News

POST TYPE

INTERVIEW

အောင်ရင်နဲ့တွေ့ဆုံခြင်း
29-Jun-2018

“မိသားစုတွေ ပြန်ဆုံရတဲ့ နေရာကြီးက မကောင်းပေမယ့်လည်း မိသားစုက မိသားစုပဲလေ”

တေးသံရှင်အောင်ရင်နဲ့ တွေ့ဆုံပြီး “ဒီရက်ပိုင်း”လို့ အမည်ရတဲ့ တစ်ကိုယ်တော် စီးရီးသစ်မှာပါဝင်မယ့် သီချင်းတွေအကြောင်း၊ သားဖြစ်သူ မိုးအောင်ရင်နဲ့ပတ်သက်တဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “ဒီရက်ပိုင်း”လို့ အမည်ရတဲ့ တစ်ကိုယ်တော်စီးရီးသစ်ကို စီစဉ်ဖြစ်သွားပုံကနေ စပြီးပြောပြပေးပါဦး။
AY : ကျွန်တော်က တစ်ကိုယ်တော်စီးရီး လုပ်မယ်ဆိုပြီး စတည်တာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ညီလေးလိုခင်ရတဲ့ ဖိုးကာက ကျွန်တော့်ကို သီချင်းလေးတစ်ပုဒ် လာပေးတယ်။ ကျွန်တော် ဆိုဆို၊ မဆိုဆို သူပေးချင်လို့လာပေးတာဆိုပြီး ပြောတယ်။ သူက အရင်တုန်းက ထူးအိမ်သင်ရေးပေးပြီး ကျွန်တော်ဆိုခဲ့တဲ့ အိပ်မက်ထဲက ရထားကြီးကိုကြိုက်တယ်။ အဲဒီသီချင်းကို ဆင့်ပွားခံစားပြီးတော့ သူထပ်ရေးထားတဲ့ သီချင်းလေးပါ။ တီးဝိုင်းက သူငယ်ချင်းတွေကိုလည်း ပြကြည့်တော့ ကြိုက်ကြတယ်။ အဲဒါနဲ့ Single Song အနေနဲ့လုပ်ဖို့ စတည်ဖြစ်တာပေါ့နော်။ နောက်ထပ်လည်း တေးရေးဆရာတွေက သီချင်းတွေ ထပ်လာပေးကြတယ်။ ကျွန်တော်ကလည်း အကုန်လုံးကို ကြိုက်တယ်။ သူငယ်ချင်းတွေကလည်း ဝိုင်းမြှောက်ပေးတာနဲ့ တစ်ကိုယ်တော်ခွေ စလုပ်ဖြစ်တာပါ။ 

Voice : ဒီခွေမှာပါတဲ့ သီချင်းတွေကို နားထောင်ကြည့်တာတော့ အရင်တုန်းက ဦးအောင်ရင်ဆိုခဲ့တဲ့ ပုံစံတွေနဲ့  သိပ်မကွာဘူးနော်။ ခွေမထွက်တာလည်း ကြာပြီဆိုတော့ ကိုယ့်ရဲ့  အဆိုပိုင်းကိုရော အားရကျေနပ်မှု ရှိရဲ့လား။
AY : ဒီခွေမှာပါတဲ့ သီချင်းသုံးပုဒ်လောက်ကတော့ ကျွန်တော်အရင်ဆိုနေကျ ပုံစံတွေပါပဲ။ ကျန်တဲ့သီချင်းငါးပုဒ်ကတော့ ပုံစံလေးတွေ နည်းနည်းပြောင်းထားပါတယ်။ သီချင်းအကြောင်းအရာတွေကတော့ ဒဿနဆန်တာတွေ များပါတယ်။ အဆိုပိုင်းနဲ့  ပတ်သက်လို့ကတော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိပ်မဝေဖန်တတ်ဘူး။ တီးဝိုင်းက သူတွေ ပြောတာကတော့ စိတ်ကျေနပ်မှုရှိတယ်လို့ ပြောကြပါတယ်။ ဒီစီးရီးစပြီး လုပ်ကတည်းက ကျွန်တော့်မှာ စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။ ပရိသတ်တွေက ကျွန်တော်ဆိုတဲ့ သီချင်းတွေကို နှစ်သက်တယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာရမှာပါ။ ဆက်ပြီးတော့ အလုပ်တွေလုပ်ဖို့ အင်အားတစ်ခု ဖြစ်သွားတာပေါ့။

Voice : ဒီခွေအောင်မြင်သွားရင် ဂီတအလုပ်ကို အရင်ကလို သေချာပြန်လုပ်ဖြစ်မလား။
AY : အဲဒါကလည်း အခြေအနေအရပါပဲ။ ကျွန်တော်က ဒီမှာလည်း အမြဲတမ်းမနေနိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော် မြန်မာပြည်ကို ပြန်လာတဲ့ အချိန်မှာတော့ ပွဲတွေဘာတွေ ခေါ်ဆိုခိုင်းတဲ့ သူတွေရှိပါတယ်။ အထူးသဖြင့် မြန်မာ့ဩဘာကဆိုရင် ကျွန်တော့်ကို ပွဲတွေခေါ်ဆိုခိုင်းတယ်။ အမြဲတမ်းလည်း ဖေးမကူညီပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ သီချင်းအဟောင်းတွေပဲ ပရိသတ်တွေကို ဆိုပြနေရတာ လိပ်ပြာမလုံသလို ခံစားရပါတယ်။ နောက်ပိုင်းကျရင်တော့ ကျွန်တော့်ပရိသတ်တွေကို သီချင်းအသစ်တွေ ဆိုပြချင်ပါတယ်။ အဲဒါကြောင့်မို့လည်း တစ်ကိုယ်တော်စီးရီး လုပ်ဖြစ်တာပါ။

Voice : ကိုယ်က သားဖြစ်တဲ့ မိုးအောင်ရင်အတွက်လည်း ပူဆွေးရတဲ့ ကိစ္စတွေလည်းရှိတာဆိုတော့ စီးရီးလုပ်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေရော တွေ့ခဲ့ရသေးလဲ။
AY : ကျွန်တော့်စိတ်ထဲမှာတော့ ကဏ္ဍတွေ ခွဲထားရတာပေါ့နော်။ သားအတွက် ပူဆွေးတာက တစ်ပိုင်း၊ သီချင်းတွေကို အကောင်းဆုံးဖြစ်ချင်တာက တစ်ပိုင်းပေါ့။ ဒါပေမဲ့ တချို့သီချင်းလေးတွေမှာ မိသားစုကို လွမ်းတဲ့အကြောင်းလေးတွေပါသလို၊ “အဖေ့သား”ဆိုတဲ့ သီချင်းမှာလည်း အဖေတစ်ယောက်က သား၊ သမီးတွေအပေါ်ထားတဲ့ မေတ္တာကိုခံစားပြီး ဆိုရတာတွေရှိတော့ စိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားရတာမျိုးလည်း ရှိပါတယ်။

Voice : မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ မိုးအောင်ရင်ရဲ့ လတ်တလောအခြေအနေကိုလည်း ပြောပြပေးပါဦး။
AY : သားရဲ့ကျန်းမာရေးက ကောင်းပါတယ်။ သားဆီကိုတော့ ကျွန်တော် တစ်ပတ်နှစ်ခါ ရုံးချိန်းတွေလည်း သွားတယ်။ အင်းစိန်ကိုလည်း မကြာခဏ သွားတွေ့ပါတယ်။ အခုဆို ကျွန်တော့်သမီးလည်း ခွင့်နှစ်ပတ်ယူပြီး မြန်မာပြည်ကို ရောက်နေတယ်။ သူကလည်း သူ့အစ်ကိုကို လိုက်တွေ့တော့ မိသားစုတွေ ပြန်ဆုံရတဲ့နေရာကြီးက မကောင်းပေမယ့်လည်း မိသားစုက မိသားစုပဲလေ။ ကျွန်တော်တို့က မကောင်းတဲ့ဟာလေးတွေ ဖယ်ထားပြီး မိသားစုတွေ တစ်ယောက်ကိုတစ်ယောက် အားပေးဖြစ်ပါတယ်။

သန့်ဇင်ဦး


  • VIA