News

POST TYPE

INTERVIEW

ဟန်နာယူရီနဲ့ တွေ့ဆုံခြင်း
27-Jun-2018



“ညီမထင်တာကတော့ နောက်ရည်းစားမရသေးလို့ ရည်းစားဟောင်းအကြောင်းကို အစဖော်ပြီး ပြောနေကြတာဖြစ်မယ်”

ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားမှာ မိတ်ကပ်အထူးပြုလုပ်ချက်ပိုင်းကို တာဝန်ယူခဲ့တဲ့ မိတ်ကပ် ပညာရှင်ဟန်နာယူရီနဲ့ တွေ့ဆုံပြီး သရဲမိတ်ကပ် ဖန်တီးမှုအပိုင်းများ၊ ရိုက်ကွင်းအတွေ့ အကြုံများနဲ့  အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဝိညာဉ်စိမ်းရုပ်ရှင်မှာ မိတ်ကပ်အထူးပြုလုပ်ချက်ပိုင်းကို တာဝန်ယူဖြစ်ခဲ့ပုံကစပြီး ပြောပြပေးပါဦး။
HYY : ဝိညာဉ်စိမ်းရုပ်ရှင်ကတော့ ညီမနိုင်ငံခြားကနေ မိတ်ကပ်ပညာသင်ပြီး ပြန်လာတဲ့အချိန်မှာ ပထမဆုံး တာဝန်ယူပေးခဲ့ရတဲ့ ဇာတ်ကားပါ။ ဒီကားမှာပါဝင်ဖို့ ဒါရိုက်တာဦးဝင်းထွန်းထွန်းရဲ့သမီးလေးကနေတစ်ဆင့် ညီမတို့ကို ဆက်သွယ်လာတာပါ။ မိတ်ကပ်အထူးပြုလုပ်ချက်ပိုင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလားလို့ ကမ်းလှမ်းလာပါတယ်။ ညီမကလည်း ကိုယ်သင်ခဲ့ရတဲ့ ပညာရပ်ကို လက်တွေ့ ပြန်ပြီး အသုံးချချင်တာနဲ့ လက်ခံခဲ့တာပါ။

Voice : သရဲမိတ်ကပ် ဖန်တီးရတာနဲ့ ပုံမှန်မိတ်ကပ်ပြင်ပေးရတာက ဘယ်လိုကွာခြားမှုတွေရောရှိလဲ။
HYY : မိတ်ကပ်အထူးပြုလုပ်ချက်ပိုင်းကလည်း ညီမတို့ကျောင်းမှာ သင်ခဲ့ရတဲ့ ပညာရပ်တစ်ခုပါ။ မိတ်ကပ်အလှပြင်တာ အပြင်ပေါ့နော်။ ဝိညာဉ်စိမ်းရုပ်ရှင်မှာ သရဲမိတ်ကပ်ပိုင်းကို တာဝန်ယူပေးရတဲ့ အချိန်မှာ စိုးရိမ်မှုတွေလည်းရှိခဲ့ပါတယ်။ ညီမရဲ့ ပထမဆုံးအတွေ့အကြုံလည်း ဖြစ်နေတော့လေ။ ဒါပေမဲ့ ရိုက်ကွင်းပေါ်မှာတော့ အားလုံးက ညီမတို့ကို လက်တွဲခေါ်ပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။သရဲမိတ်ကပ်ကတော့ ကြည့်လိုက်တာနဲ့  လူတစ်ယောက်မှာ ကြောက်စိတ်ပေါ်လာအောင် ပြင်ပေးရတာပေါ့။

Voice : ဦးကျော်သူတို့ ဦးရန်အောင်တို့လို ဝါရင့်အနုပညာရှင်ကြီးတွေကို မိတ်ကပ်ပြင်ပေးခဲ့ရတဲ့အပေါ်မှာရော ဘယ်လိုခံစားမှုရှိလဲ။
HYY : ညီမ အရင်က ကြားဖူးတာတော့ အနုပညာလောကမှာ နာမည်ကြီးတဲ့သူတွေက ကြောက်ရတယ်၊ ချေတယ်လို့လည်း ပြောကြတယ်ပေါ့။ ဒါပေမဲ့ ညီမကိုယ်တိုင် ရိုက်ကွင်းပေါ်ကို ရောက်သွားတဲ့အချိန်မှာတော့ အနုပညာရှင်တွေအားလုံးက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြပါတယ်။ ကိုယ်ကတော့ အမှားတစ်ခုခုလုပ်မိမှာကြောက်တာပေါ့နော်။ ဦးကျော်သူတို့၊ ဦးရန်လေးတို့ဆိုလည်း အရမ်းဖော်ရွေတယ်။ တကယ့်ကို နွေးနွေးထွေးထွေး ဆက်ဆံကြပါတယ်။

Voice : တခြားမင်းသားတွေရဲ့ မိတ်ကပ်ပိုင်းကိုရော တာဝန်ယူပေးခဲ့ရသေးလား။
HYY : ဝိညာဉ်စိမ်းရုပ်ရှင်မှာ ဦးကျော်သူနဲ့ ဦးရန်လေးအတွက် သရဲမိတ်ကပ်အပြင် မင်းသားအငယ်တွေရဲ့ ခြေထောက်က ဒဏ်ရာတွေကိုလည်း မိတ်ကပ်နဲ့ လုပ်ပေးရတယ်။ သူတို့ ဘုန်းကြီးဝတ်တဲ့ အခန်းမှာဆိုလည်း အပေါ်ကအုပ်တဲ့ သားရေပြားတွေကို ညီမတို့ကိုယ်တိုင် လုပ်ပေးထားတယ်။ ညီမတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတော့ အကောင်းဆုံးလုပ်ပေးခဲ့တယ်။ ဒီဇာတ်ကားကို မကြာခင်ရုံတင်တော့မှာဆိုတော့ ပရိသတ်တွေဆီက ဝေဖန်အကြံပြုမှုတွေကိုလည်း ကြားချင်နေပါပြီ။

Voice : ညီမရဲ့ လက်ရှိအချစ်ရေးကရော အေးအေးဆေးဆေးပဲလား။ အရင်တုန်းက လူငယ်အဆိုတော်တစ်ယောက်နဲ့ အချစ်ဇာတ်လမ်းကို တချို့ပရိသတ်တွေက အစဖော်ပြီး ပြန်ပြောနေကြတဲ့အပေါ်ကိုရော ဘယ်လိုခံစားချက်ရှိလဲ။
HYY : ဒီအကြောင်းက တစ်နိုင်ငံလုံးက ပရိသတ်တွေလည်း သိပြီးသားပါ။ ညီမတို့နှစ်ယောက် ငယ်ငယ်လေးကတည်းက တွဲလာတာပဲလေ။ အကြောင်းမတိုက်ဆိုင်လို့သာ လမ်းခွဲခဲ့ကြတာပါ။ ညီမရင်ထဲမှာလည်း ဘာအမုန်းတရားမှ မရှိတော့ပါဘူး။ ပြီးခဲ့တာလည်း ပြီးခဲ့ပါပြီ။ ညီမထင်တာကတော့ နောက်ရည်းစားမရသေးလို့ ရည်းစားဟောင်းအကြောင်းကို အစဖော်ပြီး ပြောနေကြတာဖြစ်မယ်။ တချို့လူတွေကျတော့ မိန်းကလေးတစ် ယောက်ကို နှိမ်သလိုပုံစံမျိုးပြောတာကိုတော့ စိတ်မကောင်းဘူး။ 

Voice : ကိုယ်မေ့ထားချင်တဲ့ အကြောင်းအရာတစ်ခုကို ပြန်အစဖော်တဲ့သူတွေကိုရော ဘာပြောချင်လဲ။ နောက်ထပ် ချစ်သူသစ်ထားမယ်ဆိုရင်ရော ဘယ်လိုလူမျိုးကိုရွေးဖြစ်မလဲ။ 
HYY : ညီမအနေနဲ့ ကတော့ ဒီအကြောင်းကို ပြန်ပြောလာတဲ့သူတွေကို စိတ်တော့မဆိုးပါဘူး။ တကယ်လည်း မှန်နေတာပဲလေနော်။ ညီမအတွက်ကတော့ လက်ရှိမှာ အလုပ်ဘက်ကိုပဲပိုပြီးတော့ အာရုံစိုက်ထားတယ်။ ဒါပေမဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ချစ်သူရှိလာခဲ့မယ်ဆိုရင်တောင် ကိုယ့်အပေါ်နားလည်မှုအပြည့် ပေးနိုင်တဲ့သူမျိုးကိုပဲ ရွေးဖြစ်ပါမယ်။ လောလောဆယ်မှာတော့ ကိုယ့်ကို တကယ်နားလည်ပေးနိုင်တဲ့သူ မတွေ့သေးတဲ့အတွက် တစ်ယောက်တည်းနေရတာကို ပိုပျော်နေပါတယ်။

သန့်ဇင်ဦး