News

POST TYPE

INTERVIEW

ပက်ထရစ်ရှာနဲ့ တွေ့ဆုံခြင်း
12-Jul-2018

“ညီမကတော့ အိမ်ထောင်ပြုဖို့  မစဉ်းစားချင်သေးဘူး။ ကိုယ့်အသက်အရွယ်မှာ လွတ်လွတ်လပ်လပ် နေချင်သေးတယ်”

သရုပ်ဆောင်ပက်ထရစ်ရှာနဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ ဇာတ်လမ်းရွေးချယ်ရိုက်ကူးမှုတွေအကြောင်း၊ အချစ်ရေးအကြောင်း၊ Body Shaming လုပ်ခံရတဲ့ မိန်းကလေးတွေအတွက် အားပေးစကားတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ပက်ထရစ်ရှာရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်းကနေ စပြီးပြောပြပေးပါဦး။
P : ညီမ ရိုက်ထားတာက ရုပ်ရှင်ကားကြီးတွေ များပါတယ်။ တစ်လောက ကိုမြင့်မြတ်နဲ့ ရုပ်ရှင်ကားကြီးဆို ဇာတ်လမ်းလေး အရမ်းကောင်းတယ်။ အဲဒီကားထဲမှာ ညီမက မွေးစားသမီးပေါ့နော်။ ကိုယ့်ကို မွေးစားထားတဲ့ အမေကတော့ ကိုယ့်ကိုချစ်တယ်။ သူ့ရဲ့ သမီးအရင်းကတော့ ကိုယ့်ကိုမလိုလားဘူး။ ကိုယ့်ကို နှိမ်တယ်ပေါ့။ ကိုယ်က ထမင်းဆိုင်မှာ အလုပ်ဝင်လုပ်ရတယ်ပေါ့။ ဇာတ်လမ်းလေးက ဒရာမာ ဇာတ်ကားကောင်းလေးပါပဲ။ နောက်ထပ် ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ တချို့ ကားတွေက ဇာတ်လမ်းတွေ ပြောင်းလိုက်တော့ ရိုက်ဖြစ်၊ မရိုက်ဖြစ်မသေချာသေးဘူး။

Voice : ကားရိုက်နည်းနေတာက အရင်ကလိုပဲ ဇာတ်လမ်းရွေးတာ ကြေးများနေတုန်းမို့လား။
P : အရင်ကလောက်လည်း ကြေးများလို့ကောင်းတဲ့ အချိန်မဟုတ်တော့ဘူးလေ။ အဲဒါကြောင့် အခု နောက်ပိုင်းဆိုရင် ကိုယ့်အတွက်လည်း နေရာကောင်းတစ်ခုရတယ်၊ လုပ်ကွက်လည်း မျှမျှတတရှိတယ်ဆိုရင် ရိုက်ပါတယ်။ ကိုယ့်ဇာတ်ဖြစ်မှ ရိုက်မယ်ဆိုတာမျိုးတော့ မဟုတ်တော့ဘူး။ ကိုယ်သဘောကျတဲ့ မင်းသားဖြစ်မယ်၊ ပရိသတ်အားပေးမှုများတဲ့ သရုပ်ဆောင်တွေနဲ့ပါဝင်ပြီး သရုပ်ဆောင်ရမယ့် ကားမျိုးဆို ညီမရိုက်ပါတယ်။

Voice : ဇာတ်လမ်းတွေ သိပ်မရွေးချင်တော့တာက ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေနဲ့ အဆက်ပြတ်သွားမှာ စိုးလို့လား။
P : ဇာတ်ကားအထွက်ကျဲရင် ကိုယ့်ပရိသတ်တွေနဲ့  အဆက်ပြတ်သွားမှာလည်း ကြောက်တာပေါ့နော်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေကလည်း ကိုယ့်ကိုပျောက်သွားတာမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ဇာတ်လမ်းတွေ ရွေးတဲ့အခါမှာ အရင်လောက် ကြေးမများတော့တာပေါ့။ အဓိက,ကတော့ ပရိသတ်တွေကို ကိုယ့်ဇာတ်ကားလေးတွေ အဆက်မပြတ် ကြည့်စေချင်တာကြောင့်ပါ့။ ကိုယ့်ဇာတ်ကားတွေ များများကြည့်ရရင် ပရိသတ်တွေလည်း သဘောကျမယ်ထင်ပါတယ်။

Voice : အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ရော အေးအေးဆေးဆေးပဲလား။ ကိုယ်သုံးနေတဲ့ လူမှုကွန်ရက်တွေမှာ ပုံတွေတင်တာတော့ မတွေ့ရတော့ဘူး။
P : အရင်တုန်းကဆို ပုံတွေတင်ခဲ့တယ်ပေါ့နော်။ အခုကျတော့ ကိုယ်ဘာလုပ်လုပ် ဖေ့စ်ဘွတ်ခ်မှာ တင်တာမျိုး မလုပ်ချင်တော့ဘူး။ ငယ်ငယ်တုန်းကဆို စိတ်ညစ်ရင်ညစ်တယ်၊ ကိုယ်ဘာတွေ ခံစားနေရတယ် ဆိုတာကို ရေးပြီးတင်တယ်။ အခုကျတော့ ကိုယ့်ဘဝကို သီးသန့်လေး နေချင်တော့တယ်။ ကိုယ်ဘာလုပ်လုပ် သိပ်မတင်တော့ဘူး။ ကိုယ့်အနုပညာနဲ့ ပတ်သက်တာတွေတောင်မှ ပုံမှန်မတင်ဖြစ်ဘူး။ ကိုယ့်ပရိသတ်တွေ ကြည့်လို့ရအောင်သာ တစ်ခါတလေ ဓာတ်ပုံလေးတွေ တင်ပေးတာပါ။

Voice : ချစ်သူနဲ့နှစ်ယောက် လက်တွဲဖို့ကျတော့ရော ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။
P : ကိုယ့်အရွယ် မိန်းကလေးတွေထဲမှာ အိမ်ထောင်ပြုသွားတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။ အဲဒါကတော့ သူတို့ခံယူချက်နဲ့သူပေါ့။ ညီမကတော့ အိမ်ထောင်ပြုဖို့ မစဉ်းစားချင်သေးဘူး။ ပျော်ချင်သေးတယ်။ ကိုယ့်အသက်အရွယ်မှာ လွတ်လွတ်လပ်လပ် နေချင်သေးတယ်။ ယောကျာ်း မယူချင်သေးဘူး။ ရည်းစားပဲထားမယ်။ အိမ်ထောင်မပြုချင်သေးဘူး။ 

Voice : ဒီနေ့ခေတ်မှာ မိန်းကလေးတစ်ယောက် ပိန်တာ၊ ဝတာအပေါ်မူတည်ပြီး Body Shaming လုပ်ကြတာမျိုးတွေ ရှိတယ်။ ဒီအပေါ်မှာ ကိုယ်လည်း မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုအမြင်မျိုးရှိလဲ။
P : Body Shaming ကိစ္စကတော့ ညီမတို့ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ ပြည်ပနိုင်ငံတွေမှာလည်း ရှိတယ်ပေါ့နော်။ ဝရင်လည်း ဝလို့၊ ပိန်ရင်လည်း ပိန်လို့၊ အရပ်ပုလို့၊ အရပ်ရှည်လို့ဆိုပြီး မျိုးစုံပြောကြတာ။ညီမဆိုလည်း မော်ဒယ်လ်လုပ်တုန်းက ပိန်ရှည်ကြီး၊ ကလန်ကလားကြီးဆိုပြီး အပြောခံရတာမျိုးရှိတယ်။ ဝတော့လည်း ဝတယ်ဆိုပြီး ပြောခံရတယ်။ ဘယ်ဘက်ကမှ မလွတ်ဘူး။ ညီမကတော့ Body Shaming  လုပ်တာကို မကြိုက်ဘူး။ ကိုယ်လည်း သူများကို မပြောဘူး။ ဘယ်သူမှ Perfect ဖြစ်တာ မရှိပါဘူး။

Voice : Body Shaming လုပ်ခံရတဲ့ မိန်းကလေးတွေကိုရော ဘယ်လိုမျိုး စိတ်ဓာတ်ခွန်အားပေးချင်လဲ။
P : Body Shaming လုပ်နေတဲ့ သူတွေကို ပြောချင်တာကတော့ ကိုယ့်ကိုလည်း အဲဒီလိုပြောရင် ကြိုက်လားပေါ့။ ညီမကတော့ လူလူချင်း ကိုယ်ချင်းစာစိတ်လေးထားပြီး အပြောအဆို ဆင်ခြင်စေချင်ပါတယ်။ Body Shaming လုပ်ခံရတဲ့ မိန်းကလေးတွေကို ပြောချင်တာကတော့ ဘယ်သူဘာပြောပြော ဂရုကိုမစိုက်နဲ့  ကိုယ်လှတယ်ထင်ရင် ကိုယ့်ဟာကိုယ် ကြိုက်တာဝတ်ပေါ့။ ဝတာပိန်တာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ဟာကိုယ် ဝတ်ချင်တာဝတ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရှင်သန်ပါလို့ ပြောချင်ပါတယ်။ 

သန့်ဇင်ဦး