News

POST TYPE

INTERVIEW

ခင်လှိုင်နဲ့ တွေ့ဆုံခြင်း
18-Jul-2018 tagged as အနုပညာ

“အမျိုးတစ်ခြမ်းယုတ် ရုပ်ရှင်ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်မရောက်ဆိုတာတော့ ဇာတ်ကားရုံတင်တဲ့အချိန်ကျမှ သိရမှာပေါ့”



ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်နဲ့  တွေ့ဆုံပြီး လက်ရှိရုံတင်ပြသနေတဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုများနဲ့  ထူးခြားတဲ့ဒရာမာရုပ်ရှင်ဇာတ်ကား “အမျိုးတစ်ခြမ်းယုတ်” အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိ ရုံတင်ပြသပြီး အောင်မြင်မှုရနေတဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာလဲ။
KH : ဒီကားထဲမှာ ကျွန်တော်က ကျွန်းတစ်ကျွန်းပေါ်မှာနေတဲ့ လူမျိုးစုတစ်စုက ဘော်ဘော်ပိဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟာသဇာတ်ရုပ်ပါပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့ကာရိုက်တာ၊ ကျွန်တော်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့အတွက် စိတ်ဝင်စားပြီး လက်ခံရိုက်ကူးခဲ့တာပါ။ ဒီကားရိုက်တုန်းက ပျော်စရာလည်းကောင်းသလို ပင်လည်းပင်ပန်းခဲ့ပါတယ်။

Voice : ဇာတ်ကားထဲမှာ တင်ပါးပေါ်အောင် ခါးတောင်းကျိုက်ပြီး လူတွေကြားထဲမှာ လျှောက်သွားရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါတယ်နော်။
KH : ဒီကားရိုက်တုန်းက တက်တူးတွေ ဖျောက်ဖို့အတွက် တစ်ကိုယ်လုံးကို ဆေးတွေခြယ်ထားရတော့ လူကနေရတာ သက်သောင့် သက်သာတော့ မရှိဘူး။ ပုဆိုးကို ခါးတောင်ကျိုက်ပြီး ရိုက်ရတော့ တစ်ချိန်လုံး တင်ပါးကြီးက ပေါ်နေတယ်။ ဖင်ပြောင်ကြီးနဲ့  မြို့ထဲ လူစည်ကားတဲ့နေရာတွေမှာ သွားရိုက်ခဲ့ရတာဆိုတော့ နည်းနည်းတော့ ရှက်တာပေါ့နော်။ အဓိကကတော့ ချွေးစော်နံမှာစိုးတာလေ။ နောက်ပြီးစကားပြောရင်လည်း အော်ပြောရတော့ နည်းနည်းတော့ ပင်ပန်းတယ်။

Voice : ကိုယ်ပေါ်မှာလည်း တက်တူးတွေက အများကြီးထိုးထားတာဆိုတော့ ဆေးနဲ့ ဖျောက်ရတဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့သေးလဲ။
KH : တက်တူးတွေကို ဖျောက်ရတာတော့ တော်တော်ဒုက္ခရောက်ပါတယ်။ ပထမဆုံးနေ့ကဆို ဆေးတွေကို ဂန်းနဲ့မှုတ်တာလေ။ ဆေးတွေက ကိုယ်လုံးပေါ်မှာ အပြည့်မှုတ်ရတာဆိုတော့ ချွေးပေါက်တွေတောင် ပိတ်သလို ဖြစ်သွားတယ်။ ခေါင်းတွေလည်းကိုက်တယ်။ ရိုက်ကွင်းကပြန်တော့ ဆေးတွေ မဖျက်ဘဲ ဒီတိုင်းအိပ်လိုက်တာ ဖျားပါဖျားရော။ နောက်နေ့ကျတော့ ရေဆေးနဲ့ပဲ မှုတ်တယ်။ ရေဆေးကျတော့ ခြောက်သွားရင် ဆေးတွေကွဲသွားတော့ ပြန်ပြန်မှုတ်ရတဲ့ အခက်အခဲတော့ရှိတယ်။

Voice : ဦးခင်လှိုင်၊ ဦးဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံတို့ ပါဝင်ထားတဲ့ ဒရာမာရုပ်ရှင် “အမျိုးတစ်ခြမ်းယုတ်” ကရော ဘယ်တော့လောက်ရုံတင်ဖြစ်မလဲ။
KH : အမျိုးတစ်ခြမ်းယုတ် ရုပ်ရှင်ကတော့ ကျွန်တော်တို့ အားလုံးကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ကားပါ။ အဲ့ဒီလိုဇာတ်ကားမျိုးရိုက်ဖို့ ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့  မယုံကြည်ရဲဘူးပေါ့။ ဇာတ်လမ်းက Romance၊ Drama ဖြစ်နေတယ်။ မိသားစုဇာတ်လမ်းကို အခြေခံထားတယ်ဆိုပေမယ့် Romance လေးတွေလည်း ပါနေတယ်။ ဒီလို ဇာတ်မျိုးက ပြေတီဦး၊ နေတိုး၊ ဇေရဲထက်တို့လို မင်းသားချောချောလှလှတွေ ရိုက်ရမယ့်ကားမျိုးပါ။ မင်းသမီးဆိုလည်း ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ ရွှေမှုံရတီတို့လို မင်းသမီးတွေ ရိုက်ရမှာပါ။ အခုတော့ ကျွန်တော်ရယ်၊ ဒိန်းဒေါင်ရယ်၊ မဂွမ်းရယ်ဆိုတော့ဇာတ်က ကြီးနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့  အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ပရိသတ်တွေကိုလည်း အမြန်ဆုံး ကြည့်ခွင့်ရစေချင်ပါတယ်။

Voice : ဟာသမှာ ပရိသတ်တွေလက်ခံထားတဲ့ သရုပ်ဆောင်သုံးယောက်က ဒရာမာတွေ လုပ်ပြမှာဆိုတော့ အသစ်အဆန်းတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။
KH : ဒီဇာတ်လမ်းက ဒရာမာဇာတ်ဖြစ်နေပေမယ့် ကျွန်တော်တို့ သုံးယောက်စလုံး ကိုယ်လုပ်တတ်သလောက်တော့ ကြိုးစားထားကြတယ်။ ဒါပေမဲ့ ဇာတ်ကားနာမည်ကလည်း အမျိုးတစ်ခြမ်းယုတ်ဆိုတော့ ပရိသတ်တွေက ဟာသကားထင်ပြီး လာကြည့်ပြီးတော့မှ ဒရာမာဖြစ်နေတာကို မချင့်မရဲဖြစ်မှာ စိတ်ပူတာပါ။ ဒီကားကို ရိုက်မယ်ဆိုတော့ အတည်ဟာသပုံစံ ရိုက်မယ်ဆိုပြီး ဒါရိုက်တာနဲ့ တိုင်ပင်ပါသေးတယ်။ ဒါပေမဲ့ ထုတ်လုပ်သူရော၊ ဒါရိုက်တာရောက ကျွန်တော်တို့ ကို လိုင်းတစ်ခု ပြောင်းပေးကြည့်ချင်တယ်ဆိုပြီး ဒီကားကို ရိုက်ပေးခဲ့တာပါ။

Voice : ဒီဇာတ်ကားအပေါ် ပရိသတ်အားပေးမှုအတိုင်းအတာကိုရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
KH : အမျိုးတစ်ခြမ်းယုတ် ရုပ်ရှင်ဇာတ်ကား အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ ပရိသတ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ကတော့ လုပ်တတ်သလောက် အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်က ရှေ့မှာ အက်ရှင်၊ ဒရာမာတွေ ရိုက်ဖူးပေမယ့်၊ တစ်ကားလုံးစာ လုပ်ရတာမဟုတ်ဘူး။ အမျိုးတစ်ခြမ်းယုတ်မှာကျတော့ တစ်ကားလုံးကို ခေါင်းဆောင်အနေနဲ့  လုပ်ရတာဆိုတော့ တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။

Voice : ဒီဇာတ်ကားက ကိုယ့်ဘဝအတွက်ရော အနုပညာမှတ်တိုင် တစ်ခုအနေနဲ့  ဖြစ်သွားနိုင်လား။
KH : ဒီဇာတ်ကားက ကျွန်တော်တို့ အတွက် အမှတ်တရတစ်ခုအနေနဲ့တော့ ရင်ထဲမှာရှိပါတယ်။ ဟာသဇာတ်ကားတွေ အရိုက်များတဲ့ သရုပ်ဆောင်တွေအနေနဲ့ ဒရာမာစစ်စစ် ဇာတ်ကားတစ်ကားကို ရိုက်ခွင့်ရခဲ့တာဆိုတော့လေ။ အနုပညာမှတ်တိုင်တစ်ခု ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာတော့ ဇာတ်ကားရုံတင်တဲ့အချိန်ကျတော့မှ ပရိသတ်အားပေးမှုအတိုင်းအတာကိုကြည့်ပြီး ဆုံးဖြတ်ရမှာပေါ့။ ကျွန်တော်တို့ကတော့ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ “အမျိုးတစ်ခြမ်းယုတ်” ရုပ်ရှင်ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်မရောက်ဆိုတာတော့ ဇာတ်ကားရုံတင်တဲ့အချိန်ကျမှ သိရမှာပေါ့။

သန့်ဇင်ဦး