News

POST TYPE

INTERVIEW

ဒေါက်တာ သက်ဇော်နှင့် တွေ့ဆုံခြင်း
04-Jul-2018

သေကြောင်းကြံစည်မှု

“အရက်၊ မူးယစ်ဆေးမှာမှ တစ်ခုတည်းမဟုတ်ဘဲနဲ့ အိပ်ဆေးတွေပါ ပေါင်းသုံးတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူတွေများတယ်”

လူတစ်ဦးချင်းစီတွင် စိတ်နှင့်ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာရောဂါ တစ်ခုမဟုတ် တစ်ခုရှိနိုင်ပါသည်။ ထို့အပြင် ဘဝနေထိုင်မှုတွင် စိတ်ဓာတ်ကျစေနိုင်မည့် အကြောင်းအရာများမှတစ်ဆင့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်ကို တွေ့နေရပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ဖော်ပြအပ်ပါသည်။

Voice : မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်တတ်တဲ့အကြောင်းအရင်းကို ပြောပြပေးပါဦး။
Dr.TZ : များသောအားဖြင့် စိတ်ကျန်းမာရေး ပြဿနာတွေက ပိုပြီးများတာပေါ့။ စိတ်ရောဂါဖြစ်တဲ့ အထဲမှာမှ စိတ်ဓာတ်ကျတာတွေ၊ အရက်၊ မူးယစ်ဆေး သုံးတာတွေမှာ ဖြစ်တတ်တယ်။ ဒီလိုပဲ စိတ်ဖောက် ပြန်မှုတွေ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာတွေမှာ ဖြစ်တတ်ပါသေးတယ်။ စိတ်ကျန်းမာရေးတင်မကဘူး၊ တခြားကင်ဆာဖြစ်ပြီး ကုလို့မရဘူး ထင်တာမျိုးတွေမှာလည်း ဖြစ်တတ်သလို ဆုံးရှုံးမှုတွေဖြစ်ပြီး ကူသူ၊ ကယ်သူမဲ့အနေအထားတွေမှာလည်း ဖြစ်တတ်တယ်။

Voice : အခုပြောပြတဲ့အချက်တွေထဲက ဘယ်အချက်က ပိုပြီးတွန်းအားပေးပါသလဲ။
Dr.TZ : စိတ်ကျန်းမာရေးပြဿနာတစ်ခုနဲ့တစ်ခု ရောနေတာမျိုးပေါ့လေ။ ဒီကြားထဲ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်း ပိုပြီးတော့ စိတ်ထင်တိုင်းလုပ် တတ်တဲ့သူမျိုးဆိုရင် ဖြစ်နိုင်ခြေများသွားတာပေါ့။ နောက်ပြီး အရင်က ဒီလိုကြံစည်ဖူးတဲ့သူက မလုပ်တဲ့ သူထက် သူက ၁၀ ဆလောက် ရာခိုင်နှုန်းပိုများတယ်။ နောက်တစ်ခုက မျိုးရိုးထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူရှိရင် သာမန်ထက်တော့ ပိုဖြစ်နိုင်တယ်။ တစ်ယောက်ချင်းစီပေါ်လည်း မူတည်ပါတယ်။ တချို့က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ခံနိုင်ရည်မရှိတဲ့သူတွေက ပိုပြီးဖြစ်တတ်တယ်။ ဖိစီးမှုတွေကို မခံနိုင်တဲ့လူမျိုးတွေလည်း ပိုဖြစ်နိုင်တယ်။ ကူသူ၊ ကယ်သူမဲ့အနေအထား ဖြစ်တဲ့သူတွေကတော့ လွယ်လွယ်နဲ့ ကျူးလွန်တတ်ကြတာရှိတယ်။ စိတ်ပိုင်းဆိုင်ရာအရ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် သေသွားတာ၊ အိမ်ထောင်ပြိုကွဲတာတွေ၊ အလုပ်ပြုတ်တာ၊ ငွေရေးကြေးရေးအခက်အခဲ၊ အမှုအခင်းဖြစ်တာမျိုးတွေကနေ ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့စိတ်ဖိစီးမှုတွေကြောင့် ပိုများတယ်။ အခုနောက်ပိုင်း အရက်နဲ့ မူးယစ်ဆေးကြောင့် ပိုဖြစ်လာတာလည်း များတယ်။ အရက်၊ မူးယစ်ဆေးမှာမှ တစ်ခုတည်းမဟုတ်ဘဲနဲ့ အိပ်ဆေးတွေပါ ပေါင်းသုံးတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူတွေများတယ်။ အရက်သောက်တာ ကြာတဲ့သူတွေ၊ အရက်ဖြတ်လိုက်တဲ့သူတွေမှာ ဦးနှောက်ကို လာထိတာဖြစ်နိုင်တယ်။ အဲဒီလိုအချိန်ကျရင် သူတို့က သံသယစိတ် တအားများတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို အရက်ကြောင်ကြောင်နေတဲ့အချိန်မှာ ပိုလုပ်ကြတယ်။ အရက်ပုံမှန် သောက်နေတဲ့သူက မသောက်တော့ဘဲ ဖြတ်လိုက်ပြီဆိုရင် ကိုယ်တိုင်ဘာတွေဖြစ်နေမှန်းမသိဘူး။ နောက်ပြီးတော့ မျက်စိထဲမှာ တကယ်မမြင်ရဘဲ မြင်နေ ရတာတွေ၊ မကြားဘဲနဲ့ ကြားနေရတာတွေကြောင့် လုပ်မိလုပ်ရာတွေ လုပ်တတ်တယ်။ မူးယစ်ဆေးလည်းဒီလိုပဲ။ သူတို့က စိတ်ကိုဖောက်ပြန်တဲ့ ရောဂါတွေပေါ့။ အဲဒါကြောင့် စိတ်ကြွရူးသွပ်ဆေးလို့ဆိုတာ။ သူကလည်း အရက်သောက်လို့ ဖြစ်သလိုမျိုး ကြုံရတယ်။ အတူတူပဲ။ ဒီလိုဒဏ်တွေကြောင့် ဦးနှောက်ပြောင်းလဲ သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံကြတာပေါ့။

Voice : ဟုတ်ကဲ့။ ဒီလို မူးယစ်ဆေးတစ်ခုခုသုံးစွဲထားတဲ့သူတွေဆို ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုနိုင်မလား။
Dr.TZ : များတယ်။ စိတ်ဓာတ်ကျတဲ့ရောဂါကြောင့်ကတော့ အများဆုံးပေါ့။ စိတ်ဓာတ်ကျတဲ့သူ တော်တော်များများကလည်း အရက်တို့၊ မူးယစ်ဆေးတို့ သုံးကြတယ်။ ရောနေကြတာများတယ်။

Voice : ဒီလိုလူတွေကို သူတို့အနီးနားဝန်းကျင်က လူတွေအနေနဲ့ ဘယ်လိုထိန်းကျောင်းပေးသင့်ပါသလဲ။
Dr.TZ : သူတို့သုံးနေစွဲနေတာတွေကို ဖြတ်ချင်လာအောင် အားပေးရမယ်။ အိမ်ပတ်ဝန်းကျင်ကလည်း အပြုသဘောဆောင်ပြီးတော့ သူတို့နဲ့ ရင်းရင်းနှီးနှီးနေရမယ်။ အကောင်းမြင်စိတ်တွေ ရှိလာအောင် မိသားစုဘက်က ဖေးဖေးမမရှိသင့်တယ်။ ဒါဆိုရင်တော့ ပိုပြီး မြန်မြန်ပျောက်နိုင်တယ်။ အဲဒီလို သတ်သေတာတွေမဖြစ်ခင် (Warnning Sign) သတိထားရမယ့်အချက်တွေ ရှိတတ်တာပေါ့။ ဥပမာ - ငါသေချင်တယ်လို့ ပြောတာမျိုးတွေပေါ့။ အဲဒီလိုပြောတာမျိုးဆိုရင်တော့ ဘယ်တော့မှ လျစ်လျူမရှုဘဲနဲ့ ဂရုစိုက်ရမယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လက်နက်တွေရှာတာပေါ့။ ဆေးပြား၊ ဆေးတွေကြိုဝယ်တာ၊ လက်နက်တွေစုတာမျိုးပေါ့။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုးပေါ့။ ဒါတွေကိုတော့ သတိထားသင့်ပါတယ်။

Voice : မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှာ အမျိုးသား၊ အမျိုးသမီး ဘယ်လိုလူတွေက အဖြစ်များပါသလဲ။
Dr.TZ : အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းများတယ်။ ဒါပေမဲ့ မသေဘူး။ တကယ်အသက်သေတာက အမျိုးသားတွေများတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေက ဆေးပြားသောက်တာ၊ ပိုးသတ်ဆေးသောက်တာတွေ များတယ်။ အမျိုးသားတွေကျတော့ ဓားနဲ့ထိုးတာ၊ ကြိုးဆွဲချသေတာတွေကို အသုံးများတယ်။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် ဖြစ်တာပိုများတယ်။ နောက်တစ်ခုက အသက်ကြီးလာလေလေ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းက ပိုများလာတယ်။ အသက်ကြီး တဲ့အခါမှာ စိတ်ဖိစီးမှုတွေက ပိုများလာလို့ပဲ။ တချို့ကျတော့လည်း ခံနိုင်ရည်မရှိတော့တာပါတယ်။

Voice : ဆရာ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတိပေးစကားလေး ပြောကြားပေးပါဦး။
Dr.TZ : အခုနောက်ပိုင်းမှာက အရက်၊ မူးယစ်ဆေးဝါးတွေကလည်း များလာတယ်။ စိတ်ဖိစီးမှုတွေ ကလည်း များလာတော့ အရင်ကထက် ဒီလိုကိစ္စတွေများလာဖို့ အခွင့်အလမ်းတွေက ရှိနေတယ်။ ဒီတော့ တစ်ယောက်ယောက်က အပေါ်မှာပြောခဲ့သလို အပြစ်တင်တာမျိုးတွေ ပြောလာခဲ့မယ်ဆိုရင် လျစ်လျူမရှုပါနဲ့၊ သေချာနားထောင်ပေးပါ။ သူတို့ရဲ့စိတ်ထဲက ဖွင့်ပြောလို့ရှိရင် လျော့သွားမယ့် စကားတွေကို ဖေးဖေးမမ၊ ကိုယ်ချင်းစာတရားနဲ့ နားထောင်ပေး ရမယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကိုယ့်ဘက်ကသွားပြီး ငြင်းခုံတာမျိုး၊ အပြစ်တင်တာမျိုးတွေသွား မလုပ်သင့်ပါဘူး။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ