News

POST TYPE

INTERVIEW

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
24-Jul-2018
မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့ကြီးအချို့တွင် စိုးရိမ်ရေမှတ်အထက် မြစ်ရေ မြင့်တက်နေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရာ ထပ်မံ၍ မြစ်ရေ မြင့်တက်လာနိုင်မှု အခြေအနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်သည့်အပေါ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အခုလက်ရှိ စိုးရိမ်ရေမှတ် ကျော်နေတဲ့စခန်းတွေနဲ့ စိုးရိမ်ရေမှတ်ရောက်ဖို့ နီးစပ်နေတဲ့စခန်းတွေရှိရင် သိပါရစေ။
Dr. KMO : စိုးရိမ်ရေမှတ် ရောက်နေတဲ့ စခန်းတွေကတော့ သံလွင်မြစ်မှာဆိုရင် ဘားအံမှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲကျော်ကျော်လောက် ရှိတယ်။ နောက်တစ်ခုက စစ်တောင်းမြစ် မဒေါက်မှာ စိုးရိမ်ရေမှတ်အထက်မှာ ပေဝက်ကျော်လောက်ရှိတယ်။ ကျန်တဲ့ဒီစခန်းတွေကတော့ စိုးရိမ်ရေမှတ်အောက်မှာပဲ ရှိပါတယ်။ ဟင်္သာတမြို့ဆိုရင်လည်း စိုးရိမ်ရေမှတ်ရောက်ခါနီး ၁ စင်တီမီတာအလိုအထိ မနေ့ကတက်ခဲ့ပါတယ်။ ဒီနေ့ (ဇူလိုင် ၂၄ ရက်) တော့ အနည်းငယ် ပြန်ကျနေတဲ့ အနေအထားမှာရှိတယ်။ ဇလွန်မှာလည်း အဲဒီအတိုင်းပဲ စိုးရိမ်ရေမှတ်ရောက်ဖို့ ၁၀ စင်တီမီတာအထိ တက်ခဲ့တယ်။ ဒီနေ့ဆိုရင် ပြန်ကျနေတဲ့ အနေအထားရှိတယ်။ တနင်္သာရီမြစ်မှာလည်း စိုးရိမ်ရေမှတ် ရောက်သွားတယ်ဆိုပြီး လှမ်းအကြောင်းကြားတယ်။ အဲဒီမြစ်တွေကျတော့ ကျွန်တော်တို့က စောင့်ကြည့်တာ မလုပ်ဘူးခင်ဗျ။ တခြားဌာနကလုပ်တာပါ။ ကျွန်တော်တို့ စောင့်ကြည့်တဲ့မြစ်တွေမှာတော့ စိုးရိမ်ရေမှတ်အထက်ရောက်တာ မြစ်နှစ်စင်းပဲ ရှိပါသေးတယ်။ ကျန်တဲ့ငါးသိုင်းချောင်းတို့၊ သာပေါင်းမြို့တို့ကတော့ စိုးရိမ်ရေမှတ်နား ကပ်နေတာတော့ ရှိပါတယ်။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေမှာတော့ ဟိုရက်ပိုင်းက ရေတော်တော်လေး ပြန်ကျသွားတဲ့အတွက် စိုးရိမ်ရေမှတ်ရောက်ဖို့တော့ လိုပါသေးတယ်။

Voice : မြစ်ရေတွေ မြင့်တက်နေတာကြောင့် ဘယ်မြို့တွေက ထပ်ပြီးရေကြီးဖို့ အလားအလာများ နေပါသလဲဆရာ။
Dr. KMO : သံလွင်မှာဆိုလည်း မြစ်ရေဝင်တဲ့အတွက်ကြောင့် အချို့ရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်မှုတွေ ရှိနေတယ်။ အဲဒီလိုပဲ စစ်တောင်းမြစ် မဒေါက်မှာလည်း စိုးရိမ်ရေမှတ်ကျော်နေတဲ့အတွက် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးတာတွေရှိနေတယ်။ ရွှေကျင်မှာတော့ စိုးရိမ်ရေမှတ် မကျော်သေးဘူး။ စိုးရိမ်ရေမှတ်နားတော့ ကပ်နေပြီ။ တချို့မြို့တွေကျတော့လည်း စိုးရိမ်ရေမှတ် မရောက်သေးဘဲနဲ့ အနိမ့်ပိုင်းဒေသတွေမှာ ရေဝင်နစ်မြုပ်မှုတွေရှိတယ်။ ပဲခူးဆိုရင် စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာ သတ်မှတ်ထားပေမယ့် ၈၄၀ လောက်ဆိုရင် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစဝင်နေပြီ။ အခုဆိုရင် စိုးရိမ်ရေမှတ်ကို ပြောင်းထားတာ မကြာသေးဘူး။ အရင်တုန်းက ၉၁၀ စင်တီမီတာ၊ အခုဆို ၈၈၀ လောက် သတ်မှတ်ထားတယ်။ ဒါက ဘာလဲဆိုတော့ လူတွေက အနိမ့်ပိုင်းဒေသတွေမှာ တိုးချဲ့နေထိုင်လာတာလည်းပါတယ်။ နောက်တစ်ခုကတော့ မြစ်ကြမ်းပြင်မြင့်တက်လာတဲ့ အနေအထားမျိုးတွေလည်း ပါတယ်။ အဓိကကတော့ မြစ်ကမ်းနံဘေးရှိတဲ့ မြို့တိုင်းကတော့ သတိထားဖို့လိုတယ်။ ဌာနအနေနဲ့ သတိပေးချက် ထုတ်လိုက်ပြီဆိုရင်တော့ အဲဒီမြို့အနေနဲ့ ပိုပြီး သတိထားရမယ်။ မိုးလယ်ကာလဖြစ်တော့ မိုးကတော့ရွာမှာပဲ။ မိုးရွာလာတဲ့အချိန်မှာ ရေကြီးရေလျှံမှုတွေ လျှပ်တစ်ပြက် ရေကြီးမှုဖြစ်စဉ်တွေ မြေပြိုကျတောတွေ ဖြစ်လာနိုင်တဲ့အတွက် မြစ်ကမ်းဘေးမှာ ရှိသူတွေနဲ့ တောင်ကျချောင်း စီးဆင်းနိုင်တဲ့ဒေသတွေ က ပိုသတိထားရမယ်။ 

Voice : တချို့ဒေသတွေမှာ မြစ်ရေတက်လို့ ဆိုးဆိုးရွားရွား ရေကြီးတာ ဖြစ်နေတယ်။ ဒီဖြစ်စဉ်တွေက ဒီထက်ပိုပြီး ဖြစ်လာနိုင်မလား။ 
Dr. KMO : ရှိတာပေါ့။ ဒီကာလတွေက မြစ်ရေ ကြီးတဲ့ကာလတွေပဲ။ အဓိကက ဇူလိုင်လ၊ ဩဂုတ်လတွေမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ လေဖိအား နည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေက မြန်မာနိုင်ငံကို မဝင်နိုင်ပေမယ့် ဒါတွေရဲ့အရှိန်ကြောင့်မို့လို့ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းလာတဲ့ အချိန်ကျရင် မိုးအမြောက်အမြားရတဲ့ အနေအထားမျိုးပဲ။ နောက်တစ်ခုက မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံထဲကို ဖြတ်တဲ့အချိန်မှာ မိုးများတာကြောင့်ပဲ။ မုတ်သုံအမြင့်ဆုံး ရောက်တဲ့ကာလလည်းဖြစ်တယ်။ အဲဒီကာလမှာ မြန်မာနိုင်ငံက ရေကြီး ရေလျှံမှု အများဆုံး ဖြစ်တဲ့ကာလလည်းဖြစ်တယ်။ မိုး အမြောက်အမြား ရွာတဲ့အတွက်ကြောင့် ရေကြီးမြေပြိုတာတွေလည်း ဖြစ်နိုင်တာကို သတိပြုသင့်တဲ့ကာလ ဖြစ်ပါတယ်။

Voice : မိုးရွာသွန်းမှုရော ပိုနိုင်သလားဆရာ။
Dr. KMO : ဇူလိုင်လပထမ ၁၀ ရက်ပတ်မှာရော ဒုတိယ ၁၀ ရက်ပတ်မှာပါ လေဖိအား နည်းရပ်ဝန်းဖြစ် သွားတဲ့အတွက် မုတ်သုံလေက အားအလွန်ကောင်းနေတဲ့အတွက် ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုနေတယ်။ အလယ်ပိုင်းဒေသတွေမှာတော့ မိုးကကောင်းကောင်း မရဘူး။ ဇူလိုင် ၁၅ ရက်နောက်ပိုင်းမှ မိုးရလာတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြောရမယ်ဆိုရင် မိုးကတော့ ပုံမှန်လောက်ပဲ ရွာထားတယ်။ ဒီနှစ်ရဲ့ထူးခြားချက်က မုတ်သုံအား ကောင်းတဲ့အချိန်မှာလည်း မိုးရွာတယ်။ အားလျော့တဲ့အချိန်မှာလည်း မိုးရွာတယ်။ ကမ်းရိုးတန်းဒေသတွေမှာ ဒီနှစ်မိုးများတဲ့နှစ်တစ်နှစ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ စံချိန်ကျိုးတဲ့ အနေအထားတော့ မဟုတ်သေးဘူး။ ပုံမှန်ထက် အနည်းငယ် ပိုနေတယ်ပေါ့။ ဒါပေမဲ့ ရွာလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ မိုးအမြောက်အမြား ရွာလိုက်တဲ့အတွက် ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတဲ့ အနေအထားပါပဲ။ 

Voice : ဒီလိုမိုးရွာသွန်းမှုပုံစံတွေ ပြောင်းလာတာက ဘာကြောင့်ပါလဲ။ 
Dr. KMO : ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ပဲ ပြောရမှာပါပဲ။ အဓိကကတော့ အရင်တုန်းက မိုးလယ် ကာလတွေဆိုရင် ထစ်ချုန်းမိုးတွေ ဘာတွေမရွာဘူး။ အခုဆိုရင် ထစ်ချုန်းတယ်။ မိုးကြိုးတွေ ပစ်တယ်။ လျှပ်စီးတွေ လက်ပြီးတော့မှ မိုးရွာတယ်။ အဲဒီလိုမျိုး ရွာတယ်ဆိုတာ ရာသီဥတုပုံစံ ပြောင်းလာတယ်ပေါ့။ မိုးလယ် ကာလရောက်တဲ့အချိန် မုတ်သုံလေအားကောင်းနေချိန် မိုးတိမ်တောင်တွေရှိနေတဲ့အတွက် ထစ်ချုန်းမိုး ရွာနေတယ်။ နောက်ဒီတိမ်တွေက မိုးရွာရင် သွန်ချသလို ရွာလိုက်တယ်။ အချိန်တိုလေးအတွင်းမှာ သွန်ချသလို မိုးရွာလိုက်တဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ရတာပါ။ ရန်ကုန်မှာလည်း ရေကြီးတယ်ဆိုတာ ဒီလိုမျိုးရွာတာကြောင့်ပါပဲ။ မိုးတိမ်တောင်တွေက များသောအားဖြင့် မုတ်သုံဝင်ချိန်၊ မုတ်သုံထွက်ချိန်မှာ အများဆုံးဖြစ်တယ်။ မိုးလယ်ကာလမှာ မဖြစ်ဘူးတော့ မဟုတ်ဘူး။ ဖြစ်တယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ မုတ်သုံအားပြတ်သွားတဲ့အချိန်မှာဖြစ်တယ်။ ဒါပေမဲ့ အခုကျတော့ မုတ်သုံအား ကောင်းနေချိန်မှာလည်း မိုးတိမ်တောင်တွေက ဖြစ်နေတယ်။ ဒီလိုဆိုတော့ တစ်နှစ်ပတ်လုံး မိုးတိမ်တောင်တွေ ဖြစ်နေတဲ့ အနေအထားမျိုး တွေ့လာရတယ်။ ဒါကလည်း ရာသီဥတု ပြောင်းလဲမှုရဲ့ သင်္ကေတအချက် တစ်ချက်အနေနဲ့ တွေ့ရတယ်။ 

Voice : ဟုတ်ကဲ့ဆရာ။ အခုလက်ရှိ မြစ်ရေတွေ တက်နေတာနဲ့ပတ်သက်ပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ။ 
Dr. KMO : အဓိကကတော့ မြစ်ကမ်းနံဘေးမှာ နေတဲ့သူတွေအနေနဲ့ မြစ်ရေ အခြေအနေ သတင်းတွေကို အမြဲမပြတ် သိရှိထားဖို့လိုမယ်။ နောက် စိုးရိမ်ရေမှတ်ကျော်လို့ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်လာပြီဆိုရင် ရေလွှတ်ရာကို ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ နောက်ပြီး သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။

Voice : ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးလင်း