News

POST TYPE

INTERVIEW

ကျော်ထက်အောင်နဲ့ တွေ့ဆုံခြင်း
24-Jul-2018 tagged as အနုပညာ

“အန်ကယ်က ပြောရင်းပြောရင်းနဲ့  ကလေးတွေအပေါ် အားမရဖြစ်ပြီး ကရုဏာဒေါသနဲ့ ပြောမိခဲ့တာလို့  ကျွန်တော်ကတော့ ထင်ပါတယ်”



ပရိသတ်အားပေးမှုရနေတဲ့  Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ Host တစ်ယောက်ဖြစ်တဲ့ ကျော်ထက်အောင်နဲ့တွေ့ဆုံပြီး မြန်မာပြည်သိန်းတန်က ပွဲဆူစေတဲ့ Comment တွေပေးတယ်လို့  ဝေဖန်ကြတဲ့အပေါ် သူ့အမြင်၊ ပြိုင်ပွဲဝင်တွေအပေါ် သူ့သဘောထား၊ သူကိုယ်တိုင် အားပေးတဲ့ ပြိုင်ပွဲဝင်တစ်ဦးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : Myanmar  Idol  Season 3 က အစပိုင်း ငြိမ်နေပေမယ့် ပြိုင်ပွဲပြီးခါနီးတော့မှ ပွဲဆူလာတာ ဘာကြောင့်လို့ထင်လဲ။
KHA : အဲ့ဒါကတော့ ဘာမှ စိတ်ဝင်စားစရာ မရှိတော့မှ လူတွေရဲ့ အာရုံက Myanmar Idol ဘက်ကို ရောက်လာတာပါ။ အရင်တုန်းကတော့ ကိုယ်စီ၊ ကိုယ်စီ ဘူတာရုံမှာ ထိုင်နေကြတာလေ။ ဘေဘီရေချိုးပေးတဲ့ ကိစ္စမှာ ထိုင်လိုက်၊ ထိုင်းကလေးငယ် ၁၃ ယောက်အကြောင်းမှာ ထိုင်လိုက်နဲ့ပေါ့။ အခုတော့ လူတွေရဲ့ အာရုံတွေအကုန်လုံးက Idol မှာ လာစုသွားတာပေါ့။ ဖြစ်ချင်တော့ Myanmar Idol ကလည်း Tempo အမြင့်ဆုံးအချိန်ကို ရောက်နေတယ်။ အဲ့ဒါကြောင့်ဖြစ်မှာပါ။

Voice : ဒိုင်လေးယောက်ထဲမှာ အန်ကယ် ဦးသိန်းတန်တစ်ယောက်တည်းကပဲ ပြိုင်ပွဲဝင်တွေကို ဖိပြောနေတယ်လို့ ပရိသတ်တွေက ဝေဖန်ကြတာရှိတယ်နော်။
KHA : အဲ့ဒါကလေ ကျွန်တော်တို့ Myanmar Idol က ဇာတ်လမ်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးကို လူကြီးတွေက လွတ်လပ်ခွင့်ပေးထားတယ်။ ကျွန်တော်ဆိုရင် On The Margin ပေါ့။ အလယ်အလတ်လမ်းစဉ်ပဲ လိုက်ရတယ်။ ဒိုင်တွေဘက်လည်း မပါရဘူး။ အများဆုံးကတော့ ပြိုင်ပွဲဝင်တွေဘက်ကနေ ရပ်တည်ပေးရတာပေါ့။ အန်ကယ်ကတော့ ချစ်ငယ် (မေခလာ) ပြောသလိုပဲ။ သူ့ရှေ့မှာ နည်းနည်းမှ မမှားရဲဘူးပေါ့။ အန်ကယ်က အားမလိုအားမရဖြစ်တာပါ။ အဲ့ဒါကြောင့် ပြိုင်ပွဲဝင်တွေအပေါ်မှာ မသက်ညှာဘူးဆိုတဲ့ ခေါင်းစဉ်တပ်ခံလိုက်ရတာပါ။

Voice : ပြိုင်ပွဲစီစဉ်သူတွေက အန်ကယ့်ကို Comment တွေပေးတဲ့အခါမှာ ထိန်းပြောဖို့ သတိပေးခဲ့သေးတယ်လို့လည်း ကြားရတယ်။
KHA : Rock သီချင်းတွေနဲ့ ပြိုင်တဲ့အပတ်တုန်းက ပြိုင်ပွဲဝင်တွေကို Comment တွေပေးတဲ့အခါမှာ ပြောပါများလွန်းလို့ နည်းနည်းလေးထိန်းပြောပေးပါလို့ အန်ကယ့်ကို ကျွန်တော်တို့ Request လုပ်ပါသေးတယ်။ အန်ကယ်က ပြောရင်းပြောရင်းနဲ့ ကလေးတွေအပေါ် အားမရဖြစ်ပြီး ကရုဏာဒေါသနဲ့ပြောမိခဲ့တာလို့ ကျွန်တော်ကတော့ ထင်ပါတယ်။

Voice : အရင်နှစ်တွေကတော့ Result how နေ့မှာ ကျော်ထက်အောင်က ဗီလိန်ပေါ့။ ဒီနှစ်မှာတော့ အန်ကယ်က Myanmar Idol ရဲ့ ဗီလိန်သဘောမျိုး ဖြစ်သွားတယ်ထင်တယ်နော်။
KHA : ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်တွေရဲ့ Voting Result တွေကို ကြေညာတဲ့အခါမှာ အချိန်အရမ်းမဆွဲဖို့  ကျွန်တော်တို့ Trend လေးလည်း ပြောင်းထားပါတယ်။ အချိန်ဆွဲတော့မယ်လို့ အားလုံးက မျှော်လင့်နေတဲ့အချိန်မှာ အဖြေကြိုကြိုသိလိုက်ရတဲ့ ခံစားချက်ကို အသစ်ထပ်ပေးထားတာပါ။ ဒီနှစ်မှာ အန်ကယ်က ဗီလိန်ဖြစ်သွားတယ်တော့ မဟုတ်ပါဘူး။ ရှိုးတစ်ခုရဲ့စန်းထလာချိန်လို့ ပြောရမှာပေါ့နော်။

Voice : ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်တွေနဲ့ အနီးကပ်ရှိနေတာဆိုတော့ သူတို့ကိုရော စိတ်ဓာတ်မကျဖို့ အားပေးတာမျိုးရှိလား။
KHA : ကျွန်တော်ကတော့ ကလေးတွေဘက်ကနေ ပြန်ကြည့်တာပေါ့နော်။ အပတ်စဉ် Theme တစ်မျိုးစီနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာ သူတို့ အားသန်တဲ့ ဂီတအမျိုးအစားနဲ့ ယှဉ်ပြိုင်ရတဲ့ အပတ်တွေရှိမယ်။ ရော့ခ်ဆိုရင် ဖြိုးမြတ်အောင် အားသန်သလို၊ ကျန်တဲ့ကလေးတွေလည်း သူတို့ သန်ရာသန်ရာလေးတွေရှိကြတယ်။ ကျွန်တော်ကတော့ သူတို့ဘက်က ဖာထေးပြီး ပြောပေးရတာပေါ့နော်။ တကယ့်အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်တော့မယ်ဆိုရင် သူတို့ အားသန်တဲ့ Music လိုင်းတစ်ခုကိုရွေးပြီး အခွေထုတ်မှာပဲလေ။ ပြိုင်ပွဲဖြစ်နေလို့သာ သီချင်းအမျိုးအစားအစုံ ယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီ ခံစားချက်လေးကိုသိလို့  သူတို့ဘက်က ရပ်တည်ပေးတာပါ။

Voice : အန်ကယ်က ပြိုင်ပွဲဝင်တွေထဲမှာ ဖြိုးမြတ်အောင် တစ်ယောက်တည်းကိုပဲ အကောင်းပြောပြီး ကျန်တဲ့သူတွေကို အပြစ်ရှာပြောတယ်လို့  ဝေဖန်ကြတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။
KHA : အန်ကယ်က ဒိုင်အနေနဲ့ရော၊ သူ့ စိတ်ကြိုက်ဖြစ်တဲ့ ပြိုင်ပွဲဝင်အနေနဲ့ရော ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ဆိုလည်း Host တစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ Personal အရ ဘယ်ပြိုင်ပွဲဝင်ကို ကြိုက်လဲဆိုရင် ရှိတာပဲလေ။ အဲ့ဒါကြောင့်လည်း သူ့ပရိသတ်၊ ကိုယ့်ပရိသတ်ဆိုပြီး ကွဲနေတာပေါ့နော်။ ကျွန်တော်ဆိုရင် ငွေဇင်လှိုင်းရဲ့ ပရိသတ်ပါ။ ဒါပေမဲ့ ခွဲခြားခွဲခြားတော့ မလုပ်ပါဘူး။ ကလေးတွေ အကုန်လုံးကို ကိုယ်မြင်တဲ့ ရှုထောင့်ကနေ အမြဲအားပေးဖြစ်ပါတယ်။

Voice : ငွေဇင်လှိုင်းကို အားပေးဖြစ်တာကရော သူ့ရဲ့အဆိုပိုင်းကို သဘောကျလို့လား။ သူ့ကိုရော ဘယ်လိုသုံးသပ်မိလဲ။
KHA : သူက သီချင်းဆိုရင်သာ လူကြီးနဲ့တူတာပါ။ အပြင်မှာဆို ကလေးလေးလိုပါပဲ။ ကျန်တဲ့ အချိန်တွေမှာ ဆိုရင်တော့ ကလေးတစ်ယောက်လိုပါပဲ။ သူက ကြောက်လည်း ကြောက်တတ်တယ်။ သူဆိုပြီး ပြီဆိုရင်လည်း လက်နှစ်ဖက်ကိုဆုပ်ပြီး ဘာလိုသေးလဲလို့  အမြဲတမ်းမေးတယ်။ ကျွန်တော်ကတော့ ပြိုင်ပွဲဝင်ကလေးတွေ အကုန်လုံးကို ကိုယ်တတ်နိုင်သလောက်လေး အကြံပေးဖြစ်ပါတယ်။ 

သန့်ဇင်ဦး