News

POST TYPE

INTERVIEW

တိုင်ရွန်နဲ့ တွေ့ဆုံခြင်း
10-Jul-2018


“နာမည်ကြီး မင်းသားတွေဆိုတာလည်း တစ်ချိန်တုန်းက အသစ်ပါပဲ။ အသစ်တွေကို ပွဲမထုတ်ဘူးဆိုရင် မျိုးဆက်သစ်ဆိုတာ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး”

အိမ်ထောင်ကွဲ တစ်ခုလပ်အမျိုးသမီးတွေအကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ “တစ်ခုလပ်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တိုင်ရွန်နဲ့ တွေ့ဆုံပြီး ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ ဇာတ်ကားရုံတင်ခွင့်ရဖို့ မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံကနေ စပြီး ပြောပြပေးကြပါဦး။
T : ဒီကားရိုက်ထားတာ တစ်နှစ်ကျော်လောက် ကြာသွားပါပြီ။ ဒီကားရဲ့ ထုတ်လုပ်သူဖြစ်တဲ့ မဆိုဖီယာက ဒီဇာတ်လမ်းလေးကိုစပြီး တည်တယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တစ်ခုလပ်အမျိုးသမီးတွေ၊ အိမ်ထောင်ကွဲ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ ဇာတ်ကားလေးတစ်ကား သူရိုက်ပေးချင်တယ်။ ကျွန်တော်တို့ကို ပါဝင်ဖို့ကမ်းလှမ်းလာတဲ့အခါမှာလည်း အားရဝမ်းသာနဲ့လက်ခံဖြစ်ခဲ့တာပါ။ ဒီကားကို ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးပေးထားပြီး ကျွန်တော်၊ အောင်လေး၊ လင်းအောင်ခေတ်၊ မလင်းဇာနည်ဇော်၊ မမျိုးသန္တာထွန်းနဲ့ မခင်ဇာခြည်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Voice : ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် ကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
T : ဒီကားမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက ဆိုးတယ်။ အမေ့စကား နားမထောင်ဘူး။ ရပ်ကွက်လူမိုက်ပေါ့နော်။ ဒါပေမဲ့ အမေ့ကို ချစ်တယ်။ ကျွန်တော့်ရဲ့ အမေနေရာကတော့ အစ်မလင်းဇာနည်ဇော်က သရုပ်ဆောင် ပေးထားပါတယ်။ ဒီကားက ကျွန်တော်ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဒီကားထဲမှာ ကျွန်တော် နည်းနည်းစကားပြောမြန်တာလေးတွေရှိတယ်။ နောက်ပြီးတော့ မိတ်ကပ်သိပ်မလူးတတ်သေးဘူး။ ကိုယ့်ဟာကိုယ် လူးရတာဆိုတော့ ကသီတာလေးတွေတော့ ရှိပါတယ်။ 

Voice : ကိုယ်နဲ့ တွဲသရုပ်ဆောင်ရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီး ကရော ဘယ်လို လက်တွဲခေါ်ခဲ့လဲ။
T : ကျွန်တော့် အမေအဖြစ် သရုပ်ဆောင်ရတဲ့ အစ်မလင်းဇာနည်ဇော်ဆီကလည်း ပညာတွေအများကြီးရခဲ့ပါတယ်။ အစ်မက ခင်ဖို့လည်းကောင်းတယ်။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရှိတော့ ကျွန်တော်တို့ အက်တင်လုပ်တဲ့အခါမှာ မရှိန်ဘူးပေါ့နော်။ အစ်မက ရှုတင်မှာဆိုလည်း စဟယ်၊ နောက်ဟယ်နဲ့ဆိုတော့ ဒီကားရိုက်ရတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့ မသိတာတွေကိုလည်း သင်ပြပေးပါတယ်။ 

Voice : သူ့ရဲ့ သရုပ်ဆောင်မှုကိုကြည့်ပြီးတော့ရော ကိုယ်ပညာယူခဲ့ ရတာမျိုးရောရှိလား။
T : ဒီကားမှာ အစ်မလင်းဇာနည်ဇော် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းနှစ်ခန်းက ကျွန်တော့်ရင်ထဲကို ထိခဲ့ပါတယ်။ အစ်မသရုပ်ဆောင်တာ အရမ်းတော်ပါတယ်။ ကျွန်တော်ရပ်ကွက်ထဲမှာ ရန်ဖြစ်လို့ ဆူတဲ့အခန်းဆိုရင် ကျွန်တော်ကိုယ်တိုင် ဇာတ်ကို သိနေတာတောင်ရင်ထဲမှာ ဆို့ပါတယ်။ ကျွန်တော်တို့လို ခံစားချက်ချင်း မတိုက်ဆိုင်တဲ့သူတောင် ခံစားရရင် အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးတွေဆို ကျိန်းသေပေါက် မျက်ရည်ကျမှာပါ။

Voice : ယောကျာ်းလေးတစ်ယောက်အနေနဲ့ကျတော့ရော အိမ်ထောင်ကွဲထားတဲ့ တစ်ခုလပ်အမျိုးသမီးတွေအပေါ် ဘယ်လိုမြင်လဲ။
T : ယောကျာ်းတစ်ယောက်ကို မကောင်းလို့ကွဲနိုင်တယ်ဆိုတာ တကယ်ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးတစ်ယောက်လို့ကျွန်တော်မြင်ပါတယ်။ ကလေးရှိပေမယ့် Single Mother အဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်တယ်။ ပတ်ဝန်းကျင်ကဲ့ရဲ့မှာကိုစိုးပြီး ကိုယ်မပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုမှာ သည်းခံပြီးမနေဘူး။ ယောကျာ်းတစ်ယောက်မရှိလည်း ဘဝကို ရှေ့ဆက်လို့ရတယ်ဆိုပြီး ပြတ်ပြတ်သားသား လမ်းခွဲတယ်။ တစ်ခုလပ်ဆိုတဲ့ နာမည်ကို ရဲရဲဝံ့ဝံ့ခံယူကြတယ်ပေါ့။ တစ်ခုလပ်မှ မုဆိုးမမှာ မဟုတ်ဘူး၊ ဖောက်ပြန်ကြတယ်ဆိုတာလည်း စိတ်နဲ့ပဲဆိုင်ပါတယ်။ တချို့ တစ်ခုလပ် အမျိုးသမီးတွေ နောက်အိမ်ထောင်တောင်မပြုဘဲ သားသမီးကို အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ကြတယ်။ တကယ်လေးစားဖို့ကောင်းပါတယ်။

Voice : လက်ရှိမှာ ဇာတ်ကားတွေကို ရုံရှင်စိတ်ကြိုက်ရွေးချယ်ပြသနေတာဆိုတော့၊ တစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကို ဘယ်အချိန်မှာ ရုံတင်ခွင့်ရဖို့ မျှော်လင့်ထားလဲ။
T : ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံမှာ ရုပ်ရှင်ရုံတွေနည်းတော့ ရုံနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်တယ်။ သရုပ်ဆောင်သစ်တွေပါတဲ့ ဇာတ်ကားဆို ရုံတင်ရက်ရဖို့ အရမ်းခက်ခဲတယ်။ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်သူ မဆိုဖီယာက ရှုံးရင်ရှုံးပါစေ၊ ဇာတ်ကားကောင်းတစ်ကားကို ပရိသတ်တွေ ကြည့်စေချင်တဲ့အတွက် ဒီကားကို ရိုက်ခဲ့တာပါ။ နာမည်ကြီး မင်းသားတွေဆိုတာလည်း တစ်ချိန်တုန်းက အသစ်ပါပဲ။ အသစ်တွေကို ပွဲမထုတ်ဘူးဆိုရင် မျိုးဆက်သစ်ဆိုတာ ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး။ ရုံရှင်တွေကို ပြောချင်တာက ကျွန်တော်တို့သရုပ်ဆောင်သစ်တွေကိုလည်း မြေတောင်မြှောက်ပေးတဲ့ သဘောနဲ့ ဇာတ်ကားရုံတင်ခွင့်ပေးစေချင်ပါတယ်။

သန့်ဇင်ဦး