News

POST TYPE

INTERVIEW

အေးမြတ်သူနဲ့ တွေ့ဆုံခြင်း
05-Jul-2018



“ကိုယ်တိုင်လည်း တူရကီကို ဟန်းနီးမွန်းသွားချင်စိတ်တောင် ပေါက်ခဲ့တယ်”

သရုပ်ဆောင် အေးမြတ်သူနဲ့ တွေ့ဆုံပြီး တူရကီနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း၊ ခရီးစဉ်အမှတ်တရများနဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “တိုးကျော်မန်းနဲ့  နန်းဆန်တဲ့ရွာ” ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : တူရကီနိုင်ငံကို ခရီးသွားဖြစ်ခဲ့တဲ့အကြောင်းနဲ့  ခရီးသွားအတွေ့အကြုံတွေကို ပြောပြပေးပါဦး။
AMT : ညီမတို့  တူရကီနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်ကို Croton ခရီးသွားအေဂျင်စီက ပံ့ပိုးပေးပါတယ်။ မော်ဒိုက်လ်သွားတုန်းကရော၊ ဟောင်ကောင်မှာ အပျော်စီးသင်္ဘောသွားစီးတုန်းကပါ သူတို့ပဲ ပံ့ပိုးပေးတာပါ။ အခုတစ်ခေါက်သွားခဲ့တဲ့ တူရကီဆို မြန်မာတွေ သိပ်မသွားကြဘူး၊ မလည်ကြဘူး။ တူရကီဟာ တကယ်ကိုလှပတဲ့ နိုင်ငံတစ်ခုပါ။ အဲ့ဒါကြောင့် ညီမတို့က အရင်ဆုံးသွားပြီး ဘယ်နေရာမှာ၊ ဘာတွေရှိတယ်၊ ဘယ်လိုလည်လို့ ကောင်းတယ်ဆိုတာကို သွားကြည့်ခဲ့တာပါ။ မြန်မာနိုင်ငံကနေ တူရကီကို သွားချင်တဲ့သူတွေကိုလည်း ပြန်ဝေမျှပေးသွားမှာပါ။ 

Voice : တူရကီခရီးစဉ်မှာ အေးမြတ်သူဘယ်နေရာတွေကို ရောက်ဖြစ်ခဲ့လဲ။
AMT : တူရကီမှာ ညီမတို့  အရမ်းလှတဲ့နေရာတစ်ခုကို ရောက်ခဲ့ပါတယ်။ Instagram မှာ တင်ထားတာကို တွေ့လိမ့်မယ်။ ကောင်းကင်မှာ ဘောလုံးတွေ ဝဲနေတာကို အောက်ကနေ ကော်ဇောခင်းထိုင်ပြီး မော့မော့ကြည့်ကြတာလေ။ အဲ့ဒီနေရာကိုရောက်ခဲ့တယ်။ အဲ့ဒီလိုဘောလုံးတွေ နေ့တိုင်းပျံတယ်။ ညီမတို့ဆီက ပုဂံလိုပဲ။ ပုဂံမှာထက်တော့ ဘောလုံးအရေအတွက် ပိုများတယ်။ အောက်ကနေ ထိုင်ကြည့်ရင် လှသလို၊ ဘောလုံးကို ကိုယ်တိုင်စီးရင်လည်း မိုက်တယ်။ သူတို့ဆီမှာ နေဝင်ဆည်းဆာချိန်က အရမ်းလှတယ်။ မနက်ဆို ငါးနာရီဆိုနေထွက်ပြီ၊ ည ၈ နာရီအထိ နေမဝင်ဘူး။ အရမ်းလည်လို့ကောင်းတယ်။ အရမ်းသွားလို့  ကောင်းတယ်။ ခရစ်တော်မပေါ်မီခေတ်က ဗိသုကာလက်ရာတွေကိုလည်း လေ့လာခဲ့ရတယ်။ ရှေးဟောင်းအဆောက်အအုံတွေကိုလည်း ရောက်ခဲ့တယ်။ နောက်ပြီး တူရကီမှာ ဘဲချောချောလေးတွေ တွေ့ခဲ့တယ်။ 

Voice : တူရကီကကောင်လေးတွေကချောတယ်လို့ ပြောတော့ ငမ်းရောငမ်းခဲ့သေးလား။
AMT : တူရကီနိုင်ငံက ဘဲလေးတွေ အရမ်းချောတယ်။ ညီမသွားခဲ့သမျှ ခရီးတွေထဲမှာတော့ တူရကီက ကောင်လေးတွေက အချောဆုံးပဲ။ အကြိုက်တစ်မျိုးစီပေါ့နော်။ သူတို့ ရုပ်ရည်က ဥရောပဘက်ရော၊ အာရှဘက်ရော နွယ်နေတယ်။ အာရှနဲ့လည်းဆင်တယ်၊ ဘိုဆန်ဆန်လည်းချောတယ်။ ကိုရီးယားတို့၊ တရုတ်တို့ဆို ရုပ်ရည်က အာရှဆန်တယ်လေ။ တူရကီကကောင်လေးတွေကျတော့ နှာတံလေးတွေစင်းစင်းလေးတွေ ပါးရိုးကျကျလေးတွေနဲ့  စင်းလေးတွေနဲ့  ကြည့်ကောင်းတယ်။ တူရကီက ရှုခင်းတွေလည်းအရမ်းလှတော့ ချစ်သူစုံတွဲတွေကို ဟန်းနီးမွန်းသွားစေချင်တယ်။ ကိုယ်တိုင်လည်း တူရကီကို ဟန်းနီးမွန်းသွားချင်စိတ်တောင် ပေါက်ခဲ့တယ်။

Voice : တူရကီနိုင်ငံခရီးစဉ်မှာ နိုင်ငံကူးလက်မှတ်ပျောက်ခဲ့သေးတယ်ဆို။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
AMT : ညီမရဲ့ နိုင်ငံကူးလက်မှတ်ပျောက်သွားတော့ ခရီးအတူသွားခဲ့တဲ့လူတွေ အကုန်လုံးက စိတ်ပူကြတယ်။ ကိုယ်တိုင်ကတော့ ပေါ့ပေါ့ပါးပါးနေတတ်လို့လားမသိဘူး။ အရမ်းတော့ စိတ်မပူဘူး။ ညီမရဲ့  နိုင်ငံကူးလက်မှတ်ကလည်း လေယာဉ်ပေါ်မှာ ကျန်ခဲ့တာဆိုတော့ ပြန်ရပါတယ်။ နှစ်ရက်နဲ့တစ်ည ပျောက်သွားပြီးတော့မှ ပြန်ရတာပေါ့။ ညီမက လေဆိပ်မှာ ကျန်ခဲ့တယ်ဆိုတာကို သေချာသိတာကိုး။ ခါးပိုက်နှိုက်ခံရရင်တော့ ပြန်မရနိုင်ဘူး။ နောက်ပြီး ညီမသွားခဲ့တဲ့ တူရကီနိုင်ငံမှာ မြန်မာသံရုံးမရှိဘူး။ ကိုယ့်မြန်မာသံရုံးကိုသွားလိုက်ရင် အဆင်ပြေသွားခဲ့မယ် ထင်တာပေါ့နော်။ တူရကီမှာ မြန်မာသံရုံးမရှိတော့ အီဂျစ်အထိသွားခဲ့ရတယ်။ အဲ့ဒီမှာ တော်တော်တော့ အခက်အခဲဖြစ်တယ်။ ခရီးသွားမယ့် သူတွေကိုတော့ မြန်မာနိုင်ငံပြင်ပကို ရောက်သွားရင် နိုင်ငံကူးလက်မှတ်က ဘယ်လောက်အရေးကြီးလဲ၊ ကိုယ့်မှာ ဘယ်လိုအထောက်အထားတွေ ရှိထားရမလဲဆိုတာကို ပြန်ဝေမျှပေးပါဦးမယ်။

Voice : ဇူလိုင်လ ၆ ရက်နေ့ မှာ ရုံတင်ပြသတော့မယ့် “တိုးကျော်မန်းနဲ့  နန်းဆန်တဲ့ရွာ” ရုပ်ရှင်အကြောင်းလည်း ပြောပြပေးပါဦး။
AMT : အဲ့ဒီကားလေးကို ညီမအရမ်းသဘောကျတယ်။ ကိုယ်တိုင်ကတော့ အပျိုစင်ရွာရဲ့ သခင်မနေရာက သရုပ်ဆောင်ရတာဆိုတော့ အတည်အခန့်ပေါ့။ ဒါပေမဲ့ ကိုပြေတီဦး၊ ဦးနိုင်ကြီး (ကျော်ရဲအောင်)၊ ဦးဗေလုဝတို့ရဲ့ သရုပ်ဆောင်မှုတွေက အရမ်းရယ်ရတယ်။ ဟာသ Plot တွေကလည်း ဇွတ်လုပ်ယူထားတာမဟုတ်ဘူး။ သဘာဝကျကျနဲ့ ရယ်နေရတယ်။ သူတို့တွေက ဇာတ်ကိုသယ်သွားတာပါ။ ဒီကားကို ပဲခူးရိုးမထဲကိုသွားရိုက်ရတာဆိုတော့ ဖုန်းလုံးဝမမိဘူး၊ ဧည့်သည်လာလို့မရဘူး။ အဲ့ဒီအတွက် အလုပ်အရမ်းပြီးတယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ ဒီကားကို DOP အဖြစ် တာဝန်ယူပေးခဲ့တဲ့ ဦးမျိုးမြင့်ဆွေက တစ်လောက ဆုံးသွားတယ်။ အဲ့ဒါလေးကတော့ စိတ်မကောင်းစရာပေါ့။

သန့်ဇင်ဦး