News

POST TYPE

INTERVIEW

နေထက်လင်းနဲ့ တွေ့ဆုံခြင်း
28-Jun-2018



“မြန်မာနိုင်ငံမှာက ပိုက်ဆံရဖို့အတွက် ငါးပွက်ရာ ငါးစာချတဲ့သူတွေများတယ်”

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေထက်လင်းနဲ့ တွေ့ဆုံပြီး “နိုင်ငံကြီးသား” ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်းရွေးချယ်ရိုက်ကူးမှုတွေအကြောင်းနဲ့ အနုပညာခံယူချက်တွေ အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) ရိုက်မယ့် “နိုင်ငံကြီးသား” ရုပ်ရှင်မှာ အစ်ကို့ရဲ ကာရိုက်တာက ဘယ်လိုပုံစံမျိုးလဲ။
NHL : ဒီဇာတ်ကားမှာ ကျွန်တော်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ နေမျိုးအောင်ရယ်က ဝန်ကြီးနေရာက သရုပ်ဆောင်ရမှာပါ။ မကြာခင်က ရုပ်သံမှာပြခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုမှာတော့ လွှတ်တော်အမတ်နေရာက သရုပ်ဆောင်ဖူးပါတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။ ကျွန်တော့် မိတ်ဆွေတွေထဲမှာလည်း လွှတ်တော်အမတ်တွေ၊ ဘာတွေရှိပါတယ်။ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုပုံ၊ ပြုမူလှုပ်ရှားပုံတွေကို ကိုယ်မြင်တွေ့ ဖူးထားတာတွေရှိပါတယ်။ ဇာတ်ကားရိုက်တဲ့အခါမှာ အဲ့ဒါတွေကို ပြန်အသုံးချပြီး သရုပ်ဆောင်ရမှာပေါ့နော်။

Voice : မြန်မာနိုင်ငံမှာ နိုင်ငံရေးလောကက အကြောင်းတွေကို ရိုက်ကူးပြတာမျိုး ရှားတယ်နော်။ ဘာတွေက အခက်အခဲရှိနေလို့လဲ။
NHL : ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီဆိုတာက အခုမှစပြီး မျိုးစေ့ချခါစပဲ ရှိသေးတယ်လေ။ အပင်လေးက အခုမှ စပြီးထွက်ခါစပဲ ရှိသေးတယ်။ ပင်စည်တို့၊ အကိုင်းတို့၊ အသီးတို့ အထိဖြစ်လာဖို့အတွက် အချိန်တစ်ခုတော့ စောင့်ရဦးမှာပေါ့။ နောက်ပြီး ကျွန်တော်တို့ဆီမှာ တံခါးက ပိတ်ထားတဲ့၊ စေ့ထားတဲ့ဟာလောက်ပဲရှိသေးတယ်။ တံခါးက လုံးဝမပွင့်သေးဘူး။ ကျွန်တော်တို့က ခေါင်းလေးဝင်လိုက်၊ ကိုယ်လေးဝင်လိုက် လုပ်နေရတဲ့အဆင့်ပဲရှိသေးတယ်။ အဲ့ဒါကြောင့် အလုပ်လုပ်ရတာ အခက်အခဲလေးတွေ နည်းနည်းရှိပါတယ်။ ကျွန်တော်တို့ကို နားလည်ပေးပါ။

Voice : ဇာတ်ကားတွေမှာ အရင်ကဆို ရဲတွေ၊ တရားသူကြီးတွေ လာဘ်စားတာမျိုးကို ရိုက်ပြလို့မရဘူးလို့ ကြားဖူးတယ်နော်။
NHL : အိန္ဒိယဇာတ်ကားတွေကိုပဲ ကြည့်လိုက်ပါ။ သူတို့နိုင်ငံမှာ ဒီမိုကရေစီက ကျွန်တော်တို့ထက်စောတယ်လေ။ ကျွန်တော်တို့ အခုမှ ကလေးပဲရှိသေးတာကိုး။ မူလတန်းတက်ရဦးမယ်၊ အလယ်တန်း တက်ရဦးမယ်။ ပြီးတော့မှ တက္ကသိုလ်ဆက်တက်ရဦးမယ်။ အိန္ဒိယကတက္ကသိုလ် အဆင့်လောက်အထိ ဖြစ်နေပြီ။ ဝန်ကြီးတွေ လာဘ်စားတာတို့၊ ရဲကိစ္စတွေ၊ နိုင်ငံရေးလောကကအကြောင်းတွေ အကုန်ပြလို့ရတယ်။ ရုပ်ရှင်က အရုပ်နဲ့အသံကိုတွဲပြီးပြရတာဆိုတော့ ဒီအကြောင်းအရာတွေကို ပြခွင့်ရရင် ပိုပြီး ထိရောက်တယ်လေ။ ဒါတွေကို ချပြခွင့်ပြုသင့်တယ်လို့ မြင်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ အနုပညာသမားတွေကတော့ ခေါင်းလေး၊ ကိုယ်လေး တဖြည်းဖြည်းနဲ့တော့ တိုးဝင်ရမှာပေါ့။

Voice : ရုပ်ရှင်ရေစီးမှာ အစ်ကိုနဲ့  ခေတ်ပြိုင်မင်းသားတွေတောင် ကားတွေရိုက်နေရပေမယ့် အစ်ကိုကတော့ ကားရိုက်နည်းတာကို တွေ့ရတယ်။ ဇာတ်ရွေးလို့  ကားရိုက်နည်းနေတာလား။
NHL : အရင်တုန်းက ပေါကားတွေပဲ ရိုက်ဖို့လာပြောတော့ ထုတ်လုပ်သူကို ကျွန်တော် အပြတ်ပြောလွှတ်လိုက်တယ်။ ကျွန်တော် အခြောက်ကားတစ်ကားရိုက်ပြီးတော့ ကိုယ်တိုင်တောင် ပြန်မကြည့်ရဲခဲ့ဘူး။ ကျွန်တော့်ကို ပေါကားတွေ ရိုက်ဖို့ လာမငှားပါနဲ့လို့ ပြောပြီး နားလိုက်တာ သုံးလေးနှစ်လောက် ကြာသွားတယ်။ အခုဆိုရင် ပေါကားရေစီးက ရပ်သွားပြီ။ ကျွန်တော်တို့ကျတော့ ကာရိုက်တာတစ်ခုကို ပီပြင်အောင်ပဲလုပ်ချင်တယ်။ မြန်မာနိုင်ငံမှာက ပိုက်ဆံရဖို့အတွက် ငါးပွက်ရာငါးစာချတဲ့သူတွေများတယ်။ သူတို့ကလည်း စီးပွားရေးသမားဆိုတော့ အပြစ်ပြောလို့တော့မရပါဘူး။ ဒါပေမဲ့ အကယ်ဒမီပေးပွဲမှာ အမေစုပြောခဲ့တဲ့စကား သိပ်ကြိုက်တယ်။ နိုင်ငံတစ်နိုင်ငံကို မြှင့်တင်ချင်ရင် ရုပ်ရှင်ကို အမျိုးသားရေးတစ်ရပ်လို့မြင်ပြီး ပူးပေါင်းပါဝင်ပေးကြပါလို့  ပြောခဲ့တာကို သိပ်ကြိုက်ပါတယ်။

Voice : ကိုယ်တိုင်လည်း ဈေးကွက်အခြေအနေအရ ရိုက်ခဲ့ရတဲ့ ဇာတ်ကားတွေရှိမှာပဲလေ။ အဲ့ဒီဇာတ်ကားတွေကို အခုချိန်မှာ ပြန်ကြည့်ပြီးတော့ရော ဘယ်လိုခံစားရလဲ။
NHL : ကျွန်တော်ကတော့ ပေါကားဆိုလို့ တစ်ကားပဲရိုက်ဖူးပါတယ်။ အဲ့ဒီလိုကားမျိုး ရိုက်ဖို့  လာမငှားပါနဲ့ လို့ ထုတ်လုပ်သူကိုပြောလိုက်တော့ ကျွန်တော့်ကို နောက်လာမငှားတော့ဘူး။ ကျွန်တော်က စကားပြောတာတော့ ပြတ်တယ်။ အရင်တုန်းကဆို ပေါကားတစ်ကား၊ နယ်ကြိုက်ကား၊ မြို့ကြိုက်ကား၊ အချစ်ကားဆိုပြီး ပုံစံမတူအောင် ရိုက်ပြတာကိုလက်ခံတယ်။ ဒီခေတ်မှာတော့ ထုတ်လုပ်သူတွေက ပိုက်ဆံရတဲ့ ရေစီးကြောင်း တစ်ခုနောက်ကိုပဲ လိုက်နေကြတယ်။ ပရိသတ်တွေ ပြောလွန်းလို့သာ ဇာတ်ကောင်အသားပေး၊ ဇာတ်လမ်းအသားပေးဇာတ်ကားတချို့ ပေါ်လာကြတယ်။ ကျွန်တော်ဆို အခြောက်ကားတစ်ကားရိုက်ပြီး ကိုယ့်ဟာကိုယ် ပြန်မကြည့်ရဲဘူး။ ယောကျာ်းပီပီသသ သရုပ်ဆောင်ရမယ်ဆိုရင် ကျွန်တော့်အနုပညာကြေးကိုလျှော့ပေးမယ်။ ကြမ်းကြမ်းသရုပ်ဆောင်ရမယ်ဆိုလည်းလာခဲ့ပါ။ စစ်ကားရိုက်ရမယ်ဆိုလည်း လာခဲ့ပါ။ ကျွန်တော် အပီပြင်ဆုံး ရိုက်ပြပါမယ်။

သန့်ဇင်ဦး