News

POST TYPE

INTERVIEW

ဝတ်မှုံရွှေရည်နဲ့ တွေ့ဆုံခြင်း
30-Jul-2018 tagged as အနုပညာ

“အမှန်ဆို ကိုယ့်ဇာတ်ကားရုံတင်တော့မယ့်အတွက် စိတ်လှုပ်ရှားနေရမှာ၊ ပျော်နေရမှာလေ။ အခုတော့ စိတ်မကောင်းဖြစ်နေရတယ်”



နာမည်ကျော် သရုပ်ဆောင် ဝတ်မှုံရွှေရည်နဲ့ တွေ့ ဆုံပြီး လက်ရှိရုံတင်ပြသနေတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကူးရေးအမှတ်တရများနဲ့  ဇာတ်ကားရုံမတင်ခင် အွန်လိုင်းပေါ်မှာ ပျံ့သွားတဲ့အပေါ် ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒီဇာတ်ကားမှာ ကစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် အကြောင်းကနေစပြီး ပြောပြပေးပါဦး။
WMSY : ဒီကားမှာ ကစ်က နန်းဟတ် ခေးစံဆိုတဲ့ ရှမ်းမလေးနေရာက သရုပ်ဆောင်ထားပါတယ်။ အဖေနဲ့အတူ ဂျပန်မှာ နေတယ်ပေါ့နော်။ ဒီကားလေးက သာမန်သမားရိုးကျ အချစ်ဇာတ်လမ်းမျိုးလည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့လည်း ဆက်စပ်တယ်။ ဂျပန်- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်ရိုက်ကူးတဲ့ ဇာတ်ကားလည်းဖြစ်တယ်။ မျိုးချစ်စိတ်ဓာတ်ကို ဖော်ကျူးတဲ့ ဇာတ်ကားလည်းဖြစ်တဲ့အတွက် သရုပ်ဆောင်ရတာ နည်းနည်းတော့ တာဝန်ကြီးပါတယ်။

Voice : ဇာတ်ကား ရိုက်ကူးတဲ့အချိန်တုန်းကရော ဘယ်လို အခက်အခဲတွေ အမှတ်တရတွေ ရှိခဲ့သေးလဲ။
WMSY : ရိုက်ကွင်းနောက်ကွယ်က အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီဇာတ်ကားရိုက်တုန်းက တော်တော်လေးလည်း ပင်ပန်းခဲ့ပါတယ်။ ကစ်ရဲ့ဘဝမှာ အပင်ပန်းဆုံးဇာတ်ကားလို့တောင် ပြောလို့ရပါတယ်။ ဇာတ်ကားမရိုက်ခင်ကတည်းက ကိုယ်ရတဲ့ အချိန်လေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတယ်။ ဒီကားရိုက်ဖို့ ကစ်ကို လာပြောတဲ့အချိန်က ရိုက်ခါနီး နှစ်လလောက်အလိုမှဆိုတော့ ဂျပန်စကားပြောလေ့ကျင့်ဖို့လည်း အချိန်သိပ်မရလိုက်ဘူး။ ဂျပန်မှာ သွားရိုက်တဲ့ အချိန်မှာလည်း အလုပ်လုပ်တဲ့ ပုံစံတွေ မတူတာကြောင့် ပြဿနာတွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေလည်း ရှိခဲ့ပါတယ်။

Voice : ဒီဇာတ်ကားမှာ ဂျပန်စကားပြောရတဲ့ အပိုင်းကိုရော အားရကျေနပ်မှုရှိခဲ့ရဲ့လား။ ဂျပန်ဘာသာစကား လေ့လာဖို့ အချိန်သိပ်မရခဲ့ဘူးဆိုတော့လေ။
WMSY : ကစ်တို့ က ဂျပန်စကားကို မွေးကတည်းက ပြောလာတဲ့သူမဟုတ်တော့ အခက်အခဲတော့ရှိပါတယ်။ ဒီကားမရိုက်ခင်မှာ ဂျပန်စကားသင်ဖို့ နှစ်လလောက်ပဲ အချိန်ရလိုက်တယ်။ ဇာတ်ကားစမရိုက်ခင်အထိကနေ ရိုက်နေတဲ့အချိန်အထိ နေ့တိုင်း အိမ်မှာ ဂျပန်စကားပြောသင်တယ်။ ရှုတင်ပြီးတာနဲ့ ညဘက်ဆို ဂျပန်စကားပြောသင်တယ်။ ဂျပန်မှာသွားရိုက်တော့လည်း ဆက်သင်တယ်။ ဒါပေမဲ့ ကိုယ်က နှစ်လလောက်ပဲ သင်ခဲ့ရတာဆိုတော့ မွေးကတည်းက ဂျပန်စကားပြောလာတဲ့ လူတစ်ယောက်နဲ့တော့ လေယူလေသိမ်းချင်းတော့ မတူဘူးပေါ့။ အဲ့ဒါလေးတော့ နားလည်ပေးပါလို့ ပြောချင်ပါတယ်။ 

Voice : ဇာတ်ကား ရုံမတင်ရသေးခင်မှာပဲ အွန်လိုင်းပေါ်ကို ရောက်သွားတဲ့အပေါ်ကိုရော ဘယ်လိုခံစားရလဲ။
WMSY : ကစ်ပြောချင်တာကတော့ ဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ မူပိုင်ခွင့်ကို ချိုးဖောက်မှုအတွက် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့  ပြောချင်ပါတယ်။ ဒီဇာတ်ကားက မရိုက်ခင်ကလည်း ကစ်တို့ အချိန်တွေ အများကြီး ပေးခဲ့ရတယ်။ ဂျပန်-မြန်မာချစ်ကြည်ရေး ဇာတ်ကားဖြစ်တဲ့အတွက် ရိုက်ရတာ ကုန်ကျစရိတ်တွေလည်း အရမ်းများတယ်။ ပါဝင်တဲ့ အနုပညာရှင်တွေ အကုန်လုံးလည်း ပင်ပင်ပန်းပန်းနဲ့ကို ရိုက်ခဲ့ရတယ်။ ဂျပန်မှာ သွားရိုက်တော့လည်း အခက်အခဲတွေ အများကြီးရှိတယ်။ ကိုယ့်နိုင်ငံမှာ ရိုက်ရသလို မဟုတ်ဘူးလေ။ ကစ်ပြောချင်တာကတော့ အွန်လိုင်းပေါ်တင်တာက မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။

Voice : ဒီဇာတ်ကား အွန်လိုင်းပေါ် ပျံ့သွားတဲ့အတွက် ကိုယ့်အတွက်ရော အနုပညာပိုင်းအရ ဘယ်လို ဆုံးရှုံးနစ်နာမှုတွေရှိလဲ။
WMSY : အဆင်မပြေမှုတွေ၊ အခက်အခဲတွေကြားထဲကနေ ဂျပန် - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဆိုပြီး ကစ်တို့တွေအားလုံး အားတင်းပြီး ရိုက်ခဲ့ကြတယ်။ ငွေရေးကြေးရေးပိုင်းရော၊ အနုပညာရှင်၊ အတတ်ပညာရှင်ပိုင်းရော သေချာအားစိုက်ပြီး ရိုက်ထားတဲ့ ဇာတ်ကားက ရုံမတင်ခင်မှာ အွန်လိုင်းပေါ်ကို ရောက်သွားတော့ တော်တော်လေးကို နစ်နာရပါတယ်။ ကစ်တို့ ဒီဇာတ်ကားအတွက် ပေးခဲ့ရတဲ့ အချိန်တွေ၊ ရုံတင်ဖို့ စောင့်ခဲ့ရတဲ့အချိန်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ အွန်လိုင်းမှာ ကိုယ်ပါတဲ့ ဇာတ်ကားက မှုန်ဝါးဝါးလေးနဲ့ တက်လာတော့ ခံစားရပါတယ်။ ဒါက ဘယ်သူမဆို ခံစားရမှာပါ။

Voice : ဇာတိမြေရုပ်ရှင်လိုပဲ တခြားရုပ်ရှင်ဇာတ်ကားအချို့လည်း အွန်လိုင်းပေါ်မှာ တရားမဝင် ပျံ့သွားတဲ့ အပေါ်ကိုရော ဘာပြောချင်သေးလဲ။
WMSY : ကစ်အခုလို ပြောနေတာက ဇာတိမြေ ရုပ်ရှင်တစ်ကားတည်းအတွက် မဟုတ်ပါဘူး။ ရှေ့မှာလည်း ဒီလိုမျိုး အွန်လိုင်းမှာ ပျံ့ ခဲ့တဲ့ ဇာတ်ကားတွေရှိတယ်။ တချို့ဇာတ်ကားတွေ ပျံ့တယ်ဆိုတာကလည်း ရုံတင်ပြီးတဲ့ အချိန်မှာ ပျံ့တာပေါ့။ အခုကျတော့ ရုံတောင်မတင်ရသေးတဲ့အချိန်မှာ ပျံ့တော့ ဘယ်လောက်အသည်းကွဲဖို့ ကောင်းလဲ။ ရုံမတင်ရသေးခင်မှာ ဒီလို ပျံ့တာကတော့ သူများ ထမင်းအိုး တုတ်နဲ့ ထိုးတာပဲလေ။ ကစ်တို့  ဇာတ်ကားလို နစ်နာခဲ့တဲ့ သူတွေအကုန်လုံးအတွက်လည်း စိတ်မကောင်းပါဘူး။ ကိုယ်ချင်းလည်းစာပါတယ်။ တရားမဝင်အွန်လိုင်းပေါ်တင်တဲ့ သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။

Voice : ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကို လာကြည့်မယ့် ပရိသတ်တွေကိုရော ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။
WMSY : ဇာတိမြေ ရုပ်ရှင်လို တခြားဇာတ်ကားတွေလည်း မကြုံရအောင် ကြိုပြီးတော့ ကာကွယ်ထားသင့်တယ်လို့ ကစ်ကတော့ မြင်ပါတယ်။ အွန်လိုင်းပေါ်ကို ရောက်နေတဲ့အတွက် ကြည့်ချင်တဲ့သူကတော့ ကြည့်မှာပေါ့နော်။ မကြည့်နဲ့လို့လည်း သွားပြောလို့ မရဘူးလေ။ ဒါပေမဲ့ ကိုယ်တွေ တကယ်ကို အားစိုက်ထားတဲ့ ဇာတ်ကားကိုတော့ ရုံပေါ်မှာပဲ တရားဝင်အားပေးကြည့်ရှုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အမှန်ဆို ကိုယ့်ဇာတ်ကားရုံတင်တော့မယ့်အတွက် စိတ်လှုပ်ရှားနေရမှာ၊ ပျော်နေရမှာလေ။ အခုတော့ စိတ်မကောင်းဖြစ်နေရတယ်။

သန့်ဇင်ဦး