News

POST TYPE

INTERVIEW

ရွှေထူးနဲ့ တွေ့ဆုံခြင်း
07-Aug-2018


“ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ဘယ်တော့မှ ရှေ့တန်းမတင်တော့ဘူး။ ကျွန်တော့်ပရိသတ်တွေကို ပျော်ရွှင်အောင်ပဲထားပါတော့မယ်”

လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့တွေ့ဆုံပြီး လတ်တလော ဂီတလှုပ်ရှားမှုတွေအကြောင်း၊ “I” စီးရီးအတွက် MTV ရိုက်ကူးမယ့်အကြောင်းနဲ့ ဝေဖန်တိုက်ခိုက်မှုတွေအပေါ် သူ့အမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေထူးကို ပရိသတ်တွေက “ရွှေရွှေ” ဆိုပြီး ချစ်စနိုးခေါ်ကြတာ ကြားဖူးတယ်။ ကိုယ်တိုင်ရော ဘယ်လိုခံစားရလဲ။
SH : အဲ့ဒါကတော့ “ရွှေရွှေ” လို့ခေါ်တာက အဆင်ပြေပါတယ်။ တချို့ ပရိသတ်တွေ ကျွန်တော့်ကို ခေါ်တာကျတော့ “အရွှေ” တဲ့။ အရွှေလို့ ခေါ်လိုက်တဲ့ အခါကျတော့ ကျွန်တော်နည်းနည်းလေးနွဲ့သွားတာပေါ့နော်။ ဒါကတော့ ရယ်စရာပြောတာပါ။ ပရိသတ်တွေ ကျွန်တော့်ကို ဘယ်လိုပဲခေါ်ခေါ် အဆင်ပြေပါတယ်။ သူတို့ နောက်ပြောင်ပြီးခေါ်တဲ့ နာမည်လေးတွေကို ကျွန်တော်ချစ်တယ်။ ပရိသတ်တွေကလည်း ကျွန်တော့်စိတ်ကို နားလည်ကြတယ်။ ကျွန်တော်တို့ကြားမှာရှိတဲ့ ဆက်ဆံရေးက အရမ်းလည်း နွေးထွေးပါတယ်။

Voice : ရွှေထူးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကရော ဘာတွေလုပ်ဖြစ်နေလဲ။
SH : ကျွန်တော် ရိုက်လက်စ “ဒဏ္ဍာရီမိုး”ရုပ်ရှင်ကတော့ ရိုက်ပြီးသွားပြီ ပေါ့နော်။ နောက်တစ်ကားရိုက်ဖို့ကတော့ ကျွန်တော့်ကို မပြောထားသေးဘူး။ နောက်တစ်ကားတော့ ရိုက်ဖို့တည်ထားတယ်လို့တော့ သိရပါတယ်။ ဒီလထဲမှာတော့ ကျွန်တော့်ရဲ့ “I” စီးရီးအတွက် MTV ရိုက်ဖို့ ရှိပါတယ်။ သီချင်းတွေ အကုန်လုံးတော့ ရိုက်ဖြစ်မှာ မဟုတ်ပါဘူး။ တချို့ သီချင်းလေးတွေတော့ ဖြုတ်မှာပါ။ ကျွန်တော့်သီချင်းတွေကို MTV ရိုက်တဲ့အခါမှာလည်း ပရိသတ်တွေ မထင်ထားတဲ့ ရိုက်ချက်လေးတွေနဲ့ ထူးထူးခြားခြားဖြစ်အောင်ရိုက်ဖို့ စဉ်းစားထားပါတယ်။

Voice : ဒီဘက်ခေတ်မှာ အဆိုတော်တွေက MTV တွေ ရိုက်ရင် သေချာပြင်ဆင်ပြီး ရိုက်လာကြတာတွေ့ရတယ်။ ကိုယ်တိုင်ရော ဘယ်လိုလေးတွေ ရိုက်ဖို့စဉ်းစားထားလဲ။
 SH : အဲဒါကတော့ နိုင်ငံခြားက အဆိုတော်တွေရဲ့ MTV တွေမှာလည်း ပရိသတ်တွေ မြင်ဖူးနေကျပုံစံတွေရှိမယ်။ မြန်မာနိုင်ငံမှာဆိုလည်း ရိုက်နေကြတဲ့ ပုံစံလေးတွေရှိမယ်။ ကျွန်တော့် MTV မှာလည်း ပုံစံလေးတွေ မတူအောင် စဉ်းစားပြီး ရိုက်သွားမှာပါ။ သီချင်းတော်တော်များများမှာလည်း ကျွန်တော်ကိုယ်တိုင်ဝင်ပြီး သရုပ်ဆောင်ဖြစ်မှာပါ။ ကျွန်တော့်သီချင်းကို ကြိုက်လို့ကူညီပေးချင်တဲ့ အနုပညာရှင်တွေနဲ့လည်း ရိုက်ကူးပုံဖော်သွားမှာပါ။

Voice : တစ်လောတုန်းက ရွှေထူးရဲ့ Instagram မှာ ရေချိုးခန်းထဲမှာ ငိုနေတဲ့ပုံတင်လိုက်တော့ ပရိသတ်တွေလည်း စိုးရိမ်သွားကြတာရှိတယ်။ ဘယ်လိုကြောင့် အဲဒီပုံကို တင်ဖြစ်တာလဲ။
SH : ကျွန်တော့်ပရိသတ်တွေ မစိုးရိမ်ပါနဲ့လို့ပြောချင်ပါတယ်။ ကျွန်တော်လည်း လူထဲကလူပဲမို့ ကျွန်တော့်မှာလည်း ပျော်တဲ့အချိန်တွေရှိသလို၊ စိတ်ညစ်တဲ့ အချိန်လည်းရှိပါတယ်။ အနုပညာရှင်ဆိုတာလည်း လူပဲဗျာ။ စိတ်ခံစားချက်ရှိကြပါတယ်။ ကိုယ့်ကိုချစ်တဲ့သူရှိသလို၊ နေ့တိုင်း ဆဲဆိုနေတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့နေရာမှာ ဝင်ပြီး ခံစားကြည့်ရင် သိကြမှာပါ။ ကျွန်တော်က စိတ်ခံစားချက်ကို ရှေ့တန်းတင်တဲ့အတွက် ပရိသတ်တွေ စိတ်ညစ်ခဲ့ရတာတွေ ရှိပါတယ်။ နောက်ပိုင်းတော့ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ဘယ်တော့မှ ရှေ့တန်းမတင်တော့ဘူး။ ကျွန်တော့်ပရိသတ်တွေကို ပျော်ရွှင်အောင်ပဲ ထားပါတော့မယ်။

Voice : ကိုယ့်စိတ်ထဲမှာ မွန်းကျပ်လာတဲ့ အခါမျိုး၊ ထွက်ပေါက်တွေမဲ့နေသလို ခံစားရတဲ့အခါမျိုးမှာ ကိုယ့်စိတ်ကို ဘယ်လိုပြန်ပြီး ထွက်ပေါက်ပေးဖြစ်လဲ။
SH : တစ်ခါတလေကျတော့ ကျွန်တော်လည်း စိတ်မွန်းကျပ်တဲ့အချိန်တွေ ရှိတာပေါ့နော်။ ကျွန်တော့် မိသားစုမှာဆို ကျွန်တော်က သားအကြီးဆုံးဗျာ။ ကျွန်တော့်မှာ မိသားစုကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ ရှိမယ်ဗျာ။ အလုပ်အဆင်မပြေတာတွေရှိမယ်။ လူမှုရေးကိစ္စ အဆင်မပြေတာတွေရှိတယ်။ ကျွန်တော်လည်း အားလုံးဆုံပြီး ဖြစ်သွားတဲ့အချိန်မှာ စိတ်ဓာတ်ကျတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်အကြာကြီး စိတ်ညစ်မခံဘူး။ ကိုယ့်ဘဝအတွက်၊ ကိုယ့်မိသားစုအတွက် ကိုယ့်စိတ်ကို အားတင်းပြီး ပြန်ကြိုးစားပါတယ်။

Voice : ကိုယ့်ကို ဝေဖန်မှုတွေ ဆက်တိုက်ကြုံလာရတဲ့အခါမျိုးမှာ၊ အနုပညာလောကကနေ ကျောခိုင်းထွက်သွားချင်တဲ့ စိတ်မျိုးရောရှိလား။
SH : အဲဒီလို စိတ်မျိုးကတော့ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။ ဒီသီချင်းဆိုတဲ့အလုပ်က ကျွန်တော့်ရင်ဘတ်က လာတာဗျာ။ ကျွန်တော့် အနုပညာက ကျွန်တော့် ရင်ဘတ်ထဲကလာတာ ကျိန်းသေတယ်။ ကျွန်တော့်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့သူတွေရှိသလို၊ ကျွန်တော့်ကို အားပေးနေတဲ့သူတွေလည်း ရှိတယ်လေ။ ကျွန်တော့်ကို မုန်းတဲ့လူတွေလည်း ချစ်လာအောင် ပြန်ကြိုးစားမယ်။ အရင်တုန်းက ရွှေထူးကို အကုန်လုံးချစ်ကြတယ်။ အခုဆို ရွှေထူးကို ချဉ်သွားတဲ့သူတွေရှိတယ်။ ကျွန်တော့်ကို ချဉ်သွားတဲ့သူတွေ ပြန်ချိုလာအောင် ပြန်ကြိုးစားမယ်။

သန့်ဇင်ဦး