News

POST TYPE

INTERVIEW

နေတိုးနဲ့ တွေ့ဆုံခြင်း
01-Jul-2018


“ကျွန်တော့်ရဲ့ Story Board Studio အတွက် သိန်းတစ်သောင်းကျော်လောက် ရင်းနှီးမြှုပ်နှံထားပါတယ်”

နာမည်ကျော် သရုပ်ဆောင် နေတိုးနဲ့ တွေ့ဆုံပြီး ဇွန်လ ၂၉ ရက်နေ့က မြောက်ဒဂုံမှာ ဖွင့်လှစ်ခဲ့တဲ့ Story Board Studio အကြောင်း၊ ယခုလအတွင်း ရုံတင်ပြသမယ့် “တိမ်တိုက် တံတား” ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ကိုယ့်ရဲ့ အနုပညာအလုပ်ကရတဲ့ ငွေကြေးတွေနဲ့ Story Board Studio ကို ဖွင့်ဖြစ်တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
NT : ဒီစတူဒီယိုဖွင့်ဖို့ စီစဉ်ခဲ့တာတော့ သုံးနှစ်ခွဲ၊ လေးနှစ်လောက်ရှိပါပြီ။ အခုကတော့ မြောက်ဒဂုံ ၄၁ ရပ်ကွက်မှာ ဖွင့်လိုက်တာပေါ့နော်။ ကျွန်တော်က ရုပ်ရှင်တစ်ကားမှာ အရေးပါတဲ့ Pre Production တွေ Post Production တွေ လုပ်ရတာကို ဝါသနာပါတယ်။ ကိုယ့် အနုပညာလောကမှာ ရိုက်ကူးရေးပိုင်း၊ စက်မှုနည်းပညာပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်နေတာတွေကို ဖြည့်ဆည်း ပေးချင်တယ်။ ကိုယ်ဝါသနာပါတဲ့၊ အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အနုပညာလောကကို ကိုယ်တတ်နိုင်တဲ့ဘက်က ပြန်ပြီး ပံ့ပိုးပေးချင်တဲ့အတွက် စတူဒီယို ဖွင့်ဖြစ်တာပါ။ 

Voice : ကိုနေတိုးရဲ့ စတူဒီယိုမှာ ရုပ်ရှင်တစ်ကားရိုက်ဖို့ လိုအပ်ချက်တွေကို ဘယ်လိုတွေ ဖြည့်ဆည်းပေးထားလဲ။
NT : အရင်ခေတ်တုန်းကတော့ ကျွန်တော်တို့ ရုပ်ရှင်လောကမှာ စတူဒီယိုကြီးတွေမှာ ရိုက်ကူးခဲ့ကြတာတွေ ရှိပေမယ့် ကျွန်တော်တို့ခေတ်မှာတော့ မရှိသလောက်ကို ဖြစ်သွားပြီပေါ့နော်။ ကျွန်တော်တို့က ပြန်ပြီး အစပျိုးတဲ့အနေနဲ့ Story Board Studio ကို ဖွင့်လိုက်တာပါ။ လောလောဆယ်မှာတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းခြောက်ဆယ်ရာခိုင်နှုန်းလောက်ကို ရိုက်ကူးလို့ရအောင် လုပ်ထားပါတယ်။ ရှေးဟောင်းအဆောက်အအုံရဲ့ အတွင်းခန်းတွေ ရိုက်လို့ရမယ်။ ဆေးရုံမှာ ရိုက်တဲ့အခန်းတွေ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေမှာ ရိုက်တဲ့အခန်းတွေ ရိုက်လို့ရပါမယ်။ ကျွန်တော့်ရဲ့ Story Board Studio အတွက် သိန်းတစ်သောင်းကျော်လောက် ရင်းနှီးမြှုပ်နှံထားပါတယ်။ 

Voice : မကြာခင် ရုံတင်တော့မယ့် “တိမ်တိုက်တံတား” ရုပ်ရှင်မှာ ကိုနေတိုးနဲ့ ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေတို့ရဲ့ ချစ်ခန်းကြိုက်ခန်းက လူပြောများနေတယ်နော်။ ကိုနေတိုး အဲ့ဒီလောက် Romantic ဖြစ်တာမျိုး မတွေ့ဖူးသေးဘူး။
NT : ဒီဇာတ်ဝင်ခန်းတွေက ဇာတ်ကားအတွက် လိုအပ်လို့ ကျွန်တော်တို့ ရိုက်ခဲ့တာပါ။ ရိုက်တဲ့အချိန်မှာလည်း တကယ်ကို ခံစားချက်ပါပါနဲ့၊ ချစ်သူစုံတွဲတစ်တွဲလို ပီပြင်အောင် သရုပ်ဆောင်ခဲ့ကြတာပါ။ ပရိသတ်တွေက ကျွန်တော် Ro တာလေးကို သဘောကျတယ်ဆိုရင် ဝမ်းသာပါတယ်။ ဒီဇာတ်ကားလေးက အချစ်၊ ဒရာမာ ဇာတ်ကားမျိုးဆိုတော့ ကျွန်တော့် ပရိသတ်တွေလည်း ကြိုက်ကြမှာပါ။

Voice : သရုပ်ဆောင် အတွေ့အကြုံ သိပ်မရှိသေးတဲ့ ငုရင်ထရန်ဟုရန်မေကိုရော ဘယ်လို လက်တွဲခေါ်ခဲ့ရလဲ။
NT : အဲ့ဒါကတော့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သူ့မှာ Talent ဘယ်လောက်ရှိလဲဆိုတာကို အရင်ကြည့်ပါတယ်။ သူလုပ်နိုင်တဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဇာတ်လမ်းကို တည်ဆောက်ထားတာဆိုတော့ သူ့အတွက်လည်း အခက်အခဲ သိပ်မရှိပါဘူး။ ဇာတ်လမ်းနဲ့ သူသရုပ်ဆောင်တာနဲ့က အံဝင်ခွင်ကျ ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ ပုံစံ၊ ဖြစ်စေချင်တဲ့ အက်တင်မျိုးတွေကို သူလုပ်နိုင်ခဲ့တယ်လို့မြင်ပါတယ်။ ဒီဇာတ်ကားက သူ့ကို မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို ရောက်အောင်ပို့ပေးနိုင်တဲ့ ဇာတ်ကားတစ်ကားလို့ မြင်ပါတယ်။ 

Voice : ဇာတ်လမ်းက မူလတည်ထားတာ တခြားဇာတ်တစ်ခုနော်။ ဇာတ်လမ်းပြောင်းလိုက်တဲ့အချိန်မှာ ကိုနေတိုးအတွက် ပိုပြီး လုပ်ကွက်ရသွားတယ်လို့ မြင်မိတယ်။
NT : အဲ့ဒါကတော့ ကျွန်တော်တို့က ဇာတ်လမ်းရဲ့ တင်ပြမှုပိုင်းကို ဦးစားပေးလိုက်တယ်။ ဇာတ်အိမ်ကြီးနှစ်ခုကို ပေါင်းပြီးတော့မှ ဇာတ်လမ်းတစ်ခုတည်းဖြစ်အောင် တည်ဆောက်လိုက်တာပေါ့။ ဇာတ်လမ်းက အက်တင်ပိုင်းအရ ပိုပြီးတော့ လုပ်လို့ကောင်းတဲ့ ဇာတ်မျိုးဖြစ်သွားတယ်။ ပရိသတ်တွေ စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ကျွန်တော်တို့ထပ်ဖြည့်ထားတယ်။

Voice : ကိုနေတိုးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ထူးခြားမှုတွေ ရှိနေပြီလို့ ကြားရတယ်။ အဲ့ဒီအကြောင်းလည်း သိပါရစေ။
NT : ကျွန်တော့် အချစ်ရေးနဲ့ ပတ်သက်လို့ကတော့ မီဒီယာတွေမေးလာတိုင်း ဘယ်လိုဖြေရင်ကောင်းမလဲလို့ စဉ်းစားပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်အချစ်ရေးက ပုံမှန်ဖြေနေကျထက် လေးနက်တဲ့ အချိန်အခါတစ်ခုကို ရောက်နေုပြီလို့တော့ ပြောလို့ရပါတယ်။ ကျွန်တော့်ချစ်သူကတော့ အပြင်လောကကပါ။ အနုပညာလောကထဲကတော့ မဟုတ်ပါဘူး။ အချစ်ရေးနဲ့ ပတ်သက်လို့ ဒီအချိန်မှာတော့ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်။

သန့်ဇင်ဦး