News

POST TYPE

INTERVIEW

ရဲရင့်အောင်နဲ့ တွေ့ဆုံခြင်း
03-Jul-2018


“ကျွန်တော် One Man Show လုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်။ ကျွန်တော်ဆိုပြချင်တဲ့ သီချင်းတွေကို ထပ်ပြီးဖန်တီးချင်သေးတယ်”

လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်နဲ့ တွေ့ဆုံပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” အောင်မြင်မှုရခဲ့တဲ့အပေါ် ခံစားမှု၊ တစ်ကိုယ်တော်စီးရီးသစ်အကြောင်းနဲ့ One Man Show လုပ်ဖို့ အစီအစဉ်ရှိမရှိဆိုတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုယ့်ရဲ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” က လေးပတ်တောင် ရုံတင်ခွင့်ရခဲ့တဲ့အပေါ် ခံစားမှုကဘယ်လိုရှိလဲ။
YYA : အခုလို လေးပတ်တောင် ရုံတင်ခွင့်ရခဲ့တဲ့အတွက် ပျော်ပါတယ်။ ဇာတ်ကားကို လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ တချို့ ဆိုရင် ငါးခေါက်တောင် သွားကြည့်တယ်။ သူတို့ကြည့်တိုင်းလည်း ရုပ်ရှင်လက်မှတ်ကို ကျွန်တော့်ရဲ့ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လာလာ ပြတယ်။ ကျွန်တော်ဆိုရင် ရုပ်ရှင်ကား တစ်ကားကို ရုံမှာ ငါးခါလောက် သွားကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ့်ဘာသာကိုယ် အိမ်မှာ ကြိုက်လို့ ပြန်ကြည့်တာတော့ရှိချင်ရှိမယ်။ အခုလိုရုံမှာ အခေါက်ခေါက်အခါခါ သွားကြည့်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။

Voice : တချို့ပရိသတ်တွေဆို ဇာတ်ကားထဲမှာ ရဲရင့်အောင်ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်တွေကအစ မှတ်ထားကြတယ်နော်။ ရုံမတင်ခင်မှာရော ဒီလောက်အထိ အောင်မြင်သွားလိမ့်မယ်လို့ထင်လား။
YYA : အဲဒါလည်း ကျေးဇူးတင်ရမှာပါပဲ။ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တစ်ခုကို အလေးအနက်ထားပြီး ကြည့်ပေးတဲ့အတွက် ပျော်လည်း ပျော်ရပါတယ်။ ရိုးရိုးသားသားပြောရရင် ရုပ်ရှင်ဈေးကွက်က ဘယ်လိုရှိလဲ၊ ဝင်ငွေဘယ်လိုရလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ကျွန်တော်ရိုက်တဲ့ ဇာတ်ကားကို ပရိသတ်တွေ များများလာကြည့်စေချင်တယ်။ ဒီလောက်ပါပဲ။ အခုလိုကြီး အောင်မြင်သွားလိမ့်မယ်လို့လည်း လုံးဝမမျှော်လင့်ထားပါဘူး။ အောင်မြင်သွားတော့လည်း ထုတ်လုပ်သူ ပိုက်ဆံပိုရတာပေါ့လေ။

Voice : ရဲရင့်အောင်ရဲ့အသံက ထူးခြားတယ်လို့ ဒေါ်ဆွေဇင်ထိုက်က ပြောဖူးတယ်။ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုသုံးသပ်မိလဲ။
YYA : အမှန်အတိုင်း ပြောရရင် “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ရိုက်တဲ့အချိန်တုန်းက ကျွန်တော့်အသံနဲ့ပတ်သက်ပြီး ယုံကြည်မှု သိပ်မရှိဘူး။ စကားပြောတဲ့အပိုင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် သဘောမကျတာတွေရှိတယ်။ အပြင်မှာ စကားပြောတာကတော့ ကျွန်တော့်အတွက်လွတ်လပ်တယ်။ ဇာတ်ကားထဲမှာပါတဲ့ တချို့ ဒိုင်ယာလော့ခ်တွေကို စိတ်ခံစားမှုနဲ့ ပြောပါဆိုရင် ကျွန်တော့်အသံက ဘာကြီးမှန်းမသိဖြစ်သွားတာမျိုး အကြိမ်ကြိမ်ဖြစ်တယ်။ ဇာတ်ကားရိုက်နေစဉ်ကာလကတော့ ဒါရိုက်တာကိုအောင်ဇော်လင်းနဲ့ ကိုဝင်းလွင်ထက်တို့က သေချာသင်ပေးခဲ့တဲ့အတွက် အဆင်ပြေသွားခဲ့တာပါ။

Voice : ဇာတ်ကားထဲမှာ ရဲရင့်အောင်နဲ့ ဖွေးဖွေးတို့ရှိနေတဲ့ကား လှုပ်သွားတဲ့အခန်းကို အွန်လိုင်းမှာ Troll ကြတာကိုရော ကြည့်မိလား။ ဘယ်လိုခံစားရလဲ။
YYA : ကျွန်တော်ကတော့ Troller တွေ Troll ရင်ကို ပျော်နေတာပဲ။ သူတို့လုပ်ထားတာလေးတွေက ရယ်ရတယ်လေ။ သူတို့ဦးနှောက်တွေကို ကျွန်တော်တကယ်လေးစားတယ်။ တစ်ခါတလေကျရင် ဘာကြောင့် သူတို့ ဒီရှုထောင့်ကနေ မြင်တာလဲဆိုတာ တွေးလို့မရဘူး။ ကျွန်တော်ဆိုရင် မမြင်ဘူးဗျာ။ သူတို့ လုပ်ထားတာလေးတွေက ရယ်ရတယ်။ အမှန်အတိုင်းပြောရရင် ကားလှုပ်သွားတဲ့အခန်းပါမယ်လို့ ကျွန်တော်မသိထားဘူး။ ရုပ်ရှင်ရုံထဲရောက်တော့မှ ကြည့်ရတာပါ။ အဲဒီကားကို ကိုချမ်းသာ လှုပ်နေတယ်လို့ ပြောတာပဲ။ ကျွန်တော် သိထားတာက ကားပေါ်မှာ မဖွေးနဲ့ ကျွန်တော်စကားပြောတယ်။ မိုးတွေ အရမ်းရွာနေတယ်။ ဒီလောက်ပါပဲ။ ကားလှုပ်တဲ့ အခန်းပေါ်လာတော့ ကျွန်တော်လည်း အံ့ဩသွားတယ်။

Voice : ရဲရင့်အောင်ရဲ့ လုပ်လက်စ တစ်ကိုယ်တော်စီးရီးကရော ဘယ်လောက်အထိ ပြီးနေလဲ။
YYA : ဒီခွေအတွက် ကျွန်တော် အများကြီး အားခဲထားပါတယ်။ ပရိသတ်တွေဆီက ဘယ်လို Feedback မျိုး ပြန်ရမလဲဆိုတာကိုတွေးပြီး စိတ်ဖိစီးမှုတွေတော့ရှိတယ်။ ကျွန်တော့်ခွေကို အရမ်းကောင်းချင်တယ်။ ဒါပေမဲ့ ကျန်းမာရေးကြောင့် ကျွန်တော့်ခန္ဓာကိုယ်က အဲဒီလောက်ကောင်းအောင် မလုပ်နိုင်ဘူး။ အဲဒါကြောင့် စိတ်ဖိစီးနေတာပါ၊ ခွေထွက်ဖို့လည်း ကြာနေတာပါ။ ကျွန်တော့် သူငယ်ချင်းတွေလည်း ပြောပါတယ်။ အဲဒီလောက်ကြီး စိတ်ပူစရာမလိုဘူးတဲ့။ ဒါပေမဲ့ စိတ်က သူ့ဟာသူ ဖြစ်နေတာဆိုတော့ မတတ်နိုင်ဘူး။ ဒီခွေလေး မြန်မြန်ထွက်သွားရင်တော့ ကျွန်တော် ငှက်တစ်ကောင်လို ပေါ့ပါးသွားလိမ့်မယ်။

Voice : ဒီခွေအတွက် စိတ်ဖိစီးနေတာက ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုကို မမီမှာ စိုးရိမ်လို့လား။
YYA : ကျွန်တော်က သီချင်းတစ်ပုဒ်လုပ်ပြီဆိုရင် ကျွန်တော်ကြားချင်တဲ့ အနေအထားတစ်ခုအထိ မကြားရသေးဘူးဆိုရင် ဆက်လုပ်နေတုန်းပဲ။ ကျွန်တော်ကြားချင်တဲ့ Level တစ်ခုတော့ ရှိတယ်ဗျာ။ ကျွန်တော်လည်း အရမ်းတော်တဲ့၊ တတ်တဲ့ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သတ်မှတ်ထားတဲ့ အနေအထားတစ်ခုတော့ရှိတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ လောဘပေါ့နော်။ ခွေထွက်လာရင်တော့ ပရိသတ်တွေ အားရကျေနပ်ကြမှာပါ။

Voice : အရင်တုန်းကမေးတုန်းကတော့ One  Man Show လုပ်ဖို့ ယုံကြည်မှုမရှိသေးဘူးလို့ ပြောတယ်။ အခုရော လုပ်ချင်စိတ်ပေါ်လာပြီလား။
YYA : တစ်ခါတစ်ရံတော့ ကျွန်တော်နှစ်သက်တဲ့ အဆိုတော်တွေ Live ဆိုတာတွေ့ရင် တစ်နေ့ ငါလည်း One  Man Show လုပ်ဖြစ်ခဲ့ရင်တော့ ဘယ်လိုလေးလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်တာမျိုးတော့ ရှိပါတယ်။ ပွဲမတိုင်ခင်လည်း ဆေးလိပ်ဖြတ်ထားရမယ်ဆိုပြီး တွေးတာပေါ့နော်။ အဲဒီလိုမျိုး စဉ်းစားတဲ့ အနေအထားတစ်ခုတော့ ရောက်လာပြီ။ ဒါပေမဲ့ ကျွန်တော် One  Man Show လုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်။ ကျွန်တော် ဆိုပြချင်တဲ့ သီချင်းတွေကို ထပ်ပြီး ဖန်တီးချင်သေးတယ်။

သန့်ဇင်ဦး