News

POST TYPE

INTERVIEW

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် တွေ့ဆုံခြင်း
25-Jul-2018

ရေချိုခရုမှတစ်ဆင့် ကူးစက်သည့် ကပ်ပါးပိုး

“အစာလမ်းကြောင်းမှာ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်နာတာ၊ ဆီးလမ်းကြောင်းမှာ ဆီးသွားရင် သွေးပါတာရှိတယ်”

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသတို့တွင် ရေချိုခရုမှတစ်ဆင့် ကူးစက်သည့် ကပ်ပါးပိုး (Schistosomiasis) ကြောင့် ဖြစ်သောရောဂါဖြစ်ပွားနေသူများကို တွေ့ရှိရပြီး ယင်းလူနာများကို ရောဂါရှာဖွေစမ်းသပ်၍ ကုသမှုများပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါရောဂါသည် ကြိုတင်ကာကွယ်ဆေးမရှိသော်လည်း ကုသ၍ပျောက်ကင်းသည့်ရောဂါဖြစ်ပြီး ယင်းရောဂါလက္ခဏာများနှင့် ပတ်သက်သည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ရေချိုခရုကတစ်ဆင့် ကူးစက်တဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ရောဂါက ဘယ်လိုကူးစက်လဲဆိုတာကို ရှင်းပြပေးပါဦး ဆရာကြီး။
Dr.TTA : သူက သန်ကောင်တစ်မျိုးပဲ။ သန်ပြားကောင်လို့ခေါ်တာပေါ့။ သူက မြေကြီးထဲမှာရှိတဲ့ သန်ဥနဲ့မတူဘူး။ လူ၊ ကျွဲ၊ နွား စတာတွေက စွန့်လိုက်တဲ့ မစင်ထဲမှာပါလာတဲ့ သန်ဥက ရေထဲကျပြီးတဲ့အခါမှာ သန်ကောင်လေးတွေဖြစ်ပြီး ခရုထဲရောက်ပြီး ခရုထဲမှာ ဆက်လက်ကြီးထွားတယ်။ အဲဒီအကောင်က ကြီးထွားလာပြီး ခြေထောက်နဲ့လက်တွေကနေတစ်ဆင့် အရေပြားကိုဖောက်ဝင်သွားတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သက်ကြီးကောင် ဖြစ်သွားတယ်။ နှစ်ပေါင်း ၃၀ အထိအောင် နေနိုင်တယ်။ တဖြည်းဖြည်းနဲ့ လူကိုဒုက္ခပေးတဲ့ သန်ပြားကောင်တစ်မျိုးပါ။ ရောဂါကူးစက်ထားတဲ့ ခရုပေါက်ဖွားမှုများတဲ့ ရေချိုရေကန်တွေ၊ လယ်ကွင်းတွေ၊ စမ်းချောင်းတွေ၊ ရေလှောင်ကန်တွေ၊ ရေလှောင်တမံတွေရှိတဲ့ ဒေသတွေမှာဖြစ်တယ်။

Voice : စစ်တွေနဲ့ အင်းလေးတို့မှာ ဒီရောဂါဖြစ်ပွားတယ်လို့ သိရပါတယ်။ လက်ရှိဘယ်လိုအခြေအနေ ရှိပါသလဲ။
Dr.TTA : အခုက ရခိုင်ပြည်နယ် ၈ မြို့နယ်လောက်မှာ တွေ့တာပေါ့။ ကလေးအထူးကုဆရာဝန် တစ်ယောက်ဆီမှာ လာကုတဲ့ ကလေးဆီမှာ တွေ့တာပါ။ ခရုကတစ်ဆင့် ကူးစက်တတ်တဲ့ သန်ပြားကောင်ရောဂါတွေ့တာပေါ့။ ဒါနဲ့ပတ်သက်လို့ကတော့ ဆေးတွေကုနေပါပြီ။ လူနာ ၃၀၂ ဦးမှာတွေ့တော့ ဆေးကုနေတယ်။ အင်းလေးမှာတော့ သုတေသနလုပ်တယ်။ အဲဒီမှာက ၂၅ ရာခိုင်နှုန်းလောက်က ရောဂါရှိတာတွေ့တယ်။ ရခိုင်ကလူနာတွေက အခြေအနေကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ အင်းလေးကတော့ ကုသမှုတွေ မလုပ်ရသေးဘူး။ သုတေသနပဲ လုပ်ရသေးတယ်။ ဒါကို စစ်ဆေးဖို့အတွက် ရောဂါရှာဖွေတဲ့စက်တွေကို ဝယ်ရဦးမယ်။

Voice : ဟုတ်ကဲ့။ ဒီရောဂါက အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသလား။ ရောဂါအတွက် ကြိုတင်ကာကွယ်ဆေးတွေရော ရှိပါသလား။
Dr.TTA : အသက်အန္တရာယ်တော့ရှိတယ်။ ကုသတဲ့ဆေးတော့ ရှိတယ်။ ကာကွယ်ဆေးတော့မရှိဘူး။ ဝက်သက်တို့၊ ပိုလီယိုတို့လို သူ့မှာကာကွယ်ဆေးအနေနဲ့ ထိုးဆေး၊ စားဆေးမရှိဘူး။ ကုသတဲ့ဆေးပဲရှိတယ်။

Voice : ဒီရောဂါရဲ့ ရောဂါလက္ခဏာတွေကို ပြောပြပေးပါဦး ဆရာကြီး။
Dr.TTA : အဓိကအများစုဖြစ်တာက အစာလမ်းကြောင်းမှာ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်နာတာ၊ ဆီးလမ်းကြောင်းမှာ ဆီးသွားရင်သွေးပါတာရှိတယ်။ ဆီးကျဉ်တာ၊ ဆီးအောင့်တာဖြစ်တယ်။ အသည်းထဲမှာ ပြည်တည်တယ်။ အဆုတ်ထဲမှာလည်းနေတော့ ချောင်းဆိုးတာဖြစ်တယ်။ ဦးနှောက်ထဲလည်းရောက်တယ်။ အဲဒီအကောင်က ခန္ဓာကိုယ်အနှံ့သွားနိုင်တယ်။

Voice : ဒီရောဂါက မြန်မာနိုင်ငံမှာ အရင်တုန်းကရော ဖြစ်ခဲ့ဖူးပါသလား။
Dr.TTA : ရှေးရှေးတုန်းကတော့ ဒီရောဂါပိုးရှိမှန်း မသိဘူး။ အခုမှစတွေ့တာပေါ့။

Voice : ဟုတ်ကဲ့။ ဒီရောဂါနဲ့ပတ်သက်လို့ ဆရာကြီးတို့ အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်လေးတွေနဲ့ လူထုကို ဘယ်လိုအသိပေးတာတွေ လုပ်ဆောင်သွားဖို့ရှိပါသလဲ။
Dr.TTA : ဆရာတို့ ဧရာဝတီနဲ့ ပဲခူးတိုင်းဘက်တွေမှာလည်း ရောဂါအခြေအနေတွေကို စောင့်ကြည့်သွားပါမယ်။ အဓိကကတော့ သန်ချဆေးကျွေးဖို့ပါပဲ။ အဲဒီသန်ချဆေးကတော့ ဆရာတို့နိုင်ငံမှာမရှိဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မှာထားတယ်။ အဲဒီသန်ချဆေးကို ကျောင်းတွေမှာတိုက်ဖို့ အစီအစဉ်ဆွဲနေတယ်။ ကျောင်းသားတွေကို ဆန်းစစ်ဦးမယ်။ WHO ရဲ့ နည်းပညာအရ လူထုတစ်ဦးချင်းကိုပဲ ကုပေးတယ်။ ကျောင်းသားတွေကတော့ ရောဂါကူးစက်မှုဖြတ်နိုင်ဖို့အတွက် ကျောင်းလုံးကျွတ်တိုက်ဖို့ စီစဉ်နေတာပါ။ လူထုအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်တာတွေ သိရှိအောင် ပညာပေးတာတွေ၊ ဆွေးနွေးပွဲတွေလုပ်မယ်။ တစ်လအတွင်း လုပ်သွားဖို့ရှိပါတယ်။ 

Voice : ခရုကနေတစ်ဆင့်ဖြစ်တယ်ဆိုတော့ ခရုကိုစားသင့်ပါသလား။
Dr.TTA : ခရုကဖြစ်တယ်။ ဒါပေမဲ့ ကျက်အောင်ချက်ရင်တော့ အဲဒီအကောင်တွေက သေတာပေါ့။ ကျက်အောင်မချက်ရင်တော့ ကူးနိုင်တယ်။ ရေငန်ခရုကတော့ ဘာမှမဖြစ်ဘူး။ 

Voice : ဆရာကြီးအနေနဲ့ လူထုအတွက် သတင်းစကားလေးပါးပေးပါဦး။
Dr.TTA : လူထုအနေနဲ့ မကြောက်ပါနဲ့။ ပင်လယ်ကမ်းခြေမှာတွေ့တဲ့ သံတွဲ၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်မှာတွေ့တဲ့ ခရုကရိုးရိုးခရုပါ။ ရေငန်ခရုပါ။ ကျန်းမာရေးဌာနက ပညာပေးတာတွေကိုတော့ လိုက်နာစေချင်ပါတယ်။ သူက ကူးစက်မြန်ရောဂါတော့ မဟုတ်ဘူး။ ရခိုင်မှာ အဓိကတွေ့တယ်။ တွေ့တဲ့သူတွေကိုလည်း ဆေးကုသမှုတွေပေးထားပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ