News

POST TYPE

INTERVIEW

အလင်းရောင်နဲ့ တွေ့ဆုံခြင်း
27-Jul-2018



“ပရိသတ်တွေဆီကနေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ရုပ်ရှင်မှာ နောင်နောင်ကို မုန်းတယ်ဆိုတဲ့အသံမျိုးပဲ ကြားချင်ပါတယ်”

သရုပ်ဆောင်အလင်းရောင်နဲ့ တွေ့ဆုံပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့  ဇာတ်ကားနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : “ကာဗွန်ဒိုင်အောက်ဆိုဒ်”လို ဇာတ်ကားမျိုးက အလင်းရောင်ရဲ့ ဝါသမ္ဘာနဲ့ဆို စိန်ခေါ်မှုများတဲ့ ဇာတ်ကားမျိုးနော်။ ဘယ်လိုကြောင့် လက်ခံရိုက်ကူးဖြစ်တာလဲ။
ALY : ကျွန်တော်ကိုယ်တိုင်က အရင်ကတည်းက ပရိသတ်အတွက် စိန်ခေါ်မှုများမယ့် ကာရိုက်တာမျိုးကို သရုပ်ဆောင်ရတာကြိုက်တယ်။ ကိုဝိုင်းကလည်း ကျွန်တော့်ကို ဗီလိန်ကာရိုက်တာမျိုး လုပ်ကြည့်စေချင်တယ်။ ကျွန်တော်လည်း ဗီလိန်တစ်ခါမှမရိုက်ဖူးသေးတော့ စမ်းကြည့်ချင်တာနဲ့  ဒီကားကို ရိုက်ဖြစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း ကောင်မလေးရဲ့အချစ်ကိုရဖို့  အောက်လမ်းပညာသုံးပြီးလုပ်ခဲ့တဲ့ နောင်နောင်ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ထားပါတယ်။ 

Voice : ဒီဇာတ်ကားမှာ နောင်နောင်ဆိုတဲ့ ဇာတ်ကောင်ဖြစ်ဖို့အတွက် အလင်းရောင် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။
ALY : ဒီဇာတ်ကား မရိုက်ခင် ဆယ်ရက်လောက်အလိုမှာ ကျွန်တော်နဲ့ကိုဝိုင်း ပြင်ဦးလွင်ကိုသွားပြီး ကာရိုက်တာအတွက် ပြင်ဆင်တယ်။ ကိုဝိုင်းကလည်း ဇာတ်ကောင်ရဲ့ Mood ကို ကျွန်တော်နားလည်အောင် သေချာရှင်းပြတယ်။ ဇာတ်ကားမရိုက်ခင် သုံးရက်လောက် အလိုမှာတော့ နောင်နောင်ဆိုတဲ့ ဇာတ်ကောင်ရဲ့  Mood ကို ကျွန်တော်သွင်းနိုင်ခဲ့ပါတယ်။ ဘယ်အခန်းတွေမှာ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကို ကိုဝိုင်းကလည်း ကြိုပြီးသင်ပြပေးထားပါတယ်။

Voice : နောင်နောင်ဇာတ်ရုပ်က ဗီလိန်ပုံစံဆိုတော့ တစ်ချိန်လုံး အကျင့်ပုပ်တဲ့စိတ်နဲ့ နေနေရမှာပေါ့။
ALY : ဇာတ်ကားရိုက်တဲ့ တောက်လျှောက်မှာတော့ ကာရိုက်တာရဲ့ Mood နဲ့ နေနေရတာပေါ့နော်။ ကိုယ်ကြိုက်နေတဲ့ သူငယ်ချင်း ကောင်မလေးရဲ့ အချစ်ကိုရသွားတဲ့ ကိုကျော်ထက်အောင်ကိုဆို ကြည့်မရဘူးပေါ့။ သူနဲ့ အဆုံခန်းတွေမှာသူ့ကို ပြောရတဲ့စကားတွေကို စိတ်ထဲကနေ ဆဲဆဲပြီးတော့ပြောဖို့ ကိုဝိုင်းကလည်း သင်ပေးတယ်။ သူနဲ့လည်း ရှုတင်မှာဆို စကားမပြောဘူး။ သူ့ကိုကိုယ်က ကြည့်မရတဲ့ပုံစံ သရုပ်ဆောင်ရမှာ ဆိုတော့လေ။

Voice : ကိုယ့်အတွက် ပထမဆုံး ဗီလိန်ကာရိုက်တာကို သရုပ်ဆောင်ရတာဆိုတော့ အက်တင်လုပ်ရတဲ့ အပိုင်းမှာရော ဘာတွေအခက်အခဲရှိခဲ့လဲ။
ALY : ကိုယ်က ဗီလိန်ဆိုတော့ လူတွေအပေါ် အကျင့်ယုတ်ရတာပေါ့နော်။ အဲဒီလိုအက်တင်မျိုးလုပ်ရတာ ကျွန်တော့်အတွက် နည်းနည်းတော့ခက်တယ်။ မဖွေးကို အောက်လမ်းနဲ့ ပြုစားထားတဲ့အတွက် သူက ကိုယ့်ကိုတွေ့ချင်လို့ အိမ်ကိုရောက်လာပြီး လာဖက်တဲ့အခန်းမှာဆို အက်တင်ကို တစ်ဆင့်ချင်း ပြောင်းသွားရတယ်။ အဲဒီအခန်းတွေကတော့ အက်တင်လုပ်ရတာခက်တယ်။ ကိုဝိုင်းကတော့ သေချာသင်ပြပေးပါတယ်။

Voice : ကိုယ့်အတွက် အမှတ်တရအရှိဆုံး ဇာတ်ဝင်ခန်းဆိုရင်ရော ဘယ်အခန်းဖြစ်မလဲ။
ALY : မှတ်မှတ်ရရ ဖြစ်တဲ့ဇာတ်ဝင်ခန်းကတော့ ရတနာဗို မုဒိမ်းကျင့်ခံရတဲ့အခန်းပေါ့။ သူ့ကို ယောကျာ်းငါးယောက်က မုဒိမ်းကျင့်ပြီးတဲ့ အချိန်မှာ ကျွန်တော်ရောက်လာတော့ သူက ရွံရှာမုန်းတီးပြီး တံတွေးနဲ့ ထွေးတယ်။ အပြင်မှာလည်း တံတွေးနဲ့ အထွေးမခံရဖူးတော့ မှတ်မှတ်ရရပါပဲ။ အဲဒီအခန်းကိုလည်း ကိုဝိုင်းက သူစိတ်တိုင်းမကျမချင်း ငါးခါခြောက်ခါလောက်အထိ ပြန်ရိုက်တော့ တံတွေးနဲ့ ခဏခဏ ထွေးခံခဲ့ရတာပေါ့။

Voice : ဒီဇာတ်ကားကို ပြန်ကြည့်ပြီးတော့ အချိန်မှာရော ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ဘယ်လောက်အထိ ကျေနပ်အားရမှုရှိလဲ။
ALY : ဒီဇာတ်ကားမှာ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုက အများကြီး လိုအပ်နေပါသေးတယ်။ ရိုက်တုန်းကတော့ အကောင်းဆုံးကြိုစားခဲ့တာပဲ။ ပြန်ကြည့်တဲ့ အချိန်မှာတော့ ဒီအခန်းလေးဆို ငါဘယ်လိုလေးလုပ်လိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ်မျိုးတော့ ဖြစ်မိပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်တုန်းကတော့ ကိုယ်အတတ်နိုင်ဆုံး ကြိုးစားခဲ့တဲ့အတွက် အားရပါတယ်။ ဗီလိန်လုပ်ရတာ တော်တော်လည်းပင်ပန်းပါတယ်။ ကိုယ့်စိတ်ကို အောက်တန်းအကျဆုံး၊ အယုတ်မာဆုံး ထားထားရတယ်။ ဒီကားပြီးလို့ ရက်နှစ်ဆယ်လောက်အထိက သူငယ်ချင်းတွေနဲ့ Night Out ထွက်ရင်တောင် နောင်နောင့်လို အကျင့်ယုတ်တဲ့ အကြည့်မျိုးနဲ့ ကြည့်ဖြစ်နေလို့ မနည်းဖျောက်ယူရတယ်။

Voice : အပြင်က အလင်းရောင်ကရော နောင်နောင်ဆိုတဲ့ ဇာတ်ကောင်ကို ဘယ်လိုမြင်မိလဲ။
ALY : ဒီဇာတ်ကားထဲမှာ နောင်နောင်က ရယူလိုမှု အရမ်းများတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ကျွန်တော်သာအပြင်မှာ သူ့လို ကိုယ့်ချစ်သူ ကောင်မလေးကို အောက်လမ်းနည်းနဲ့ လုပ်ခဲ့မယ်ဆိုရင် စနစ်တကျ လုပ်မှာပေါ့။ သူ့လို ပေါ့ပေါ့တန်တန် လုပ်မှာမဟုတ်ဘူး။ ဒါကတော့ ရယ်စရာပြောတာပါ။ သူ့ရဲ့ ပရမ်းပတာ နေတတ်မှုတွေကြောင့် သူ့ရဲ့အကြံအစည်က ပေါ်သွားတာပေါ့နော်။ ကိုယ်သာဆိုရင်တော့ ပိပိရိရိနဲ့  စနစ်တကျနေလိုက်မယ်။

Voice : ဒီဇာတ်ကားအပေါ် ပရိသတ်အားပေးမှုကိုရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ALY : ကျွန်တော်ကတော့ အများကြီး မမျှော်လင့်ရဲပါဘူး။ ဒီကားမှာ ကိုယ်သရုပ်ဆောင်ရတဲ့ ဗီလိန်ကာရိုက်တာကို အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပေးမှုတွေကိုလည်း ကျွန်တော်ကြားချင်ပါတယ်။ ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကိုလည်း ပြုပြင်သွားမှာပါ။ ပရိသတ်တွေဆီကနေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်မှာ နောင်နောင်ကို မုန်းတယ်ဆိုတဲ့ အသံမျိုးပဲ ကြားချင်ပါတယ်။

သန့်ဇင်ဦး