News

POST TYPE

INTERVIEW

ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခြင်း
25-Jul-2016 tagged as

နာမည်ကျော် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံပြီး ယခုလအတွင်း ရိုက်ကူးတော့မယ့် ထာဝရအမေ ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ အောက်တိုဘာလအတွင်း ရုံတင်ပြသတော့မယ့် Bangkok To Mandalay ရုပ်ရှင်ဇာတ်ကား အကြောင်းနဲ့ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ထာဝရအမေ ရုပ်ရှင်ဇာတ်ကားမှာ ကစ်ကစ်ရဲ့ ဇာတ်ကောင်စရိုက်က ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။

WHSY : ဒီဇာတ်ကားမှာ ကစ်က ဆရာကြီး ဦးခင်မောင်ဝင်းရဲ့ ဇနီးဖြစ်တဲ့ အန်တီ ဒေါ်ခင်လေးရီ နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားမှာတော့ ဆရာကြီးနဲ့ အန်တီ ဒေါ်ခင်လေးရီက အထက်တန်းကျောင်းမှာ ကတည်းက စသိခဲ့ကြတယ်။ ဆေးကျောင်း သူငယ်ချင်းတွေပေါ့နော်။ နောက်ပိုင်းမှာတော့ ဘဝလက်တွဲဖော်တွေ ဖြစ်သွားကြတယ်ပေါ့။

Voice : ဇာတ်လမ်းက မိဘမေတ္တာဖွဲ့ဆိုတော့ ကိုယ့်အတွက်ရော လုပ်ကွက်ဘယ်လောက်အထိ ရထားလဲ။

WHSY : ဒီကားမှာတော့ ထူးထူးခြားခြား လုပ်ကွက်အနေနဲ့တော့ မပါဘူးပေါ့။ ဒီကားလေးက မိဘမေတ္တာကို ပြတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကလည်း အရမ်းကို ကောင်းပါတယ်။ ဒီလိုမျိုး မိဘမေတ္တာဖွဲ့ ဇာတ်ကားတွေက နောက်ပိုင်းမှာဆို ရိုက်တာ နည်းနည်းရှားသွားပြီလေ။ ဒီကားကို ၁၉၆၀ ခုနှစ်ကနေ ၁၉၇၀ ခုနှစ် ကာလတွေက ပုံစံအတိုင်း၊ အပြင်အဆင်အတိုင်း ရိုက်မှာဆိုတော့ ပရိသတ်တွေ အတွက်လည်း ကြည့်ရတာ အမြင်ဆန်းမှာပါ။

Voice : ထာဝရအမေ ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေ အတွက်ရော ဘယ်လောက်အထိ ထူးခြားမှု ရှိမလဲ။

WHSY : ဒီဇာတ်ကားက ဆရာကြီး ဦးခင်မောင်ဝင်းက သူ့ရဲ့ အမေအကြောင်းကို ရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။ အမေကိုချစ်တဲ့ သားတစ်ယောက်ကနေ သူ့မိခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်တဲ့ ဇာတ်ကားမှာ ကစ်တို့က တစ်ထောင့်တစ်နေရာကနေ ပါဝင်ပံ့ပိုးခွင့်ရတဲ့ အတွက်လည်း ပီတိဖြစ်ရပါတယ်။ ဒီလိုမျိုး မိဘမေတ္တာဖွဲ့ ကားမျိုးက ပရိသတ်တွေ အတွက်လည်း ရှိသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ကြည့်တဲ့ပရိသတ်တွေကိုလည်း အသိပညာတွေ၊ အလိမ္မာတွေ ပေးနိုင်မယ့် ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ ကစ် ယုံကြည်ပါတယ်။

Voice : မကြာခင်က ပုပ္ပါးမှာ ကိုနေတိုးနဲ့ ရိုက်ခဲ့တဲ့ ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာ ဇာတ်လိုက် ရုပ်ရှင်မှာကျတော့ ကစ်က ဘယ်လိုပုံစံ သရုပ်ဆောင်ရတာလဲ။

WHSY : အဲ့ဒီကားလေးကတော့ ဟာသအပျော်ဇာတ်လေးပါပဲ။ ပရိသတ်တွေ ကြိုက်ကြမှာပါ။ အဲ့ဒီကားမှာဆို ကိုနေတိုးနဲ့ ကစ်နဲ့က ရုံးဝန်ထမ်းတွေပေါ့။ ရုံးက ခိုင်းလိုက်တဲ့ အချိန်မှာ ပိုက်ဆံတွေ ပျောက်သွားတာပေါ့။ ပိုက်ဆံတွေကို ရွာမှာ သွားရှာကြတာပေါ။ အဲ့ဒီလို ဇာတ်လမ်းလေးပါပဲ။ ဟာသလေးတွေလည်း ပါတယ်။ အပျော်လေးတွေလည်း ပါပါတယ်။

Voice : ပရိသတ်တွေ အရမ်းကြည့်ချင်နေပြီ ဖြစ်တဲ့ Bangkok To Mandalay ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ ကစ် ကိုယ်တိုင်ရော ဘယ်လိုရင်ခုန်မှု ရှိနေလဲ။

WHSY : အဲ့ဒီကားလေးက အောက်တိုဘာမှာ ပြမယ်လို့ သိရပါတယ်။ ဒီကားမှာဆို အကုန်လုံးက သေချာကြိုးစားထားကြတယ်။ ပြင်ဆင်မှုတွေလည်း သေချာပြုလုပ်ပြီးမှ ရိုက်ခဲ့ကြတာပါ။ မရိုက်ခင်မှာလည်း သေချာပြင်ဆင်ကြတယ်။ ရိုက်တော့လည်း အကုန်လုံးက အပင်ပန်းခံပြီး ရိုက်ခဲ့ကြတယ်။ ငွေအားရော၊ လူအားရော အစစအရာရာ အားစိုက်ပြီး ရိုက်ထားတဲ့ကားလေး ဆိုတော့ ထူးခြားမှု ရှိမယ်လို့ မျှော်လင့်ရပါတယ်။

Voice : တစ်လောက ဒီဇာတ်ကားအတွက် ဇာတ်ဝင်ခန်းအချို့ကို ထပ်ရိုက်ဖြစ်တာကရော ဘာကြောင့်လဲ။

WHSY : သူတို့က ဇာတ်ကားတစ်ကားလုံးကို အပြီးရိုက်သွားပြီး တည်းဖြတ်ကြည့်တယ်။ တည်းဖြတ်ပြီးတဲ့အခါမှာ သူတို့စိတ်တိုင်းမကျတာလေးတွေ၊ လိုအပ်မယ် ထင်တာလေးတွေကို ပြန်ဖြည့်ရိုက်တာပေါ့။ သူတို့က ဒီဇာတ်ကားအတွက် ပြင်ဆင်မှုတွေ အရမ်းလုပ်တယ်။ သူတို့ရဲ့ ပြင်ဆင်မှုက တစ်ရာရာခိုင်နှုန်းထက်တောင် ကျော်လွန်သေးတယ်။ အစကတည်းကလည်း ကစ်တို့ကို ပြောထားတယ်။ တစ်ကားလုံးကို ပေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ရိုက်ကြည့်မယ်။ တည်းဖြတ်ပြီးတဲ့ အခါမှာ မကြိုက်တဲ့အပိုင်းတွေ ရှိရင် ပြန်ရိုက်မယ်လို့ ပြောသွားပြီးသားပါ။

Voice : ဒီကားက အောက်တိုဘာလထဲ ရုံတင်တော့မှာဆိုတော့ ကိုယ့်ရဲ့ပရိသတ်တွေကိုရော ဘာများကြိုပြောထားချင်သေးလဲ။

WHSY : ဒီကားက ထူးခြားမှုလေး တစ်ခုတော့ ရှိမှာပါ။ ပရိသတ်တွေ အတွက်လည်း ကြည့်ရတာ ခံစားမှု အသစ်တစ်မျိုး ရပါလိမ့်မယ်။ မြန်မာ့ရုပ်ရှင်လောကမှာ ရိုက်နေကျတဲ့ ဇာတ်ကားတွေနဲ့ ကွဲထွက်နေမယ့် ဇာတ်ကားဖြစ်မယ်လို့ ကစ်ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ဇာတ်ကားရုံတင်တဲ့အခါမှာ အားပေးကြဖို့ ကစ်ရဲ့ ပရိသတ်တွေကို ပြောချင်ပါတယ်။ ပရိသတ်တွေ ကြည့်ရကျိုး နပ်မှာပါ။

Voice : တချို့မင်းသမီးတွေ စွံတော့မယ်နော်။ ကစ်ရဲ့ မင်္ဂလာသတင်းကိုရော ဘယ်တော့လောက် ကြားရမလဲ။

WHSY : ကစ်ရဲ့ မင်္ဂလာသတင်းကို ကြေညာစရာ မရှိသေးပါဘူးရှင်။ အနုပညာအလုပ်တွေ လုပ်ပါရစေဦး။ ကိုယ်ချစ်တဲ့ အနုပညာအလုပ်တွေပဲ ဆက်လုပ်ပါရစေဦး။ ဘယ်အချိန် အိမ်ထောင်ပြုမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးလည်း မရှိပါဘူး။ လောလောဆယ်တော့ အဲ့ဒီအကြောင်းကို မစဉ်းစားထားသေးဘူး။ အချိန်လည်း မကျသေးပါဘူး။ အချစ်ရေး၊ အိမ်ထောင်ရေးတွေက ကိုယ်နဲ့ ဓာတ်မတည့်တာလား၊ အကျိုးမပေးတာလား မသိပါဘူး။ ကစ်က အနုပညာအလုပ်နဲ့ မိသားစု၊ သူငယ်ချင်းတွေ အတွက်ပဲ အချိန်ပေး ဖြစ်နေပါတယ်။

Voice : လက်ရှိမှာတော့ အချစ်နဲ့ ဝတ်မှုန်ရွှေရည်နဲ့က သတ်သတ်စီ ဖြစ်နေတယ်လို့ ပြောရမှာပေါ့။

WHSY : အဲ့ဒီလိုလည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ သူငယ်ချင်း အချစ်တွေကတော့ ရှိပါတယ်။ အိမ်ထောင်ရေး၏အကြောင်း ပြောဆိုရင်တော့ ပြောလို့မရသေးပါဘူး။ အဲ့ဒီအကြောင်းတွေ ပြောဖို့က စောပါသေးတယ်။ အချိန်တန်ရင်တော့ ဒီကိစ္စတွေက သူ့ဟာနဲ့သူ ဖြစ်သွားမှာပါ။ 

သန့်ဇင်ဦး

  • TAGS