News

POST TYPE

INTERVIEW

MNTV နဲ့ Channel 9 ရုပ်သံလိုင်းတိုရဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောက်ဆိုင်နဲ့ တွေ့ဆုံခြင်း
29-Jul-2018



“ဇာတ်နာတာတွေ၊ အကြော်ကြော်တာတွေ၊ မုန့်ဟင်းခါးရောင်းတာတွေ အစ်မစိတ်ထဲမှာ မရှိပါဘူး။ လူငယ်တစ်ယောက်က ကြိုးစားပိုင်ခွင့်ရှိတယ်လို့ပဲ မြင်ပါတယ်”

ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေပြီဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 3 နဲ့ပတ်သက်ပြီး ယင်းပြိုင်ပွဲရဲ့ ဦးစီးပဲ့ကိုင်ရှင်ဖြစ်တဲ့ MNTV နဲ့ Channel 9 ရုပ်သံလိုင်းတို့ရဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောက်ဆိုင်ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : Myanmar Idol Season 3 က အစပိုင်းမှာ ငြိမ်နေပေမယ့် ပွဲပြီးခါနီးမှလှုပ်လာတာက Tempo ကို ဆွဲတင်လိုက်တာလား။ အစ်မတို့မှာ ဇာတ်ညွှန်းရှိလို့လားပေါ့ တချို့ကလည်း မေးကြတယ်။
NLMS : အစ်မတို့ Idol က ဇာတ်ညွှန်းနဲ့ လုပ်ကြံပြီးသွားတာမဟုတ်ပါဘူး။ အစစ်တွေပါပဲ။ ပြိုင်ပွဲအစမှာ ငြိမ်နေတယ်ဆိုတာက ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့်ပါ။ လူတွေရဲ့အာရုံက ဘောလုံးပွဲဆီရောက်နေတော့ ပွဲက ငြိမ်သလို ဖြစ်နေတာပါ။ ဘောလုံးပွဲပြီးသွားတော့ လူတွေရဲ့အာရုံက အစ်မတို့ Myanmar Idol ပြိုင်ပွဲဘက်ကို ရောက်လာတယ်ပေါ့။ အဲဒါကြောင့်ပါ။ 

Voice : ပြိုင်ပွဲဝင်တွေကို ဒိုင်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ ဝေဖန်ထောက်ပြမှုတွေကြောင့် ပွဲပိုဆူလာတယ်လို့ တချို့ကလည်း သုံးသပ်ကြတယ်နော်။
NLMS : အဲဒါကတော့ အိုးကောင်းလိုချင်ရင် နာနာရိုက်ကြရတာပဲလေ။ အန်ကယ်ဦးသိန်းတန်က ဂီတနဲ့ပတ်သက်ရင် တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အန်ကယ်က ပြိုင်ပွဲဝင်တွေရဲ့ သီဆိုပုံကိုကြည့်ပြီး လိုအပ်တာတွေမြင်တော့ ထောက်ပြပေးတာပါ။ အစ်မတို့တောင်မှ ကလေးတွေကို ကြည့်ပြီးပြောမိတာတွေရှိတာပါပဲ။ ဒါတွေကို ပရိသတ်တွေကလည်း နားလည်ပေးဖို့ လိုပါတယ်။ ပြိုင်ပွဲပြီးသွားရင် ကလေးတွေအတွက် ပညာတွေအများကြီးရသွားမှာပါ။

Voice : Myanmar Idol က Winner ဆုပေးရင် နည်းနည်းဇာတ်နာတဲ့သူကို ရွေးပြီးပေးတယ်လို့  ပရိသတ်တချို့က ဝေဖန်ကြတဲ့အပေါ်ရော ဘာပြောချင်လဲ။
NLMS :  Myanmar Idol ရဲ့ Winner ဖြစ်မယ့်သူကို အစ်မတို့ Board  Of Directors အဖွဲ့က ရွေးတာမဟုတ်ပါဘူး။ မြန်မာပရိသတ်တွေ အားလုံးက ရွေးတာပါ။ ဒါဟာ လူတွေအားလုံးရဲ့ မေတ္တာတရားနဲ့ စာနာတရားအပေါ်မှာ အခြေခံပေးပြီးပေးလာတဲ့ Voting ရလဒ်အပေါ်မှာ မူတည်ပါတယ်။ အစ်မတို့ကတော့ ဒီကလေးရဲ့ဘဝက ဇာတ်နာလို့ ရွေးတယ်ဆိုပြီးမရှိပါဘူး။ အားလုံးအပေါ် မျဉ်းတစ်ပြေးတည်းပဲဆက်ဆံတယ်။ ပရိသတ်တွေရဲ့ Voting ပေးတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

Voice : တချို့ပြိုင်ပွဲဝင်တွေက အရည်အချင်းရှိပေမယ့် Voting စနစ်ကြောင့် ထွက်ခွာသွားရတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။
NLMS : တချို့ ပြိုင်ပွဲဝင်တွေက တော်ချင်တော်နေမယ်။ ဒါပေမဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံမှု၊ ပရိသတ်တွေက သူတို့အပေါ် ချစ်ခင်မှုအတိုင်းအတာမှာ ကွာသွားတယ်ဆိုရင်တော့ Voting ရတဲ့ အပိုင်းမှာပါ ကွာသွားမှာပေါ့။ အစ်မတို့က ဒီအပေါ်မှာ ဘာမှလုပ်ထားခြင်းမရှိပါဘူး။ ပရိသတ်တွေရဲ့ Voting နဲ့ ထွက်ပေါ်လာတဲ့ Winner ဆုရှင်ကိုပဲ အစ်မတို့က ဆုပေးတာပါ။

Voice : ပြိုင်ပွဲဝင်တွေကို Voting စနစ်နဲ့ ရွေးတယ်ဆိုပေမယ့် ရလဒ်မဖော်ပြတဲ့အပေါ် တချို့ကလည်း တစ်မျိုးမြင်ကြတာရှိတယ်။ Voting စနစ်က ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှုရှိလဲလို့ မေးခွန်းထုတ်ကြတဲ့အပေါ်ကိုရော ဘာပြောချင်လဲ။
NLMS : လူတစ်ယောက်နဲ့ တစ်ယောက်က စန်းချင်းမတူနိုင်ပါဘူး။ အဲဒီလို စန်းမတူတာကလည်း ပရိသတ်ရဲ့ ရွေးချယ်မှုကြောင့်ပါ။ Voting အနည်း၊ အများ ကွာသွားတာကလည်း အဲဒါကြောင့်ပါ။ အစ်မတို့က Voting ရလဒ်ကို လျှို့ဝှက်ထားခြင်းမရှိပါဘူး။ ပရိသတ်တွေပေးတဲ့အတိုင်း အတိအကျထွက်တာပါ။ အစ်မတို့မှာ မှတ်တမ်းအကုန်ရှိပါတယ်။ ကိုယ်က American Idol ကို ပုံစံယူပြီး လုပ်တာဖြစ်တဲ့အတွက် သူတို့က စောင့်ကြည့်နေတာပါ။ အဲဒါကြောင့် အစ်မအမှားမခံပါဘူး။

Voice : ဒီပြိုင်ပွဲကို စီစဉ်ကျင်းပပေးတဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ပရိသတ်တွေကို ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
NLMS : ပရိသတ်တွေကို အစ်မပြောချင်တာကတော့ ကျန်တဲ့အရာတွေကို ခေါင်းထဲမထည့်ဘဲ ကိုယ်ကြိုက်တဲ့ပြိုင်ပွဲဝင်ကို Voting ပေးဖို့ နောက်မကျပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဇာတ်နာတာတွေ၊ အကြော်ကြော်တာတွေ မုန့်ဟင်းခါးရောင်းတာတွေ အစ်မစိတ်ထဲမှာမရှိပါဘူး။ လူငယ်တစ်ယောက်က ကြိုးစားပိုင်ခွင့်ရှိတယ်လို့ပဲ မြင်ပါတယ်။ အစ်မကတော့ ကိုယ်သွားနေတဲ့လမ်းကြောင်းအတိုင်းပဲ ဖြောင့်ဖြောင့်သွားနေတယ်။ သူများနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ရတာဆိုတော့ အစ်မက အလျှော့မပေးချင်ဘူး။ အကောင်းဆုံးဖြစ်ချင်ပါတယ်။ 

သန့်ဇင်ဦး