News

POST TYPE

INTERVIEW

ရိုက်တာသတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်နှင့် တွေ့ဆုံခြင်း
29-Jul-2018



“အာမခံမရတော့ လက်ကုန်လုပ်လိုက်ရင် စွပ်စွဲခံထားရတဲ့ သတင်းထောက်တွေကို ညှာရပါတယ်”

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်အချို့နှင့် တွေ့ဆုံရန် မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးဘေး ဆောင်ရိပ်မွန်စားသောက်ဆိုင်သို့ သွားရောက်ခဲ့သည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးမှာ ဆိုင်မှ ပြန်အထွက်တွင် ဖမ်းဆီးခံရပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် အမှုရင်ဆိုင်နေရသည်မှာ ၇ လခန့်ရောက်ရှိနေပြီ ဖြစ်သည်။

အမှုစစ်ဆေးရာ တရားခွင်၌ တရားလိုပြသက်သေ ဒုရဲမှူးက ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်ပေးခဲ့သည့်အပြင် အောင်သပြေစစ်ကြောရေးစခန်း၌ သတင်းထောက်နှစ်ဦးကို သုံးရက်တိတိ ဒူးထောက်နေစေခြင်း၊ မျက်နှာကိုစည်းထားခြင်း စသည့် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း တရားခွင်၌ ထွက်ဆိုမှုများကြောင့် အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသော အဆိုပါအမှုကို ပြည်တွင်းပြည်ပသတင်း မီဒီယာများသာမက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက စောင့်ကြည့်နေသောအမှု ဖြစ်သည်။

အဆိုပါအမှုအခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်နှင့် The Voice သတင်းစာတို့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။ 

Voice : ရိုက်တာသတင်းထောက် နှစ်ယောက် အမှုစွဲချက်တင်တာကို ပြင်ဆင်ချက်လျှောက်ထားဖို့ ရှိလား။
UKMZ : စွဲချက်ကို ပြင်ဆင်ချက် လျှောက်ထားမယ်ဆိုရင် ရန်ကုန်တိုင်းတရားလွှတ်တော်ကို အရင်တက်ရမယ်။ အဲဒီစွဲချက်ကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပြင်ဆင်ချက်မပေးရင် တရားလွှတ်တော်ချုပ်ကို ထပ်တက်ရမယ်။ အချိန် ခုနစ်လလောက်ကြာမယ်။ အဲဒါကြောင့် ပြင်ဆင်ချက်ကို မလျှောက်ထားတာပါ။ အမှုအပြီးသတ် လျှောက်လဲချက်နဲ့ အပြီးသတ်အမိန့်မှာ တရားမျှတမှု မရှိဘူးထင်ရင် ကျွန်တော်တို့ အယူခံတွေ တက်ကြပါမယ်။ ပြင်ဆင်မှုတက်ရင် အမှုက ပြတ်ဖို့နည်းတယ်။

Voice : ပြင်ဆင်ချက်မတင်တော့ တရားစွဲခံထားရတဲ့ သတင်းထောက်တွေက ဒီအမှုကို ဝန်ခံရာမရောက်သွားဘူးလား။
UKMZ : ရာဇဝတ်မှုတွေရဲ့သဘောအရစွဲချက်မှာ ဝန်မခံဘူး။ စွဲချက်မှာ တရားသူကြီးကလည်း စွဲချက်ကို စီရင်ချက်အတိအကျနဲ့ လုပ်တာမဟုတ်ဘူး။ စွဲချက်ဆိုတာက ကနဦး သက်သေခံချက် တစ်နည်းအားဖြင့် ကိစ္စလေးတစ်ခု ခေါင်းထဲပေါ်လိုက်ရင် စွဲချက်တင်လိုက်တာပေါ့ဗျ။ အဲဒီစွဲချက်ကို အပြီးသတ်ကျရင် ကိုယ့်ဘက်က တရားခံပြသက်သေတွေကို စစ်တယ်။ အဲဒီမှာလည်း ထုချေနေတယ်။ အပြီးသတ်မှာ စွဲချက်မတင်သင့်ဘဲ တင်တာရော အပြီးသတ်မှာ လွှတ်ပေးဖို့ ပြောထားတယ်။ စွဲချက်တင်ခြင်းက အပြစ်ပေးခြင်း မဟုတ်ဘူး။

Voice : သတင်းပေးတိုင်ကြားချက်မှာ တရားလိုဘက်က သက်သေခံတစ်ဦးက သက်သေခံစာရွက်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်၊ အဲဒါနဲ့ပတ်သက်ပြီး တရားရုံးကို ကန့်ကွက်တာမျိုး၊ ဦးတိုက်လျှောက်ထားတာမျိုး လုပ်ဖို့များရှိသလား။
UKMZ : ဒီအမှုအနေနဲ့ စွပ်စွဲခံထားရတဲ့ သတင်းထောက်တွေက အပြင်မှာရောက်ပြီး အာမခံရထားတဲ့ အခြေအနေဆို တစ်မျိုးပေါ့။ အာမခံမရတော့ လက်ကုန်လုပ်လိုက်ရင် စွပ်စွဲခံထားရတဲ့ သတင်းထောက်တွေကို ညှာရပါတယ်။ အချိန်ကြာနေမှာစိုးတယ်။ မဖြစ်မနေလိုအပ်ရင် အပေါ်ကို တက်ရမှာပေါ့။

Voice : ဒုရဲမှူး မိုးရန်နိုင်က တရားရုံးတော်မှာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းခံရတယ်လို့ ထွက်ဆိုထားတယ်။ သူနဲ့အတူ ထွက်ဆိုပေးမယ် တပ်ကြပ်ခင်မောင်လင်းက ဒီအမှုမှာ ပျောက်နေတယ်။ အဲဒီအပေါ်ကို ဘယ်လိုဆက်လုပ်ပေးဖို့များ ရှိသလဲ။
UKMZ : ကျွန်တော်တို့ သက်သေခံဥပဒေ ပုဒ်မ ၁၁၄ (စ) အရ သက်သေပြဖို့ စာရင်းပေးထားပြီး အဲဒီသက်သေမပြနိုင်ရင် ရုံးက မှတ်ယူနိုင်တာရှိတယ်၊ အဲဒီအချက်ကို ကျွန်တော်တို့ ရလိုက်တယ်။ တပ်ကြပ် ခင်မောင်လင်းကို သက်သေပြရင် ဒုရဲမှူး မိုးရန်နိုင်လိုပဲ ထွက်ဆိုမယ်ဆိုတာ ဖြစ်ဖို့များတယ်လို့ လျှောက်လဲချက်မှာ ရေးထားတယ်။

Voice : မူလသတင်းစာရှင်းလင်းပွဲနဲ့ တိုင်ကြားစာတွေမှာ ဒီသတင်းထောက်တွေက စာရွက်စာတမ်းတွေကို လာယူလို့ တိုင်ကြားခဲ့တယ်။ အခုကျတော့ သတင်းထောက်တွေ ဖုန်းထဲ Messanger မှာရှိတဲ့ သက်သေကြောင်းလို့ ပြောင်းလဲတရားစွဲဆိုထားတယ်။ သတင်းပေးတိုင်ကြားချက်တွေနဲ့ လွဲနေတဲ့အပေါ် ဘယ်လိုဆက်လုပ်ဖို့များရှိသလဲ။
UKMZ : အဓိက ကျွန်တော်တို့ အသေးစိတ်လျှောက်လဲချက်မှာ စာမျက်နှာ ၂၆ ရှိတယ်။ ကျွန်တော်တို့ ဖြေရှင်းရမှာက တယ်လီဖုန်းထဲကကိစ္စတွေ မဟုတ်ဘူး။ သူတို့ လက်ထဲမိတဲ့ စာရွက်စာတမ်းကိစ္စကို ဖြေရှင်းရမှာပါ။ ဒုရဲမှူးမိုးရန်နိုင်ထွက်ဆိုချက်တွေနဲ့ တရားလိုပြသက်သေတွေ ထွက်ဆိုချက်တွေက ကွဲလွဲနေကြတယ်။ ဖုန်းထဲက ကိစ္စတွေက ပတ်ဝန်းကျင်သက်သေခံချက်နဲ့ လူတစ်ယောက်ကို အပြစ်ပေးလို့မရဘူး။

Voice : သတင်းထောက်နှစ်ယောက်ကို ဒူးထောက်၊ မျက်နှာဖုံးစွပ်ပြီး စစ်ဆေးခဲ့တာကို ဘာလုပ်ဖို့ရှိလဲ။
UKMZ : ဥပဒေချိုးဖောက်ခံရတာ ကျွန်တော်တို့ ပြောစရာကိုမလိုဘူး။ ကျွန်တော်တို့ ဖြေထားပြီးသား ကိစ္စတွေပါ။ အဲဒီအပေါ်မှာ ဘာလုပ်မယ်ဆိုတာက အမျိုးမျိုးတော့ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံအတွင်းမှာ အကန့်အသတ်တွေရှိတာပေါ့၊ ဘာလုပ်မလဲဆိုတာက အခုမပြီးသေးဘူး။ နောက်ဆုံးအချိန်ထိမရရင် တရားမျှတမှုမရရင် ဆက်သွားဖို့တော့ရှိတယ်။ အခုက ပြောလို့မရဘူး။

Voice : သတင်းထောက်နှစ်ဦးက အဖမ်းခံရတာ ခုနစ်လလောက်ရှိနေပြီး အမှုအသွားအလာ ဘယ်လိုရှိလဲ။ ဘာတွေဆက်လုပ်ဖို့ရှိလဲ။
UKMZ : အမှုတစ်ခုကို လိုက်တဲ့ရှေ့နေက ဒီအမှုနဲ့ပတ်သက်ပြီး ကောက်ချက်တွေ ဆွဲလို့မရဘူး။ ကျွန်တော်တို့မှာ ဥပဒေရှိတယ် တရားရုံးများ မထီမဲ့မြင်ဥပဒေရှိတယ်။ ယေဘုယျပဲပြောလို့ရတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးကြေညာစာတမ်းများ လက်မှတ်ရေးထိုးထားတယ်။ နှိပ်စက်ခြင်း နိုင်ငံတကာလက်မှတ်ရေးထိုးပြီး လုံခြုံရေးဘက်က ချိုးဖောက်သလား ကောက်ချက်စွဲဖို့ပဲ။ ကျွန်တော်တို့မှာ အကန့်အသတ်တွေရှိတယ်။ ရှေ့နေက ကိုယ့်အမှုသည်အတွက် ပြောရရင် မှန်တယ်ထင်လို့ လိုက်တယ်။ ဥပဒေအရပြောရရင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားမစွဲသင့်ဘူး။ ဖမ်းခံထားရတဲ့ သတင်းထောက်နှစ်ယောက်က သူတို့အလုပ်ကို သူတို့လုပ်တာ စာနယ်ဇင်ကျင့်ဝတ်နဲ့အညီ လုပ်တာပါ။ ဘယ်ပုဒ်မနဲ့ တရားစွဲစရာကို မလိုဘူး။

ခင်မြတ်မြတ်ဝေ