုဇာတ်ကားတွေ ပျံ့သွားရတဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုခုတော့ ရှိမှာပါ။ ဖြစ်နိုင်ရင်တော့ အွန်လိုင်းပေါ်ကို မတင်စေချင်ဘူးပေါ့နော်။ 

Voice : လက်ရှိမှာ မြင့်မြတ်က ဆူပါတန်းဝင် မင်းသားတစ်လက် ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ နာမည်ရလာတဲ့ အချိန်မှာ ကြုံရတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုရော ဘယ်လိုရင်ဆိုင်ဖြစ်လဲ။
MM : ကျွန်တော်လည်း တိုက်ခိုက်မှုတွေ အနည်းနဲ့အများတော့ ကြုံရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အရှုပ်ထဲမှာ ရှင်းအောင်နေတယ်။ ကျွန်တော် အရှုပ်တွေကြားထဲကို မဝင်ဘူး။ ပတ်ပြေးနေတယ်။ ကျွန်တော် လုပ်နေတဲ့ အလုပ်အပေါ်ကိုပဲ အာရုံထားတယ်။ ကျွန်တော့်ကို ချစ်ကြတဲ့ We Love အဖွဲ့က ပရိသတ်တွေကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ကျွန်တော် ရိုက်ကွင်းမရှိတဲ့နေ့တွေမှာဆို သူတို့နဲ့  မုန့်တွေဘာတွေ အတူတူသွားစားကြပါတယ်။

သန့်ဇင်ဦး