News

POST TYPE

INTERVIEW

တေးသံရှင် ကျားပေါက်နဲ့ တွေ့ဆုံခြင်း
01-Aug-2018
“ကျွန်တော်တို့ Big Bag ကလည်း အရမ်း ခြောက်ပြစ်ကင်းသဲလဲစင် Band တော့ ဘယ်ဟုတ်မလဲနော်” 



လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုကိုရရှိထားတဲ့ တေးသံရှင်ကျားပေါက်နဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ ကိုယ်ပိုင် Record Label တည်ထောင်ဖြစ်တဲ့အကြောင်းနဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ စိတ်ထဲရှိသလို တုံ့ပြန်ပြောဆိုမှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုကျားရဲ့ လတ်တလော ဂီတလှုပ်ရှားမှုအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
KP : အခုလတ်တလောကတော့ ကျွန်တော်ကိုယ်တိုင်တည်ထောင်ထားတဲ့ Bipolar Bear Records ကနေပြီးတော့ အဆိုတော် နှစ်ယောက် သုံးယောက်ရဲ့ သီချင်းသစ်တွေ ထွက်ဖို့ရှိပါတယ်။ ဒီကြားထဲမှာ ကျွန်တော့်ရဲ Single သီချင်းသစ် နှစ်ပုဒ်လောက်လည်း ထွက်ဖို့ ရှိပါတယ်။ ကျွန်တော်တို့ Big Bag အဖွဲ့ရဲ့ ရှိုးကို ရိုက်ထားတဲ့အခွေလည်း ထွက်လာဖို့ရှိပါတယ်။

Voice : ကိုယ်ပိုင် Record Label တည်ထောင်ဖြစ်သွားတဲ့ စိတ်ကူးကိုလည်း သိချင်ပါတယ်။
KP : ကျွန်တော့်မှာ စတူဒီယိုလေးတစ်ခုရှိတယ်။ ကျွန်တော် သီချင်းလုပ်ပေးနေတဲ့ အဆိုတော်တွေလည်း ရှိတယ်ပေါ့နော်။ နောက် ကျွန်တော်က သီချင်းလည်းရေးတယ်လေ။ အဲ့ဒီကနေပြီး ကိုယ်စိတ်ပါတဲ့ Artist၊ ကိုယ်နဲ့ အဆင်ပြေတဲ့သူမျိုးတွေရဲ့ သီချင်းမျိုးတွေကို ထုတ်လို့ရအောင် Reord Label လေး လုပ်ထားတာပါ။ နောက်ပြီး Forever Group ကနေ ထုတ်တဲ့ သီချင်းတွေအတွက်လည်း ကျွန်တော် အကြံပေးအနေနဲ့ လုပ်ပေးဖြစ်ပါတယ်။

Voice : Bipolar Bear Record ကနေပြီးတော့ရော ဘယ်သူတွေရဲ့ သီချင်းတွေ ထွက်ပြီးပြီလဲ။
KP : ကျွန်တော်တို့ Record Label ကနေ ရှေ့မှာ ထွက်ခဲ့တဲ့ သီချင်းတွေရှိပါတယ်။ X Factor မှာတုန်းက ပြိုင်ခဲ့တဲ့ ဇော်ခွန်းရဲ့ သီချင်းတွေလည်း လုပ်ပေးခဲ့တယ်။ သူ အွန်လိုင်းတင်တဲ့ သီချင်းတွေဆို ကျွန်တော်တို့Record Label နာမည်နဲ့လုပ်ပေးတာပါ။ နောက်ပြီး မေရီနဲ့ကျွန်တော်တို့ဆိုခဲ့တဲ့ Accident သီချင်းဆိုလည်း FG နဲ့ Bipolar Bear တို့ပေါင်းလုပ်ခဲ့တာပါ။ နောက်ပြီး ကိုအဲလက်စ်ရဲ့ သမီးလေး ဒိုရာအဲလက်စ်ရဲ့ခွေလည်း ထွက်လာဖို့ရှိပါတယ်။

Voice : ကိုကျားရဲ့ မကြာခင်ထွက်မယ့် Single သီချင်းသစ်ကျတော့ရော ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
KP : ကျွန်တော့်ရဲ့ Single သီချင်းသစ်အနေနဲ့ကတော့ လောလောဆယ် ဩဂုတ်လ ပထမအပတ်ထဲမှာ တစ်ပုဒ်ထွက်ဖို့ ရှိပါတယ်။ Audio နဲ့ Lyric Video နဲ့တွဲပြီး ထွက်မှာပေါ့နော်။ နောက်ပိုင်းမှာ ကျွန်တော်က ဟိုးအရင်တုန်းကဆိုခဲ့ဖူးတဲ့ အချစ်သီချင်းပုံစံမျိုးလေးတွေ သိပ်မလုပ်ဖြစ်ဘူး။ Abstract တွေဆိုတာ များတယ်။ အဲ့ဒါကြောင့် အခုထွက်မယ့် သီချင်းအသစ်ကိုတော့ Indie Pop ပုံစံမျိုးလေး ပြန်လုပ်ထားတယ်။ ကျွန်တော်တို့ကို ပရိသတ်တွေ မေ့နေလောက်ပြီထင်တဲ့ ပုံစံမျိုးလေးကို ပြန်လုပ်ပြထားတယ်။

Voice : ရှိုးပွဲအနေနဲ့ကျတော့ရော ပွင့်လင်းရာသီမှာ ဘယ်တွေကိုသွားဖို့ရှိလဲ။
KP : လောလောဆယ် စီစဉ်ထားတာတော့ Starry Night Tour ထွက်ဖို့ရှိပါတယ်။ ပွင့်လင်းရာသီမှာ မြို့နှစ်မြို့သုံးမြို့လောက် သွားဖို့လုပ်နေတယ်။ အကြမ်းဖျင်းကတော့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေကို သွားဖို့စီစဉ်ထားတယ်။ ပြောင်းချင်လည်း ပြောင်းသွားနိုင်ပါတယ်။ Tour စရင်တော့ မန္တလေးမြို့ကနေ စပြီးသွားမှာပါ။ ကြားထဲမှာ တခြားလက်ခံထားတဲ့ပွဲလေးတွေလည်း ရှိပါတယ်။

Voice :  Big Bag အဖွဲ့ရဲ့ ပထမဆုံး Unplugged Show ကတော့ တော်တော်အောင်မြင်သွားတယ်နော်။
KP : ကျွန်တော်တို့ Big Bag အဖွဲ့အတွက်ကျတော့ ပထမဆုံး Unplugged Show ဖြစ်နေတဲ့အတွက် တော်တော်လေးတော့ ရင်ခုန်ခဲ့ရပါတယ်။ အဲ့ဒီပွဲကို ကျွန်တော်တို့အားလုံးစွန့်စားပြီးတော့ လုပ်ခဲ့ရတာပါ။ မျိုးစုံ ဖြစ်သွားနိုင်တယ်၊ မျိုးစုံလည်း ပြောခံရနိုင်တယ်ပေါ့နော်။ ကျွန်တော်တို့ မလုပ်ဖူးတဲ့ဟာ တော်တော်များများကို အဲ့ဒီပွဲမှာ စပြီး စမ်းသပ်ရတာပေါ့။ ဥပမာ- Orchestra နဲ့ဆိုတာမျိုးပေါ့နော်။ ပွဲလုပ်မယ်လို့ကြေညာပြီးတဲ့အချိန်မှာ လက်မှတ်တွေ အဲ့ဒီလောက်မြန်မြန်နဲ့ ကုန်သွားမယ်လို့တော့ မမျှော်လင့်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ပြီးသွားတဲ့အတွက် ဝမ်းသာပါတယ်။ 

Voice : လူမှုကွန်ရက်မှာ ကိုယ့်ကို ဝေဖန်တိုက်ခိုက်လာတဲ့သူတွေကို ကိုကျားက စိတ်ထဲရှိသလို ပြန်တုံ့ပြန်တဲ့အပေါ်မှာ လက်ခံနိုင်တဲ့ သူတွေရှိသလို၊ လက်မခံနိုင်တဲ့သူတွေလည်းရှိတဲ့အပေါ်မှာရော ဘယ်လိုခံစားမှုရှိလဲ။
KP : ကျွန်တော် တစ်ခုခု ပြန်တုံ့ပြန်မယ်၊ ပြန်ပြောမယ်ဆိုရင် ရေရှည်လည်း စဉ်းစားပါတယ်။ ငါပြောလိုက်ရင် ဘာဖြစ်နိုင်လဲပေါ့နော်။ ကျွန်တော်ပြောချင်တာ အရမ်းသေချာပြီဆိုရင်တော့ ပြောလိုက်တာပဲ။ ပြောပြီးရင်လည်း နောင်တရတာမျိုးလည်း တစ်ခါမှ မရှိဘူး။ ကျွန်တော့် စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ တုံ့ပြန်တယ်။ ကိုယ် ဘာဆိုတာကို ဘာမှ လျှို့ဝှက်ထားစရာမလိုဘူးလို့လည်း ထင်တယ်။ ကိုယ် ဘာဖြစ်ချင်တယ်ဆိုတာကို အချိန်မရွေး ပြောရဲရမယ်လို့လည်း ထင်တယ်။ ဒါက လွတ်လပ်တဲ့နိုင်ငံလေ။ ကျွန်တော်ကတော့ ပြောမှာပဲ။

Voice : ကိုယ်က စိတ်ထဲရှိသလို တုံ့ပြန်တဲ့အတွက် ကိုယ့်ရဲ့အနုပညာရှင် ပုံရိပ်ကိုရော ထိခိုက်မှာ မစိုးရိမ်ဘူးလား။
KP : အဲ့ဒါကတော့ ခဏခဏ ထိခိုက်ဖူးပါတယ်။ ကျွန်တော်တို့ Big Bag ကလည်း အရမ်းခြောက်ပြစ်ကင်းသဲလဲစင် Band တော့ ဘယ်ဟုတ်မလဲနော်။ အဲ့ဒီတော့ ရတယ် ဘာမှသိပ်မဖြစ်ပါဘူး။ ကျွန်တော့်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ဘာမှသိပ်မရှိပါဘူး။ 

သန့်ဇင်ဦး