News

POST TYPE

INTERVIEW

ပဲခူးမြို့ခံ ပွဲရုံပိုင်ရှင် ဦးဝင်းမင်းတို့ ဇနီးမောင်နှံနှင့် တွေ့ဆုံခြင်း
18-Jul-2018

“အရွယ်ကလည်း အသက် ၄၀ ရိုးရိုးအအ ပုံစံဆိုတော့ ခေါ်လာလိုက်တယ်။ အိမ်မှာလုပ်တာ ရှစ်ရက်ပဲရှိသေးတယ်။ မုဒိမ်းကျင့်ခံရပါတယ်ဆိုပြီး ထွက်ပြေးသွားရော”

အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုပုဒ်မဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော မခင်မာမြင့် (ခ) မခင်မာညိုမှာ လွန်ခဲ့သည့် သုံးလကျော်က ပဲခူးမြို့ အမှတ် (၃) ရဲစခန်းတွင်လည်း ပွဲရုံပိုင်ရှင်တစ်ဦး၏ လူယုံတပည့် အမျိုးသားတစ်ဦးကို မုဒိမ်းမှုဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး ၎င်းအိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သည့် ပွဲရုံပိုင်ရှင် ဦးဝင်းမင်းတို့ ဇနီးမောင်နှံကို The Voice Daily သတင်းစာမှ သွားရောက်တွေ့ဆုံမေးမြန်းမှုအား ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Voice : အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုပုဒ်မနဲ့ တရားလိုပြု အမှုဖွင့်ထားတဲ့ အမျိုးသမီးက အရင်က အစ်ကို့အိမ်မှာ အိမ်အကူလုပ်ခဲ့ဖူးတယ်လို့သိရပြီး အစ်ကို့ တပည့်လေးကိုလည်း မုဒိမ်းမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကြားမိတယ်။ အဲဒါ ဟုတ်မဟုတ် အတည်ပြုပေးပါခင်ဗျာ။
ဦးဝင်းမင်း : မင်းသား သီဟတင်စိုး မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းတွေမှာ ဖတ်မိတယ်။ အိမ်ဖော် မခင်မာမြင့်က သူ မုဒိမ်းကျင့်ခံရပါတယ်၊ အဒေါ်ဖြစ်သူ ဒေါ်ညိုရှိရာကို ထွက်ပြေးခဲ့တယ်လို့ သတင်းတွေမှာ ပါတယ်။ ကျွန်တော့်အိမ်မှာ အိမ်အကူလုပ်သွားတုန်းက သူ့နာမည်က မခင်မာညို။ နောက်ဆုံးပိတ် နာမည်မှာ မြင့်နဲ့ညို လွဲနေတာကြောင့် သူ (အိမ်အကူ) ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ မနေ့က The Voice ဖေ့စ်ဘွတ်ခ်မှာ သူ့ကို အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်တက်လာတယ်။ မျက်နှာဝါးထားပေမယ့် အသံနဲ့ ကိုယ်နေဟန်ထားကြည့်ပြီး သူမှန်းသိလိုက်တယ်။ ခဏကြာတော့ မျက်နှာမဖျက်ထားတဲ့ ပုံတွေ ထပ်တက်လာတယ်။ သူက ကျွန်တော့်တပည့်ကိုလည်း မုဒိမ်းမှုနဲ့ လက်ရှိတရားစွဲဆိုထားတယ်။ 

Voice : အစ်ကို့တပည့် မုဒိမ်းမှုနဲ့ တရားစွဲဆိုခံရတဲ့ ဖြစ်စဉ်လေးကို ပြောပြပေးပါဦး။ 
ဦးဝင်းမင်း : မှတ်မှတ်ရရ အဲဒီနေ့က တပေါင်းလပြည့်နေ့။ ကျွန်တော်တို့ မိသားစုတစ်စုလုံး ရန်ကုန်သွားကြတာ။ အိမ်မှာ ဘယ်သူမှမကျန်ခဲ့လို့ သူ့ကို ဥဿာမြို့သစ်မှာရှိတဲ့ ကျွန်တော်ပိုင်တဲ့ သကြားဂိုဒေါင်မှာ သွားထားခဲ့တယ်။ ဂိုဒေါင်ဆိုပေမယ့် ရုံးခန်းတွေ ဘာတွေရှိတယ်။ အလုပ်သမားတွေ ရှိတယ်။ ညနေ ပဲခူးပြန်လာတော့ သူက မရှိတော့ဘူး။ ည ၁၀ နာရီအထိ ပဲခူးမြို့ထဲ သူ့ကိုပတ်ရှာတယ်။ မတွေ့ဘူး။ သူ့ခေါ်လာတဲ့ တာမွေ ၁၅၃ လမ်းက အကျိုးဆောင် ဦးဌေးဝင်းကို ဖုန်းဆက်အကြောင်းကြားတော့ ဟိုဘက်က ပြန်ပြောတယ်။ ကိုဝင်းမင်းရယ် ရှာမတွေ့လည်း သိပ်စိတ်ပူမနေပါနဲ့။ ဒီအမျိုးသမီးက အသက်လည်း ကြီးနေပြီ။ လူငယ်မှ မဟုတ်တာ။ အချိန်တန် ပြန်တွေ့မှာပါတဲ့။ နောက်နေ့ မနက်ခြောက်နာရီထိုးတော့ ရန်ကုန်က ဖုန်းဝင်လာတယ်။ မခင်မာညိုကို ပြန်တွေ့ ပြီ။ ခင်ဗျားတပည့် အောင်နိုင်ထွန်းက သူ့ကို မုဒိမ်းကျင့်လို့ ထွက်ပြေးလာတာလို့ပြောတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ထူပူသွားတာပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး။ တပည့်ဖြစ်သူကို ခေါ်မေးတော့ သူမကျူးလွန်ဘူးလို့ ဖြေတယ်။ သုံးရက်မြောက်နေ့မှာ သူတို့အဖွဲ့ နောက်ဆုံးပေါ် မော်ဒယ်လ် CROWN ကားနဲ့ အိမ်ရောက်လာပြီး အမှုမဖွင့်စေချင်ရင် သိန်းတစ်ရာပေးရမယ်လို့ ပြောတယ်။

Voice : သိန်းတစ်ရာပေးရင် အမှုမဖွင့်ဘူးလို့ အိမ်လာပြောသူတွေက ဘယ်သူတွေလဲ ခင်ဗျာ။
ဦးဝင်းမင်း : အိမ်အကူ မခင်မာညိုရယ် သူ့ခေါ်လာတဲ့ ထွန်းတောက် အကျိုးဆောင်က ဦးဌေးဝင်းရယ် အိမ်ဖော်ပွဲစား ဒေါ်ညိုရယ်နဲ့ နောက်နှစ်ယောက် ပါလာသေးတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။ စုစုပေါင်းငါးယောက်ပေါ့။ သူတို့က သိန်းတစ်ရာတောင်းတယ်။ ကျွန်တော့် တပည့်ကလည်း သူ မကျူးလွန်ခဲ့ဘူး ပြောနေတာကြောင့် သူတို့အဖွဲ့ကို ရဲစခန်းမှာ သွားရှင်းခိုင်းလိုက်တယ်။ 

Voice : ရဲစခန်းရောက်တော့ သူတို့ဘာတွေ ဆက်ဖြစ်ကြလဲခင်ဗျ။ 
ဦးဝင်းမင်း : ကျွန်တော့်တပည့်က သူ့ကို မုဒိမ်းကျင့်ပါတယ်။ သူက အပျိုကြီးပါတဲ့။ မနေ့က ဖေ့စ်ဘွတ်ခ်မှာ တက်လာတဲ့ အင်တာဗျူးထဲမှာကျ သူက အိမ်ထောင်နဲ့ပါ။ အသက် ၇၀ သူ့ ယောကျာ်းက လေဖြတ်နေတယ်။ ၁၈ နှစ်အရွယ် သားတစ်ယောက်က အိမ်ထောင်ကျသွားပြီ။ ခုလို စော်ကားခံရတာမျိုး တစ်ခါမှမကြုံဖူးဘူးလို့ ပြောသွားတယ်။ ဒါ လိမ်နေတာ။ သူတို့ကြောင့် သီဟတင်စိုးတို့ မိသားစုမှာလည်း ပူလောင်နေရပြီ။ အိမ်ထောင်ဦးစီးချင်း စာနာမိတာကြောင့် ဒီကိစ္စအမှန်တရားတိုင်း ပေါ်ပေါက်အောင် ကျွန်တော်တတ်နိုင်တဲ့ဘက်က ကူညီခဲ့တာပါ။ 

Voice : အမှန်တရား ပေါ်ပေါက်အောင် အစ်ကို့ဘက်က ဘယ်လိုများ ဆောင်ရွက်ခဲ့သလဲ သိပါရစေ။ 
ဦးဝင်းမင်း : သီဟတင်စိုးကို မုဒိမ်းမှုနဲ့ အမှုဖွင့်တဲ့ မခင်မာမြင့်ဆိုတာ ကျွန်တော့် တပည့်ကိုလည်း မုဒိမ်းမှုနဲ့ အမှုဖွင့်တိုင်ကြားထားတဲ့ မခင်မာညိုမှန်း သိလိုက်ရတာကြောင့် ရန်ကုန်က တူဆီ ဖုန်းဆက်သွယ်ခဲ့တယ်။ ကျွန်တော့်တူက မင်းမော်ကွန်းနဲ့ သူငယ်ချင်းတွေ။ အဲဒီကနေတစ်ဆင့် ဦးဇင်ဝိုင်းဖုန်း ရလိုက်တယ်။ ဦးဇင်ဝိုင်းကို အကြောင်းစုံပြောပြတော့ သူက ချက်ချင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဆီ ချက်ချင်းဆက်သွယ် စုံစမ်းတယ်။ သတင်းက မြန်ချက်ဗျာ။ ည ၇ နာရီမှာ ဦးဇင်ဝိုင်းဆီက ဖုန်းဝင်လာတယ်။ သီဟတင်စိုးကို အမှုဖွင့်တိုင်ကြားသူက ကိုဝင်းမင်းတပည့်ကိုလည်း မုဒိမ်းမှုနဲ့ တရားစွဲဆိုထားသူတဲ့။ မဇင်မာဦးနဲ့ အဆက်အသွယ်ရချင်တယ်။ ကျွန်တော့်ဆီမှာ ဒီမိန်းမနဲ့ပတ်သက်ပြီး CCTV မှတ်တမ်းတွေရှိတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် လုပ်ပေးနိုင်တဲ့ဘက်က ကူညီပေးချင်တယ်။ ဒီမိန်းမ (အိမ်အကူ) ခုလို လုပ်စားနေတာကြောင့် အားလုံး ဒုက္ခတွေရောက်ကုန်လိမ့်မယ်။

Voice : ဒီအမျိုးသမီးက အစ်ကိုတို့အိမ်မှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်ခဲ့သလဲ။ ဘယ်သူ့အဆက်အသွယ်နဲ့ ခေါ်ခဲ့တာလဲဆိုတာ ပြောပြပေးပါ။ 
ဦးဝင်းမင်း၏ ဇနီး : ရန်ကုန်တက်ပြီး သူ့ကို ကျွန်မကိုယ်တိုင် သွားခေါ်ခဲ့တာ။ တာမွေ ၁၅၃ လမ်းက ထွန်းတောက်အကျိုးဆောင် လုပ်ငန်းကနေ။ အဲဒီက အကျိုးဆောင် ဦးဌေးဝင်းက အပျိုကြီး မခင်မာညိုကို ခေါ်သွား၊ အဆင်ပြေမယ်ဆို သူက နင့်အိမ်မှာ တစ်သက်လုံးနေမှာ။ ကလေးတွေရဲ့ ဝေယျာဝစ္စတွေအကုန် သူကောင်းကောင်း လုပ်တတ်တယ်တဲ့။ အရွယ်ကလည်း အသက် ၄၀ ရိုးရိုးအအ ပုံစံဆိုတော့ ခေါ်လာလိုက်တယ်။ အိမ်မှာ လုပ်တာ ရှစ်ရက်ပဲ ရှိသေးတယ်။ မုဒိမ်းကျင့်ခံရပါတယ်ဆိုပြီး ထွက်ပြေးသွားရော။ ဒီမိန်းမပုံစံက ထူးတော့ထူးခြားတယ်။ ဒီအတိုင်းဆို သူ့ပုံစံက မထုံတက်သေး။ ယောကျာ်းလေးတွေနဲ့ဆို ပြီတီတီ စပ်ဖြဲဖြဲနဲ့။ အဲလိုပုံစံ လုပ်နေတာမြင်ရင် ကျွန်မက အရှက်ကွဲအောင် အော်ပစ်လိုက်တာ။ လူတွေအမြင်မှာတော့ ကျွန်မက အပေါက်ဆိုးတယ်။ ဒါပေမဲ့ အဲလို လုပ်ထားတာတောင် ပြဿနာက ထဖြစ်သွားလေ။ 

Voice : လက်ရှိ ပဲခူးတရားရုံးမှာ မုဒိမ်းမှုနဲ့ တရားစွဲဆိုခံရတဲ့ တပည့်ဖြစ်သူရဲ့ တရားရင်ဆိုင်နေမှု အခြေအနေကို ပြောပေးပါဦး။
ဦးဝင်းမင်း၏ ဇနီး : အိမ်က အလုပ်သမား မုဒိမ်းမှုနဲ့ တရားစွဲခံရတော့ ကျွန်မတို့ လင်မယား အတော်လေး အရှက်ရခဲ့တယ်။ နောက်ဆက်တွဲ အမှုအခြေအနေလည်း မေးမနေတော့ဘူး။ ဒီအမှု ရမန်နှစ်ပတ်မှာ ပွဲစားဒေါ်ညိုက ၁၅ သိန်းပေးရင် အမှုကျေအေးပေးမယ်လို့ တရားစွဲဆိုခံရသူရဲ့ အမေကိုပြောတယ်။ ဒါပေမဲ့ ဒီဘက်ကလည်း ထုတ်မပေးခဲ့ဘူး။ ဒီကိစ္စတွေကို ပွဲစားဒေါ်ညိုက နောက်ကွယ်ကနေ ကြိုးကိုင်ကစားနေတာ။ 

Voice : အိမ်ခေါ်ထားတဲ့ အိမ်အကူ မုဒိမ်းကျင့်ခံရတယ်လို့ အမှုဖွင့်ခံရစဉ် အချိန်မှာ အိမ်ရှင်အစ်ကိုတို့ လင်မယားပေါ့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရသလဲဆိုတာကို ပြောပေးပါဦး။ 
ဦးဝင်းမင်း : စဖြစ်ချိန်တုန်းကဆို ကျွန်တော်တို့ အတော်ဖြေရှင်းခဲ့ရတာ။ ဂိုဒေါင်ရှိတဲ့ ကျွန်တော့်ခြံဆို ပဲခူးသားတွေက ကိုဝင်းမင်းခြံလို့ မခေါ်ကြတော့ဘူး။ သက်ကြီး မုဒိမ်းခြံလို့ အခုထိ ခေါ်နေတုန်း။ အဲ့ဒီခြံထဲမှာ ကျွန်တော့်တပည့်က မခင်မာညိုကို မုဒိမ်းကျင့်သွားတယ်လို့ နောက်ပြောင်ခေါ်ကြရာက အတည်ဖြစ်သွားတာ။ ကျွန်တော်တို့ထက် သီဟတင်စိုးတို့ လင်မယားမှာက ဖိအားပိုပြင်းတာပေါ့။ အခုဆို သူ့ကလေးတွေလည်း မျက်နှာငယ်ရရှာပြီ။ လင်မယားနှစ်ယောက်လည်း အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်ရတယ်။ သီဟတင်စိုးက မလုပ်ခဲ့ဘူးဆို ဒီအိမ်ဖော် အမျိုးသမီးတော့ နာပြီ။ သူတင်မဟုတ်ဘူး သူ့နောက်ကွယ်က လူတွေပါ ဖော်ထုတ်အရေးယူစေချင်တယ်။

Voice : ဒီအမှုနှစ်ခုနဲ့ ပတ်သက်ပြီး အစ်ကိုတို့ဘက်က နောက်ထပ် ဘာများဖြည့်စွက်ပြောကြားချင်သေးလဲခင်ဗျာ။ 
ဦးဝင်းမင်း၏ ဇနီး : အိမ်ဖော်ခေါ်ရမှာ ကြောက်တောင် ကြောက်လာပြီ။ အခုလို မရိုးသားသူတွေကြောင့် အိမ်အကူခေါ်ဖို့ လိုအပ်နေတဲ့ အိမ်ရှင်မတွေအတွက်တော့ အတော်လေး အခက်အခဲ ရှိလာပြီ။ အိမ်မှာ ညအိပ် အိမ်ဖော်မခေါ်ရဲတော့လို့ အခုဆို အိမ်ကိစ္စတွေ ကူလုပ်ပေးဖို့ အစ်မဖြစ်သူကို ခေါ်ထားရတယ်။ သူ့ အကုသိုလ်နဲ့ သူသွားမှာ။ အမှန်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
 
ခိုင်စိုးလင်း