POST TYPE

INTERVIEW

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
06-Aug-2018


နာမည်ကျော် ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာနဲ့တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “ချာလီဘနဲ့  ဂေါ်လီမ” ရုပ်ရှင်ဇာတ်ကားအကြောင်း၊ မိသားစုအကြောင်းနဲ့ ဘဝဖြတ်သန်းမှု ပုံစံများအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိရိုက်ကူးနေတဲ့ “ချာလီဘနဲ့  ဂေါ်လီမ” ရုပ်ရှင်ဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာလဲ။
SMTZ : ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ တည်တံ့ဆိုတာက လပ်ကီး ဆဲဗင်းထုတ်လုပ်ရေးရဲ့ပိုင်ရှင် ကိုအုန်းဝင်းပေါ့နော်။ သူက မကြီးတို့ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ထုတ်လုပ်ပေးခဲ့တဲ့ မအေးအေးဝင်းရဲ့အမျိုးသားပါ။ သူ့အနေနဲ့ကလည်း အနုပညာလောကရဲ့ သဘော သဘာဝတွေကို အင်မတန်ကို ကျွမ်းကျင်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါရိုက်တာအသစ်တစ်ယောက် ထွက်လာတယ်ဆိုရင် မကြီးတို့တွေကဝိုင်းဝန်းပြီး ကြိုဆိုရမှာပါပဲ။ မကြီးတို့က သူ့ကို ထွေထွေထူးထူး ပြောပြနေစရာတောင် မလိုပါဘူး။ သူ သိပါတယ်။ အချိန်ပေးပြီး ရိုက်ဖို့လိုတယ်ဆိုရင်တော့ မကြီးတို့က အချိန်ပေးရမှာပေါ့။

Voice : ဒီဇာတ်ကားထဲမှာ မကြီးသရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုလည်း ပြောပြပေးပါဦး။
SMTZ : ဒီကားထဲမှာ မကြီးက ရွှေမှုံနဲ့ ဂျိုကာတို့ရဲ့ အဒေါ်ပေါ့နော်။ အပျိုကြီးပေါ့။ သူက ငယ်ငယ်တုန်းကတော့ ဖလန်းဖလန်းထတဲ့သူပေါ့။ ယောကျာ်းယူဖို့ ရွေးရင်းရွေးရင်းနဲ့ပဲ အပျိုကြီး ဖြစ်သွားတာပေါ့။ ဒါပေမဲ့ သူက တူနဲ့တူမ မျက်နှာကို ထောက်ထားပြီး လင်မယူဘဲ၊ အပျိုကြီး လုပ်လာတာဆိုတဲ့စကားကို အမြဲပြောလေ့ရှိတယ်။ မြင့်မြတ်နဲ့ ရွှေမှုံကတော့ သမီးရည်းစားတွေပေါ့နော်။ မြင့်မြတ်က သူ့မှာ ဦးလေးတစ်ယောက် ရှိတယ်လို့တော့ ပြောတယ်။ အမှန်တော့ သူ့ဦးလေးဆိုတာ မရှိဘူး။ သူက နှစ်ကိုယ်ခွဲလိုက်တာပေါ့။ မကြီးနဲ့တွေ့ရင် နှုတ်ခမ်းမွှေးတွေ၊ မျက်မှန်တွေတပ်ပြီး ဦးလေးလုပ်လိုက်၊ ရွှေမှုံလာရင်တော့ တူပြန်လုပ်လိုက်နဲ့ ဟာသလေးတွေပါပဲ။

Voice : အခုချိန်အထိ အရွယ်တင်ပြီး လှပနေတုန်းပဲလို့ ပရိသတ်တွေက မကြီးကို ပြောကြတာရှိတယ်။ ကိုယ်တိုင်ရော စိတ်ပျို ကိုယ်နုအောင် ဘယ်လိုနေထိုင်ဖြစ်လဲ။
SMTZ : မကြီးမှာလည်း စိတ်ညစ်ရတာ၊ စိတ်ရှုပ်ရတာတွေ ရှိပါတယ်။ အကျပ်အတည်းတွေနဲ့ တွေ့တဲ့အခါမျိုးမှာဆို ငါတော့ ဒုက္ခပဲပေါ့နော်။ ဒါပေမဲ့ အခက်အခဲဆုံး အချိန်လေးကို ခဏလောက် သည်းခံလိုက်ရင် ပြီးတော့လည်း ပြီးသွားတာပါပဲ။ တစ်ခါတလေကျရင် မနက်ဖြန် ပိုက်ဆံတွေ ပေးရတော့မယ်၊ လက်ထဲမှာ ပိုက်ဆံက အဲဒီလောက်မရှိဘူးဆိုပေမယ့် မနက်ဖြန်ကျတော့ သူ့ဟာနဲ့သူ အလိုလို ရောက်လာတာပါပဲ။ အခု နောက်ပိုင်း မကြီးဘုရား၊ တရားကို ပိုလုပ်ဖြစ်ပါတယ်။ မကြီး လုပ်နိုင်သလောက်လေး လုပ်တာပေါ့နော်။ မကြီးမှာ အားကိုးစရာက ဘုရားပဲရှိတယ်လေ။ ယုံလည်းယုံကြည်တယ်။ မျှော်လင့်ချက်ကြီးနဲ့တော့ ဘုရားဆီမှာ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုပြီး ဆုတောင်းတာမျိုးတော့မရှိပါဘူး။ ဘုရားရှိခိုးတိုင်း မကြီးက စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ပဲ ဆုတောင်းပါတယ်။

Voice : မိသားစုထဲမှာဆိုလည်း မကြီးက အားလုံးအတွက် စဉ်းစားပေးတယ်၊ အနစ်နာခံတယ်လို့လည်း ကြားဖူးတယ်။
SMTZ : မကြီး အမြင်ကတော့ မိသားစုတစ်စုမှာ ပေးရတာတွေ၊ ယူရတာတွေဆိုပြီး တွေးဖို့မလိုဘူးလို့ ထင်ပါတယ်။ မကြီးကပေးရတယ်လို့ ပြောရအောင် သူတို့တွေက မကြီးဆီမှာ တောင်းနေတာမှ မဟုတ်တာ။ မကြီးက ပေးတယ်လို့လည်း မယူဆပါဘူး။ မိသားစုထဲမှာ မကြီးသည် အစ်မ အကြီးဆုံး ဖြစ်တယ်။ မကြီးလုပ်နိုင်တာတွေကို လုပ်ပေးတယ်။ မကြီး မလုပ်နိုင်တာတွေကို သက်စွန့်ဆံဖျား မလုပ်ပေးပါဘူး။ မကြီး စိတ်ကတော့ မိသားစုနဲ့ပတ်သက်ပြီး ပေးဆပ်တယ်လည်း မရှိဘူး။ ရယူတယ်လည်း မရှိပါဘူး။ အဲဒီလိုမျိုးလည်း တစ်ခါမှ မတွေးဖူးပါဘူး။

Voice : ကိုယ်တိုင်ရော ဘဝမှာဘာတွေကို ထပ်ပြီးတော့ လိုချင်တောင့်တတာမျိုးရှိသေးလဲ။ 
SMTZ : မကြီးတို့ ငယ်ငယ်တုန်းကတော့ ဟိုဟာလိုချင်တယ်၊ ဒီဟာလိုချင်တယ်ဆိုပြီး မျှော်လင့်တာမျိုးတော့ ရှိပါတယ်။ အသက်ကြီးလာတော့လည်း အဲဒီလိုစိတ်တွေ သိပ်မရှိတော့ပါဘူး။ ကိုယ့်နားမှာရှိတဲ့ အရာတွေကိုတောင် ကိုယ်နဲ့မြဲအောင် မထိန်းသိမ်းထားနိုင်ဘူးလေ။ ဥပမာ- လက်ဝတ်ရတနာလေးတစ်ခု ဝယ်ထားပေမယ့် မကြီးအမြဲ မဝတ်နိုင်ပါဘူး။ တစ်ခါတလေကျရင် မေ့တောင် မေ့တယ်။ တွေးကြည့်ရင် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေက ဘာမှလည်းမမြဲပါဘူး။ မလိုချင်ဘူးလားဆိုတော့ လွှင့်ပစ်လို့လည်းမရဘူးလေ။ ကိုယ်အသက်ကြီး ရင်ရောင်းစားရဦးမှာဆိုတော့ သိမ်းထားရတာပဲ။

Voice : ဘဝမှာ ရောင့်ရဲပြီးတော့ နေတတ်အောင်၊ ကိုယ့်စိတ်ငြိမ်းချမ်းမှု ရအောင်ကျတော့ ဘယ်လိုနေထိုင်ဖြစ်လဲ။
SMTZ : မကြီးရဲ့ Life Style က အင်မတန် ရိုးရှင်းပါတယ်။ ဘာမှလည်း ထွေထွေထူးထူး ပြောပြစရာမရှိပါဘူး။ မကြီးမှာ ဒီမိသားစုနဲ့ ဒီမိဘတွေနဲ့၊ ညီမနှစ်ယောက်နဲ့၊ တူတွေ၊ တူမတွေနဲ့ ပျော်ရွှင်နေတာပါပဲ။ မကြီးရဲ့ လက်ရှိ ဘဝဖြတ်သန်းမှုပုံစံကိုလည်း ကျေနပ်ပါတယ်။ ကိုယ့်စိတ်ကလေးကို ထားတတ်အောင်တော့ ကြိုးစားရတာပေါ့နော်။ နေရာတကာမှာ ကိုယ်ရှိမှဖြစ်မယ်၊ ကိုယ်ကသာ အဓိကလို့ တွေးနေရင်တော့ ပင်ပန်းမှာပဲ။ မကြီးက မည်သူနဲ့မဆို အဆင်ပြေအောင်နေပါတယ်။ ကိုယ်က ကိစ္စတစ်ခုကို ပြဿနာလို့ သတ်မှတ်လိုက်ရင်တော့ ပြဿနာဖြစ်မှာပေါ့။ ကိုယ်က အပြောခံရတယ်ဆိုရင်လည်း ကိုယ့်ကိုပြောတယ်လို့ မသတ်မှတ်မချင်း ကိုယ့်ဆီမရောက်ပါဘူး။

သန့်ဇင်ဦး