News

POST TYPE

INTERVIEW

ပါမောက္ခ ဒေါက်တာမော်မော်ဦးနှင့် တွေ့ဆုံခြင်း
18-Jul-2018

ဆေးရုံအချင်းချင်း လူနာလွှဲပြောင်းခြင်း

“ရန်ကုန်လူဦးရေ ခြောက်သန်းလောက်အတွက် လုံလောက်မယ့် ဆေးကုသရေးစနစ်ကိုတော့ အသေအချာစီစဉ်မှဖြစ်မှာ”



တစ်ရုံမှ တစ်ရုံသို့ လူနာလွှဲပြောင်းရာတွင် ဆေးရုံအချင်းချင်းချိတ်ဆက်မှု အခက်အခဲများရှိနေပြီး ယင်းအတွက် တိကျသည့်စနစ်တစ်ခု အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထို့အပြင် လူနာလွှဲပြောင်းရာတွင် ရန်ကုန်ဆေးရုံကြီးကိုသာ အဓိကလွှဲပြောင်းလျက်ရှိသောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ လူနာအတက်အဆင်းများပြားလျက်ရှိသဖြင့် အခြားသောဆေးရုံကြီးများကိုပါ ခွဲဝေလွှဲပြောင်းနိုင်ရေးအတွက် ရန်ကုန်ရှိ အချို့သောဆေးရုံများကို အဆင့်မြှင့်တင်သွားရန်ရှိသည်များနှင့်ပတ်သက်၍ ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ အရေးပေါ်တာဝန်ခံဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆေးရုံတစ်ရုံကနေတစ်ရုံ လူနာလွှဲပြောင်းရတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါဦးဆရာ။
Dr.MMO : လူနာတစ်ယောက်ကို ဆေးရုံ တစ်ရုံကနေတစ်ရုံ လွှဲပြောင်းကုသရတယ်ဆိုတာ ကျန်းမာရေးစနစ်မှာရှိတယ်။ ဘာလို့ ဒီလိုလုပ်ရသလဲဆိုတော့ ဆေးရုံတိုင်းက မပြည့်စုံနိုင်ဘူး။ ဆေးရုံအကြီး၊ အသေးရှိတယ်။ ပစ္စည်းပြည့်စုံတာ၊ မပြည့်စုံတာရှိတယ်။ နောက်တစ်ခုက ဖြစ်တဲ့နေရာနဲ့လည်း ဆိုင်တယ်။ ကျေးလက်တောရွာတွေဆိုရင် မပြည့်စုံဘူး။ ဒီတော့ တစ်ဆင့်ပြီးတစ်ဆင့်ပို့ရတယ်။ ပို့ရတဲ့အချက်ကလည်း သုံးချက်ရှိတယ်။ လူနာတွေအနေနဲ့ ပိုပြီးကောင်းတဲ့ ကုသမှုကိုလိုချင်တယ်။ အဆင့်မြင့်တဲ့ရောဂါရှာဖွေမှု လိုချင်တယ်။ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဖို့ပေါ့။ ဒီအကြောင်းရင်းသုံးခုကြောင့်ပဲ ဆေးရုံတစ်ခုကနေ တစ်ခုကိုလွှဲတာ။ 

Voice : လက်ရှိ လူနာလွှဲပြောင်းနေမှုပုံစံကို ရှင်းပြပေးပါဦးဆရာ။
Dr.MMO : လက်ရှိအခြေအနေအရ မျိုးစုံလွှဲနေကြတယ်။ ဒါက အခက်အခဲပေါ့။ မြန်မာနိုင်ငံမှာ ဆေးရုံကိုလွှဲပေးရတယ်ဆိုတဲ့ကိစ္စက လူနာနဲ့ လူနာရှင်တွေရဲ့တောင်းဆိုချက်ပါ။ ဘယ်ဆေးရုံသွားချင်တယ် ဆိုတာပေါ့။ အခုက စနစ်တကျမရှိသေးဘူး။ လွှဲနေ တာက အစိုးရဆေးရုံကနေ အစိုးရဆေးရုံလွှဲနေကြတယ်။ ပုဂ္ဂလိကဆေးရုံကနေ အစိုးရဆေးရုံ လွှဲနေကြတယ်။ မြို့နယ်၊ တိုက်နယ်ဆေးရုံတွေဆိုရင် ခရိုင်ဆေးရုံ၊ တိုင်းနဲ့ ပြည်နယ်ဆေးရုံ၊ ဗဟိုအဆင့်တွေကိုလွှဲပြီး ကုသမှုလိုတယ်။ အများစုက အပေါ်ကပြောခဲ့တဲ့ အချက်သုံးချက်နဲ့တောင် မဆိုင်ဘူး။ ပုဂ္ဂလိက ဆေးရုံမှာတက်နေရင်းနဲ့ ငွေရေးကြေးရေး မတတ်နိုင်တော့တဲ့ အခြေအနေတွေမှာ အစိုးရဆေးရုံကို ပြောင်းချင်တယ်ဆိုတာတွေရှိတယ်။ ဒီတော့ အစိုးရဆေးရုံကို လွှဲတဲ့အခါမှာလည်း အပိုင်းနှစ်ပိုင်းရှိသွားတယ်။ အထူးကုဆေးရုံတွေကို လွှဲရတာနဲ့ အထွေထွေရောဂါကု ဆေးရုံတွေကို လွှဲရတာရှိတယ်။ အခုလောလောဆယ်မှာလွှဲတာက စနစ်တကျမဟုတ်သေးဘူး။ ဆေးရုံတွေ အားလုံးမှာ လူတွေပြည့်သိပ်ပြီး ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်တယ်။ အထူးသဖြင့်တော့ ရန်ကုန်ဆေးရုံကြီးမှာ လူနာ အတက်၊ အဆင်း များတယ်။

Voice : ဟုတ်ကဲ့။ လူနာလွှဲတဲ့အခါမှာ ဆေးရုံက လူနာတင်ယာဉ်နဲ့ ဘယ်လိုလူနာတွေကို အဓိကထားလွှဲပေးနေတာပါလဲ။
Dr.MMO : လွှဲတဲ့အခါမှာ လူနာတိုင်းကို လူနာတင်ယာဉ်နဲ့ လွှတ်နေရမှာလားဆိုတော့ မဟုတ်ဘူး။ ပြည်သူလူထုကို သိစေချင်တာက ဆေးရုံတစ်ရုံကနေ တစ်ရုံကိုလွှဲတာ လူနာတင်ယာဉ်နဲ့ပဲ သွားစရာမလိုဘူး။ ဥပမာ- မော်လမြိုင်က အရိုးအကြောရောဂါဖြစ်တဲ့ လူနာကို အရိုးဆေးရုံကို လွှဲမယ်ဆိုရင် စာပို့မယ်။ လွှဲစာရေးပေးရင် အဲဒီဆေးရုံမှာ လူနာကသွားပြလို့ရပါတယ်။ ဒီတော့ အရေးပေါ်လူနာနဲ့ ရိုးရိုးလူနာကို လွှဲပုံလွှဲနည်းချင်းမတူဘူး။ ရိုးရိုးလူနာဆိုရင် ကိုယ့်ဘာသာကိုယ်သွားချင်သွားရမယ်။ လူနာတွေကို နားလည်စေချင်တာက လွှဲတယ်ဆိုရင် အကုန်တာဝန်ယူပြီးတော့ လိုက်ပို့ပေးရမယ်လို့ မဆိုလိုဘူး။ ရောဂါ ပြင်းထန်တဲ့သူနဲ့ အသက်အန္တရာယ်ရှိတဲ့သူကိုတော့ ဆေးရုံတွေက တာဝန်ယူပြီးတော့ လွှဲသင့်ပါတယ်။ လူနာတင်ယာဉ်လိုအပ်ပြီး လွှဲပြောင်းကုသတဲ့ လူနာတွေဆိုရင်တော့ လောလောဆယ် ဆေးရုံတိုင်းက ကိုယ့်ဆေးရုံက လူနာတင်ယာဉ်နဲ့ပို့ပေးတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဆေးရုံတိုင်းနီးပါးလောက်ကို လူနာတင်ယာဉ်ပေးထားတယ်။ မြို့နယ်အဆင့် ဆေးရုံလောက်အထိကတော့ လူနာတင်ယာဉ်ရှိပါတယ်။

Voice : ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေများလာတယ်ဆိုတော့ ဒါက လူနာလွှဲပြောင်းမှုစနစ်တွေကြောင့်လို့ရော ပြောလို့ရပါသလား။
Dr.MMO : လူနာလွှဲပြောင်းတဲ့ စနစ်ကြောင့်လားဆိုရင်တော့ တိုက်ရိုက်တော့မဟုတ်ပေမယ့် သူတို့ကြောင့်လည်း ပါပါတယ်။ နှလုံးရောဂါဌာနဆိုရင် ရန်ကုန်ဆေးရုံကြီးတစ်ခုတည်းမှာရှိသလိုဖြစ်နေတယ်။ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာလည်းရှိတယ်။ သွားလည်း သွားကြတယ်။ ဒါပေမဲ့ ရန်ကုန်ထဲက လူဦးရေအတိုင်းလာရင်တောင်မှ ဒီအထူးကုဌာနတွေက မလွယ်ဘူး။ နိုင်ငံခြားမှာက အထူးကုနဲ့ပြဖို့က စနစ်အရ တိုက်ရိုက်သွားပြလို့မရဘူး။ ဒီမှာက အထူးကုဌာနကို လူနာကမောလို့ နှလုံးရောဂါထင်ပြီး လာပြကြတယ်။ ဒါကို GP ကို ဖြစ်ဖြစ် ပြပြီးမှ လွှဲရင်တော့ လူနာက နည်းသွားမယ်။ လူနာတွေက တိုက်ရိုက်အထူးကုလာပြနေကြတာ။ အားလုံးက အထူးကုကြည့်မှ၊ အထူးကုကဆင်းမကြည့်ဘဲ ဆရာဝန်အငယ်လေးတွေက ဆင်းကြည့်ရင်တောင် မကြိုက်ဘူး။ လူနာတွေက အစိုးရဆေးရုံတွေကို ပုဂ္ဂလိကဆေးရုံတွေလိုထင်ပြီး လာနေကြတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာတော့ အထူးကုတစ်ယောက်ဟာ ကြည့်ချင်တဲ့ လူနာကို တိုက်ရိုက်ကြည့်မှာပေါ့။ အရေးပေါ်ဌာနက ဘယ်သူမဆိုပြလို့ရတယ်။ အသေးစားပဲဖြစ်ဖြစ်၊ အလယ်အလတ်ပဲဖြစ်ဖြစ်၊ ဆိုးရွားတဲ့ အခြေအနေပဲဖြစ်ဖြစ် ပြလို့ရတယ်။ ကျန်တဲ့အခြေအနေမှာဆိုရင်တော့ စောင့်ရင်လည်း စောင့်ရတယ်။

Voice : ရန်ကုန်ဆေးရုံကြီးမှာ လူနာများရတဲ့ အကြောင်းက ဆေးရုံတိုင်းက မပြည့်စုံဘူးဆိုတာနဲ့ သက်ဆိုင်သလားဆရာ။
Dr.MMO : အပေါ်ကပြောခဲ့တဲ့ လွှဲပြောင်းသင့်တဲ့ အချက်သုံးချက်နဲ့ မဟုတ်ဘဲလွှဲရင် ဆေးရုံတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ ရန်ကုန်ဆေးရုံကြီးက ဗဟိုအဆင့်ဆေးရုံကြီးဖြစ်တယ်။ အထူးကုဌာနတွေအကုန်ရှိတယ်။ ဘာသာရပ်အကုန်ရှိတယ်။ တချို့အထူးကုဌာနတွေက မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အင်းစိန်ဆေးရုံတွေမှာလည်းရှိတယ်။ ဘယ်ဆေးရုံမှာ ဘယ်ဌာနတွေရှိတယ်ဆိုတာကို လွှဲတဲ့ဆေးရုံ၊ ဆေးခန်းတွေက သိရမယ်။ လူနာတိုင်းကို ရန်ကုန်ဆေးရုံကြီးကို လွှဲရင်တော့ ဒီလိုပဲ လူနာတွေ မနိုင်မနင်းဖြစ်နေမှာပါ။ လွှဲပြောင်းတဲ့အခါမှာလည်း ပိုပြည့်စုံတဲ့ဆေးရုံကို လာချင်ကြတာတော့ သဘာဝပဲ။ ဒီအတွက် ဝန်ကြီးဌာနကလည်း ရန်ကုန်က ဆေးရုံတွေကို အဆင့်မြင့်တင်နေပါတယ်။ အခုဆိုရင် မြောက်ဥက္ကလာပဆေးရုံမှာ ရန်ကုန်ဆေးရုံကြီးလိုပဲ အရေးပေါ်ဌာနတို့၊ ဦးနှောက်ခွဲစိတ်ဌာနတို့ ရှိနေပြီ။ လွှဲပြောင်းကုသတဲ့စနစ်ကို ပြုပြင်ဖို့လုပ်နေပြီ။ ဒီ့အပြင် သန်လျင်နဲ့ လှိုင်သာယာဆေးရုံတွေကို အဆင့်မြှင့်တာတွေလုပ်နေသလို ဆေးရုံအသစ်တွေလည်း ထပ်မံဆောက်လုပ်သွားဖို့ ရှိတယ်။ ရန်ကုန်လူဦးရေ ခြောက်သန်းလောက်အတွက် လုံလောက်မယ့် ဆေးကုသရေးစနစ်ကိုတော့ အသေအချာစီစဉ်မှဖြစ်မှာ။ ဒီလိုပဲ ဆေးရုံချင်းချိတ်ဆက်မှု၊ လွှဲပြောင်းမှုစနစ်တွေ အသေအချာတည်ဆောက်မှဖြစ်မှာ။

Voice : ဟုတ်ကဲ့ ဆရာ။ ဆရာတို့ဆီမှာ စနစ်တွေကလည်း လုပ်ဖို့လိုအပ်နေသေးတော့ ဆရာတို့အတွက် အားလုံးအဆင်ပြေသွားဖို့အတွက် စိန်ခေါ်မှုက ဘာတွေ ဖြစ်နိုင်မလဲ။
Dr.MMO : ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဒီစနစ်ကို ပြန်ပြီးပြင်ဆင်ဖို့လုပ်နေတယ်။ စနစ်ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာကို ဆာဗေးလုပ်နေပါတယ်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်အနေနဲ့ လည်း ဆေးရုံကို လူနာအလာများရတဲ့အကြောင်းကို သုတေသနလုပ်နေတာရှိတယ်။ တစ်နှစ်လုပ်မယ်။ ဒီသုတေသနထွက်လာရင် ဘာကြောင့်လွှဲတယ်၊ ဘယ်ကပို့တယ်၊ လူနာကြောင့်လား၊ ဆရာဝန်ကြောင့်လား၊ ပစ္စည်းမပြည့်စုံလို့လား စသဖြင့် ပြန်လုပ်ဖို့အတွက် အချက်အလက်တွေ စုဆောင်းနေပါတယ်။ စနစ်တစ်ခုကိုပြောင်းဖို့ အချက်အလက်ကတော့ လိုတယ်။ အရင်ကတော့ ဆေးရုံတစ်ရုံကနေ တစ်ရုံကိုလွှဲတာ စနစ်ကျတယ်။ ဒီတော့ လွှဲရင် ဘာလိုသလဲ။ ဘယ်ဆေးရုံကနေ ဘယ်ဆေးရုံကိုလွှဲလွှဲ လွှဲပြောင်းရတဲ့အကြောင်းက အရေးကြီးပါတယ်။ အဲဒီအကြောင်းအရင်း ခိုင်မာမှလွှဲရမှာ။ မခိုင်မာရင် တစ်ဖက်က ဆေးရုံမှာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာလေ။ လွှဲပြောင်းမယ် ဆိုရင်လည်း ကြိုတင်အကြောင်းကြားရတယ်။ အခုက တချို့ ချိတ်ဆက်မိတဲ့ ဆေးရုံတွေကပဲ အကြောင်းကြားတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ